ဖမ်းဆီးခံထားရသည့် AFP ပါတီဝင် ဦးမောင်ကောင်း ပြန်လွတ်လာ၊ ဦးကျော်လွင်ကို ဆက်လက်ဖမ်းထားဆဲ

၎င်းတို့နှစ်ဦးကို အောက်တိုဘာလ ၄ ရက်နေ့က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးစဉ်ကလည်း မျက်နှာကိုဖုံးအုပ်ကာ ခေါ်ဆောင်ခံရခြင်းဖြစ်သည်။ မည်သူမည်ဝါက ဖမ်းဆီးသည်ကို လွတ်မြောက်လာသည့် ဦးမောင်ကောင်းကလည်း ထုတ်ပြောကြားခြင်း မရှိပေ။

07 Oct 2022

DMG ၊ အောက်တိုဘာ ၇

ဖမ်းဆီးခံထားရသည့် ရခိုင့်ဦးဆောင်ပါတီ(AFP)၏ အကြံပေးပုဂ္ဂိုလ် ဦးကျော်လွင်နှင့် ဗဟိုကော်မတီဝင် ဦးမောင်ကောင်းတို့နှစ်ဦးအနက် ဦးမောင်ကောင်းမှာ အောက်တိုဘာလ ၆ ရက်နေ့ ည ၁၁ နာရီခန့်တွင် ပြန်လည် လွတ်မြောက်လာသည်။

မည်သူမည်ဝါဟုမသိရှိရသော လူတစ်စုသည် အသက် ၇၀ အရွယ် ဦးမောင်ကောင်းအား မျက်နှာကို အဝတ်စဖြင့်ဖုံးအုပ်ပြီး နေအိမ်အနီးသို့ လာရောက်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် အသက် ၅၆ နှစ်အရွယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ဦးကျော်လွင်ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု မိသားစုဝင်များထံမှ သိရသည်။

“ဦးမောင်ကောင်းကို မနေ့က လူအိပ်ချိန်မှာ ပို့လာပါတယ်။ သူ့ကို မျက်နှာဖုံးအုပ်ပြီး အိမ်နားရောက်မှ ချသွားတယ်လို့ပြောတယ်။ ဦးကျော်လွင်ကတော့ မလွတ်လာသေးဘူး။ သူတို့နှစ်ဦးကို ဖမ်းဆီးသွားတာက အတူတူ။ ကားပေါ်က ဆင်းတဲ့အချိန်မှာတော့ တစ်ယောက်တစ်နေရာ ခွဲထားတယ်လို့ပြောတယ်”ဟု ဦးကျော်လွင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦးကို အောက်တိုဘာလ ၄ ရက်နေ့က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးစဉ်ကလည်း မျက်နှာကိုဖုံးအုပ်ကာ ခေါ်ဆောင်ခံရခြင်းဖြစ်သည်။ မည်သူမည်ဝါက ဖမ်းဆီးသည်ကို လွတ်မြောက်လာသည့် ဦးမောင်ကောင်းကလည်း ထုတ်ပြောကြားခြင်း မရှိပေ။ သို့သော် ဖမ်းဆီးသွားသည့်အဖွဲ့အစည်းမှာ ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များဖြစ်နိုင်ကြောင်း မိသားစုဝင်များနှင့် ဒေသခံများက ခန့်မှန်းကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းရာတွင် ယင်းကိစ္စကို မသိရသေးကြောင်း တုန့်ပြန်သည်။

ရခိုင့်ဦးဆောင်ပါတီ(AFP) ပါတီဝင် ဦးမောင်ကောင်းကို ပြန်လည်လွှတ်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် ဖမ်းဆီးထားသည့် အဖွဲ့အစည်းအနေဖြင့် ဦးကျော်လွင်ကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

“ဦးမောင်ကောင်းတော့ လွတ်လာပြီ။ အသက်အရွယ်ကြီးတဲ့ ဦးမောင်ကောင်းကို လွှတ်ပေးလို့ကျေးဇူးတင်တယ်။ ဘယ်အဖွဲ့ဆိုတာကိုတော့ ဦးမောင်ကောင်းက မပြောသေးဘူး။ ဖုန်းနဲ့ပြောတာဖြစ်လို့။ အသက်ရွယ်ကြီးတဲ့၊ ကျန်းမာရေးမကောင်းတဲ့ ပုဂ္ဂိုလ်ကို ကိုယ်ချင်းစာပြီး ဒီလို သူ့အိမ်အရောက် ပြန်ပို့ပေးတာကို ကျေးဇူးတင်တယ်။ နောက်ကိုကျော်လွင်ကို အမြန်ဆုံးလွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။ ဝေဖန်ခြင်း၊ ထောက်ပြခြင်းကို လက်ခံတဲ့ အဖွဲ့အစည်းဖြစ်စေချင်တယ်။ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်ပေါ့”ဟု သူကဆိုသည်။

ဦးကျော်လွင်သည် မောင်တောခရိုင်ပညာရေးမှူး အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ၎င်း၏လူမှုကွန်ရက်စာ မျက်နှာတွင် အငြင်းပွားဖွယ်ရာစာတစ်ပုဒ်ကို ရေးသားခဲ့ပြီးနောက် ထိုသို့ဖမ်းဆီးခံရခြင်းဖြစ်သည်။

ထိုစာတွင် “ဘုန်းကြီး၊ ရဟန်းနဲ့ ပညာရေးဌာန၊ ကျန်းမာရေး ဝန်ထမ်း တို့ကို ပစ်မှတ်ထား တိုက်ခတ်တာ မျိုးကျတော့ ကျနော် မည်သည့်အခါမျှ မထောက်ခံ -- ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး ပဋိပက္ခကြောင့်လား၊ ဖြစ်နိုင် ခြေတော့ နည်းတယ်။ ဗမာလူမျိုး ဆရာမကြီးမို့ပါ။ တစ်ခုတော့ ဆုတောင်းမိတယ်။ လူမျိုးရေးမုန်းတီးမှုကြောင့် သတ်တာမျိုးမဖြစ်စေနဲ့” စသဖြင့် ရေးသားခဲ့သည်။

မောင်တောခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်းမှာ မောင်တောမြို့၊ မောင်တောခရိုင်ပညာရေးမှူးရုံးဝင်းအတွင်းရှိ နှစ်ထပ်ဆောင်၌ အောက်တိုဘာလ ၂ ရက်နေ့တွင် ဓားထိုးခံရပြီး သေဆုံးသွားခြင်းဖြစ်သည်။ ထိုသို့ သတ်ဖြတ်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) လက်ချက်ဟု စစ်ကောင်စီက စွပ်စွဲထားသော်လည်း ယင်းအဖွဲ့များမှာ ပြည်နယ်တွင်း လှုပ်ရှားမှုကိုမတွေ့ရပေ။

ဗီဒီယိုများ