- မြောက်ဦးက အခြေခံလက်လုပ်လက်စားများ မိုင်းအန္တရာယ်ကြား အသက်ကိုရင်း၍ ဝမ်းစာရှာဖွေနေကြ
- ရခိုင် ရေဘေးသင့်ပြည်သူ ၁၂,၀၀၀ ကျော် အကူအညီများ လိုအပ်နေ
- "ဒုက္ခသည် ပြန်လည်နေရာချထားရေးအတွက် အားလုံးမှာ တာဝန်ရှိပါတယ်"
- လေကြောင်းအန္တရာယ်ကို ရှောင်တိမ်းဖို့ကြိုးစားနေတဲ့ မြေအောက်စာသင်ကျောင်း
- ရန်ကုန်ရောက် ရခိုင်များကို ပြည်ထောင်စုစိတ်၊ မျိုးချစ်စိတ်ရှိရန် ဦးဇော်အေးမောင် မှာကြား
အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ (ဇူလိုင် ၁၄ မှ ဇူလိုင် ၂၀ ရက်နေ့)
ရခိုင်အရေးနှင့် ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄ ရက်မှ ဇူလိုင် ၂၀ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားသတင်းများကို တင်ဆက်ပေးလိုက်သည်။
22 Jul 2025

ရခိုင်အရေးနှင့် ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄ ရက်မှ ဇူလိုင် ၂၀ ရက်နေ့အထိ တစ်ပတ်အတွင်း ထူးခြားသတင်းများကို တင်ဆက်ပေးလိုက်သည်။
■ စစ်တွေမှာ ငတ်မွတ်မှုဒဏ်မခံနိုင်၍ မိသားစုလိုက် အဆုံးစီရင်မှုရှိနေ
စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့က အခြေခံလက်လုပ်လက်စား ဒေသခံအချို့မှာ ငတ်မွတ်မှုဒဏ်ကိုမခံနိုင်၍ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုများ ရှိလာနေပါသည်။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က စစ်တွေမြို့၊ မင်းဂံရပ်ကွက် (၁၁) က မိသားစု ၅ ဦးမှာ ငတ်မွတ်မှုဒဏ်ကို မခံနိုင်တော့သဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။
ယင်းမိသားစုသည် ဆန်ပြုတ်သောက်နေရသည်မှာ ကြာပြီဖြစ်ပြီး ထိုနေ့က သားသမီးများ စားမည့် ဆန်ပြုတ်ထဲ မိဘများက အဆိပ်ခတ်လိုက်ကာ သားသမီးများဆုံးသွားပြီးနောက် ၎င်းတို့ လင်မယားနှစ်ဦး ကြိုးဆွဲချလိုက်ကြကြောင်း မင်းဂံရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးက DMG သို့ ပြောသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း စစ်တွေမြို့က ဒုက္ခသည်စခန်းတစ်ခုမှာ မွတ်ဆလင်မိသားစု ၅ ဦး ငတ်မွတ်မှုဒဏ်ကြောင့် အဆိပ်သောက် သေဆုံးသွားခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ DMG အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
စစ်တွေမှာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားဝတ်နေရေးကျပ်တည်းမှုကို ဆိုးရွားစွာကြုံတွေ့လာရသဖြင့် ယခုကဲ့သို့ အဆုံးစီရင်မှုအထိ ရှိလာနေခြင်းဖြစ်သည်။
■ ပေါက်တောက စစ်ရှောင်များ ထမင်းရည်သောက်နေကြ
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ) မြေငူကျွန်းမှာ ခိုလှုံနေသော စစ်ဘေးရှောင်များမှာ စားဝတ်နေရေးကျပ်တည်းမှုကြောင့် ပုံမှန်ထမင်းမစားနိုင်တော့၍ ထမင်းရည်ကိုသာ စားသောက်နေကြရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
မြေငူကျွန်းမှာ စစ်တွေမြို့နယ်က စစ်ဘေးရှောင် ၂,၀၀၀ ခန့် ခိုလှုံနေကြပြီး အကူအညီ မရရှိသည့်အပြင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ခံစားနေကြရခြင်းဖြစ်သည်။
ထို့ကြောင့် ထမင်းတစ်နပ်မှာ ဆန်ငါးဗူး (နို့ဆီဗူး ၅ လုံး) စားသည့် မိသားစုတစ်စုသည် နို့ဆီဗူးနှစ်လုံးသာ စားနိုင်တော့သဖြင့် ထိုဆန်နို့ဆီဗူးနှစ်လုံးကို ထမင်းရည်ခံယူကာ ရောစားနေကြရခြင်းဟု စစ်ဘေးရှောင်များက ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စ၍ မည်သည့်အထောက်အပံ့မျှမရရှိသည်မှာ ၆ လ ကျော်ရှိခဲ့ပြီ ဖြစ်ကြောင်း စစ်ဘေးရှောင်များက ဆိုသည်။
ယင်းကြောင့် စစ်ဘေးရှောင်များမှာ အချိန်ကြာမြင့်လာသည်နှင့်အမျှ ငတ်ပြတ်မှုဒဏ်ကို ကြုံရလာနိုင်၍ AA အနေဖြင့် တတ်နိုင်သမျှ စာနာမှုအကူအညီရရှိရေး ဆောင်ရွက်ပေးရန် တောင်းဆိုနေကြပါသည်။
■ အင်တာနက် သုံးခွင့်ဈေးနှုန်းကို AA က တပြေးညီသတ်မှတ်
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားသော မြို့နယ်များမှာ ဒေသခံများ အင်တာနက်သုံးစွဲခွင့် ဈေးနှုန်းကို ဇူလိုင်လ ၁၇ ရက်မှစ၍ တပြေးညီ သတ်မှတ်လိုက်သည်။
ULA/AA က အင်တာနက်သုံးစွဲခွင့်ပေးထားသော နေရာများမှာ ယခင်က တစ်နာရီလျှင် ငွေကျပ် ငါးထောင်နှင့် တစ်သောင်းထိ ဈေးနှုန်းအသီးသီးရှိသော်လည်း နေရာတစ်ခုနှင့် တစ်ခု ဈေးနှုန်းကွာဟမှုရှိသည်။
ယခု သတ်မှတ်ချက်အရ အင်တာနက်သုံးစွဲခွင့်ရသော နေရာများမှာ တစ်နာရီလျှင် ငွေကျပ် နှစ်ထောင်နှုန်းနှင့် ပြည်သူအားလုံး သုံးစွဲခွင့်ရမည်ဟု ULA/AA တာဝန်ရှိသူများ အသိပေးထားကြောင်း ဒေသခံများက ပြောသည်။
ဖုန်းလိုင်း၊ အင်တာနက်လိုင်းဖြတ်တောက်ခံထားရသော ရခိုင်ဒေသမှာ AA ထိန်းချုပ်မြို့နယ်၌ Starlink အင်တာနက်များ ဖွင့်ခွင့်ပေးထားပြီး ပြည်သူ့ဝန်ဆောင်မှုအနေဖြင့် ဒေသခံများကို အချိန် အကန့်အသတ်နှင့် ခွင့်ပြုထားသည်။
သို့သော် Starlink အင်တာနက်များ နေရာတိုင်းမှာမရှိဘဲ တစ်နေရာနှင့် တစ်နေရာ ခရီးဝေးသွားနေရသဖြင့် ပြည်သူများမှာ အင်တာနက်သုံးခွင့်ရရန် ငွေကုန်ကြေးကျ များနေကြရသည်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှ စ၍ ရခိုင်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်နေမှုကြောင့် ပြည်သူတွေ၏ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာမှုများစွာ ရှိနေသည်။
■ စစ်ကောင်စီကြောင့် စစ်တွေမှာ ကျေးရွာ ၁၆ ရွာထက်မနည်းပျက်စီးခဲ့ပြီ
စစ်ကောင်စီထိန်းချုပ်ထားသော ရခိုင်ပြည်၊ စစ်တွေမြို့အနီးက ဝါဘိုကျေးရွာ၊ သိန်းတန်၊ ရာတန်၊ တောကန်၊ ၊ ကံပြင်စသည် ကျေးရွာ ၁၆ ရွာထက်မနည်းမှာ စစ်ကောင်စီ၏ လက်ချက်ကြောင့် နေအိမ်အားလုံးနီးပါး ပျက်စီးဆုံးရှုံးသွားပြီဟု စုံစမ်းသိရှိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုကျေးရွာများရှိ နေအိမ်များကိုမီးရှို့မှု၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်မှုအပါအဝင် နေအိမ်ဖြိုဖျက်ရောင်းစားခံရမှု စသည့် နည်းမျိုးစုံဖြင့် ဖျက်ဆီးနေ၍ ပျက်စီးသွားခြင်းဟု ဒေသခံများက ပြောသည်။
လက်ရှိ ဒကစဌာနချုပ်ကို ကာကွယ်ရန်အတွက် စစ်ကောင်စီက ၄ ဧက ထက်မနည်း ကျယ်ဝန်းသော ခံတပ်စခန်းကြီးများကို ကံပြင်ရွာဟောင်းအနီးမှာ တစ်ခု၊ တောကန်ရွာအနီးမှာ တစ်ခု၊ ဒိုးတန်းကုန်းမှာ တစ်ခု ဆောက်လုပ်ထားကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် နာရီကန်နှင့် ရွာသစ်ကေကျေးရွာအနီးက စစ်တွေ(ဒကစ) ဌာနချုပ်အပါအဝင် ရွှေမင်းဂံ၊ ပါဒလိတ်အနီးက တပ်စခန်းများမှာလည်း ကတုတ်ကျင်းနှင့် ဘန်ကာများကို အရပ်သားများ၏ နေအိမ်က အိမ်တိုင်များနှင့် အခိုင်အမာတိုးမြှင့်ဆောက်လုပ်ထားကြောင်း သိရသည်။
စစ်တွေမြို့အနီးမှာ ကျေးရွာ ၃၀ လောက်ရှိပြီး စစ်ကောင်စီ၏ သတ်ဖြတ်မှု၊ ဖမ်းဆီးခံရမှု၊ နှင်ထုတ် ခံရမှုစသည်တို့ကြောင့် လက်ရှိမှာ မွတ်ဆလင်ကျေးရွာအချို့ကလွဲ၍ အခြားကျေးရွာများမှာ လူနေထိုင်မှုမရှိတော့ပြီဖြစ်သည်။
■ ရခိုင်က စစ်ဘေးရှောင်ကလေးအချို့ စာသင်ကြားခွင့်ဆုံးရှုံးနေ
ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် အမ်း၊ သံတွဲ၊ ဂွ စသည့်မြို့နယ်များမှ စစ်ဘေးတိမ်းရှောင်နေကြသော ကျောင်းသား/သူအချို့မှာ မိဘများ၏ ငွေကြေး အကျပ်အတည်းကြောင့် ယခုနှစ် ပညာဆက်လက်သင်ကြားခွင့်မရဘဲ ရှိနေကြသည်။
ရခိုင်စစ်ဘေးရှောင်များမှာ ကူညီကယ်ဆယ်ရေးမရရှိသည့်အပြင် အလုပ်အကိုင်ရှားပါးမှုတို့ကို ယခုနှစ်မှာ ပိုကြုံရပြီး နေ့စဉ်ဝင်ငွေမရှိသဖြင့် စားဝတ်နေရေးကျပ်တည်းမှုကို ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။
ထို့ကြောင့် ကျောင်းနေအရွယ် စစ်ဘေးရှောင်ကလေးများမှာ ကျောင်းဆက်မတက်နိုင်ဘဲ မိသားစုဝမ်းရေးအတွက် ကြုံရာကျပန်းလုပ်ကိုင်ပေးနေကြသလို အချို့မှာလည်း တောင်းရမ်းကာ တစ်ဖက်တစ်လှမ်းက ကူညီပေးနေကြပါသည်။
တစ်ဘက်မှာလည်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော၊ အမ်း၊ မြေပုံစသည့် မြို့နယ်များမှာ လူမှုကူညီရေးအဖွဲ့အစည်းများက အခမဲ့ ပညာသင်ကြားရေးစနစ်ကို အကောင်အထည်ဖော်နေကြသည်။
သို့သော် အခမဲ့ပညာသင်ကြားရေးစနစ်နှင့် လက်လှမ်းမမီသော ဒေသအချို့က စစ်ဘေးရှောင် ကျောင်းသား/သူများမှာ ပညာသင်ကြားခွင့်မရရှိကြပေ။
ယင်းကြောင့် ကျောင်းပြန်ပရောက်နေကြသည့် ကလေးငယ်များ ဆက်လက် ပညာသင်ကြားနိုင်ရန် အတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေခြင်းဖြစ်သည်။
■ နေရပ်ပြန်မြိုလူမျိုးများ လူမှုဘဝထူထောင်ရန် စိန်ခေါ်မှုများရှိနေကြ
တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသော ရခိုင်ပြည်အတွင်းက မြိုလူမျိုး များမှာ ယခုအခါ မိမိနေရပ်အသီးသီးသို့ ပြန်သွားကြပြီဖြစ်သော်လည်း လူမှုဘဝ ပြန်လည်ထူထောင်ရေးမှာ စိန်ခေါ်မှုများကြုံနေကြရကြောင်း သိရသည်။
မြိုလူမျိုးများမှာ ပျက်စီးသွားသော နေအိမ်များကို ပြန်လည်ဆောက်လုပ်ရန် ခက်ခဲနေသေးပြီး အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် စားဝတ်နေရေးပြဿနာနှင့် ရင်ဆိုင်နေကြရသည်။
ယင်းအပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်းမရှိသလို ပညာရေးပိုင်းမှာဆိုပါက ကလေးငယ်များမှာ မိခင်စာပေကိုပင် မသင်ကြားနိုင်ကြသေးကြောင်း သိရသည်။
ယခု နေရပ်ပြန်သွားကြသော မြိုလူမျိုးများမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ရခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေကြသူများဖြစ်ပြီး ရခိုင်မှာ အစောဆုံး စစ်ဘေးတိမ်းရှောင် ခဲ့ကြသူများလည်းဖြစ်ကြသည်။