စာနာမှု အကူညီများ တားဆီးခံရသဖြင့် ရခိုင်ပြည်မှ လူမျိုးစုအားလုံး ဒုက္ခရောက်နေကြောင်း ကုလ ပြော

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ရေးပဋိပက္ခများအကြား လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးပို့မှုများကို တားဆီးဟန့်တားမှုကြောင်း ရခိုင်ပြည်တွင်းနေထိုင်သည့် လူမျိုးစုအားလုံး ဒုက္ခရောက်နေသည်ဟု ကုလသမ္မဂ၏ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ၏ အကြီးအကဲက ပြောဆိုလိုက်သည်။

By Admin 10 Sep 2025

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်စစ်ဆေးမှု ယန္တရား(IIMM)၏ အကြီးအကဲဖြစ်သူ နီကိုလပ် ခွန်ဂျန်အား အစည်းအဝေးတစ်ခုတွင် တွေ့ရစဉ်။( ဓာတ်ပုံ- IIMM)
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်စစ်ဆေးမှု ယန္တရား(IIMM)၏ အကြီးအကဲဖြစ်သူ နီကိုလပ် ခွန်ဂျန်အား အစည်းအဝေးတစ်ခုတွင် တွေ့ရစဉ်။( ဓာတ်ပုံ- IIMM)

DMG ၊ စက်တင်ဘာ ၁၀

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ရေးပဋိပက္ခများအကြား လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးပို့မှုများကို တားဆီးဟန့်တားမှုကြောင်း ရခိုင်ပြည်တွင်းနေထိုင်သည့် လူမျိုးစုအားလုံး ဒုက္ခရောက်နေသည်ဟု ကုလသမ္မဂ၏ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ၏ အကြီးအကဲက ပြောဆိုလိုက်သည်။

စက်တင်ဘာလ ၈ ရက်က ပြုလုပ်ခဲ့သည့် လူအခွင့် အရေးကောင်စီ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

IIMM ၏ အကြီးအကဲဖြစ်သူ နီကိုလပ်ခွန်ဂျန်က " ရခိုင်ပြည်နယ်မှာ လေယာဉ်တွေ၊ ဒရုန်းနဲ့ အရပ်သားတွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုကြုံနေသူတွေထံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးပို့မှုများကို တားဆီးဟန့်တားတဲ့ သတင်းများကို ကျနော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။ ရခိုင်ပြည်နယ် ထဲက လူမျိုးစုအသိုင်း အဝိုင်းအားလုံးလည်း ဒုက္ခရောက်နေကြတယ်" ဟု ပြောသည်။

ယင်းအပြင် ရခိုင်ပြည်အတွင်းက မွတ်ဆလင် ဒုက္ခသည် ၁၅၀,၀၀၀ ခန့်မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးခဲ့ရပြီး မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော် နှစ်ဖွဲ့စလုံးက ပြစ်မှုကျူးလွန်ခဲ့သည်ဟုဆိုကာ အလွန်ကြီးလေးသည့် ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်းလည်း နီကိုလပ်ခွန်ဂျန်က ပြောသည်။

ရခိုင်ပြည်အတွင်း ဖြစ်ပျက်နေသည့် အခြေအနေများကို IIMM အနေဖြင့် ကုလ၏ လူအခွင့်အရေးကောင်စီထံ အစီရင်ခံစာတင်းသွင်းမှုပြုလုပ်ရာတွင် မွတ်ဆလင်များကို အသားပေးဖော်ပြထားခြင်းဖြစ်ပြီး ရခိုင်ပြည်အတွင်းက တခြား မျိုးနွယ်စုများ၏ အခက်အခဲတင်ပြမှု အားနည်းနေသည်ကို တွေ့ရကြောင်း ရခိုင်ဒေသခံများက ပြောသည်။

" IIMM ၏အကြီးအကဲပြောသွားတဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်အတွင်း မွတ်ဆလင်တွေကပဲ အဆိုးရွားဆုံး အခြေ အနေကို ရင်ဆိုင်နေရတယ်ဆိုပြီး အသားပေးပြောကြားသွားတာတွေ့ရတယ်။ ရခိုင်ပြည်ရဲ့ အခြေနေအရ မွတ် ဆ လင်မှ မဟုတ်ဘူး ရခိုင်နဲ့ မျိုးနွယ်စုတွေဆို စစ်ကောင်စီရဲ့ ပစ်မှတ်ထားခြင်းကို ပိုပြီးတောင်ခံနေကြရတယ်။ ဒီ အ ခြေအနေမှာ မွတ်ဆလင်တက်ကြွသူအချို့ရဲ့ ပြောကြားချက်တွေကိုသာယုံပြီး IIMM အနေနဲ့ ရခိုင်ပြည်တွင်း အ ခြေအနေတွေ ထုတ်ပြန်နေတာတွေကို သေချာစိစစ်ဖို့သင့်တယ်" ဟု ကျောက်တော် ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။

ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ်ကတည်းက စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့၏ နှစ်ဖက်တိုက်ပွဲများကြောင့် မြို့ နယ် ၁၇ ခုက ဒေသခံ ၆ သိန်းကျော် စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာ များ အရေးပေါ်လိုအပ်နေကြဆဲဖြစ်သည်။

အဆိုပါဒေသခံများထံ ကုလသမဂ္ဂနှင့် INGO/NGOထံကနေ လူသားချင်းစာနာမှု အကူအညီများပေးအပ်ရေးကိုလည်း စစ်ကောင်စီက တားဆီးမှုများရှိနေသဖြင့် စစ်ဘေးရှောင်များ ပိုပြီး ဒုက္ခရောက်ရကြောင်းလည်း လူမှုကူညီရေးအဖွဲ့များက ပြောဆိုကြသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီသည် နိုင်ငံတဝန်းက အရပ်သားနေထိုင်ရာ နေရာများကို နေ့စဉ်နဲ့အမျှ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ထိခိုက်နစ်နာခဲ့သူများက ပြောဆိုကြသည်။

ယင်းအပြင် ပြီးခဲ့သည် ဩဂုတ်လ ၂၅ ရက်က မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၁၅ ယောက်သေဆုံးပြီး ၁၇ ယောက် ဒဏ်ရာရရှိခဲ့သည်။

" နိုင်ငံပေါင်းစုံက စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူစေချင်တယ်။ လူတွေကို သတ်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေကြတော့မှာလား။ လူတွေကို သတ်တယ်။ အိမ်တွေကို မီးရှို့နေတဲ့အချိန်မှာ ကမ္ဘာ့ကုလ သမဂ္ဂကရော နိုင်ငံပေါင်းစုံက အရေးယူဖို့ တောင်းဆိုချင်တယ်" ဟု ဒိုင်းကျီရပ်ကွက်က ဦးစံသိန်းက ပြောသည်။

ရခိုင်ပြည်ရှိ မြို့သိမ်းတိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ စစ် ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံသူ ၉၂၆ ဦးအထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁, ၉၅၄ ဦးရှိခဲ့ ကြောင်း AA ၏ စာရင်းအရ သိရသည်။

လက်ရှိ ရခိုင်ပြည်တွင် မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော်က နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့ ၃ ခုကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ခြင်းဖြစ်သည်။

ထိုသို့ ဆုံးရှုံးနယ်မြေများကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများလည်း ရှိနေဆဲဖြစ်သည်။