- ကမ္ဘာ့စစ်ရာဇဝတ်မှုများ စစ်ဆေးရေးအသုံးစရိတ် ထရမ့်အစိုးရ အကြီးအကျယ် ဖြတ်တောက်ရန် လိုလား
- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
တော်လှန်ရေးတပ်များ လှုပ်ရှားစိုးမိုးမှုအောက်က မြန်မာအရှေ့တောင်ပိုင်းဒေသ
အရှေ့တောင်ပိုင်းဒေသတွင် လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားစိုးမိုးမှုအားကောင်းလာခြင်းသည် စစ်ကောင်စီအတွက် နယ်မြေထိန်းချုပ်မှုပိုင်းတွင် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာကြောင်း စစ်ရေး၊ နိုင်ငံရေး အကဲခတ်သူတို့က ရှုမြင်ကြသည်။
16 Jun 2025

DMG ၊ ဇွန် ၁၆
၂၀၂၄ ခုနှစ်ကုန်ပိုင်းတွင် KNU နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်များနှင့်အတူ မြန်မာနိုင်ငံ အရှေ့ တောင်ပိုင်းဒေသ ကရင်၊ ကယား၊ မွန်၊ တနင်္သာရီတို့တွင် တိုက်ပွဲများပြင်းထန်နေသည်မှာ ယနေ့ အထိပင်ဖြစ်သည်။
ထိုဒေသတွင် တော်လှန်ရေးအင်အားစုများကြား ပူးပေါင်းစစ်ရေးလှုပ်ရှားမှု အားကောင်းလာကာ စိုးမိုးထိန်းချုပ်နယ်မြေလည်း ကျယ်ပြန့်လာသည်ကို တွေ့နေရသည်။
ကရင်နီဒေသအတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များအနက် KA၊ KNDF ပူးပေါင်းတပ်များက နယ်မြေအများဆုံးကို စိုးမိုးထိန်းချုပ်ထားပြီး KNLP၊ KNDPD၊ KNPLF၊ KNSO တပ်ဖွဲ့များကလည်း ထိန်းချုပ်နယ်မြေများ အသီးသီးရှိနေကြောင်း ISP - Myanmar အစီရင်ခံစာက ဖော်ပြသည်။
ISP - Myanmar ၏ သုတေသနပြုချက်အရ မြန်မာအရှေ့တောင်ပိုင်းဒေသတွင် KNU အပါအဝင် EAOs ခုနှစ်ဖွဲ့နှင့် PDFs တပ်ဖွဲ့ပေါင်း ၈၅ ဖွဲ့ထက်မနည်းရှိနေကြောင်း သိရသည်။
အရှေ့တောင်ပိုင်းဒေသတွင် လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားစိုးမိုးမှုအားကောင်းလာခြင်းသည် စစ်ကောင်စီအတွက် နယ်မြေထိန်းချုပ်မှုပိုင်းတွင် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာကြောင်း စစ်ရေး၊ နိုင်ငံရေး အကဲခတ်သူတို့က ရှုမြင်ကြသည်။
"ဒေါနအရှေ့ခြမ်း ငြိမ်းချမ်းလွတ်မြောက်သွားပြီဆိုရင် အဲဒီတောင်မှာရှိနေတဲ့ အောင်ဇေယျစစ်ကြောင်းကို ချေမှုန်းရမယ်။ အဲဒါပြီးရင် အနောက်ဘက်ခြမ်းက ဘားအံထဲကို KNU က ဆင်းလာလိမ့်မယ်။ ဘားအံဒေသကို စိုးမိုးအုပ်ချုပ်တဲ့ အောင်မြင်မှုတွေ လုပ်လာနိုင်တယ်။ ဘားအံဆိုတာက မြစ်ဝကျွန်းပေါ်ရဲ့ အရှေ့ဘက်ခြမ်းပေါ့။ မြစ်ဝကျွန်းပေါ်ရဲ့ အနောက်ဘက်ခြမ်းမှာလည်း အေအေနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီး လှုပ်ရှားနေတယ်" ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
ဆက်လက်၍ ဦးသန်းစိုးနိုင်က "နောက်တစ်ခုက KNU မှာလည်း စစ်တောင်းမြစ်ဝ အနောက်ဘက်ခြမ်းကနေ အရှေ့ဘက်ခြမ်းကို ကူးပြီးတော့ မုန်းမြို့ဒေသကနေ နေပြည်တော် ဒါမှမဟုတ် အရေးကြီးတဲ့ စစ်လမ်းကြောင်း၊ အဓိက ရန်ကုန်-မန္တလေး ဆက်သွယ်ရေး မီးရထားကားလမ်း ရှိနေတဲ့ ပဲခူးရိုးမ အရှေ့ခြမ်းမှာ လှုပ်ရှားရလိမ့်မယ်။ အဲဒီရိုးမပေါ်ကို တက်ပြီးတော့ ရိုးမရဲ့ အနောက်ခြမ်းမှာ ရှိနေတဲ့ အင်အားစုတွေနဲ့ ပေါင်းစပ်မိရင် နေပြည်တော်ကို ဝိုင်းပတ်ထိုးစစ်ဆင်ဖို့ အခြေနေကောင်း တစ်ရပ်ကို ရရှိလိမ့်မယ်" ဟု ဆိုသည်။
လက်ရှိ ထိုင်း - မြန်မာနယ်စပ်တကြောတွင် စစ်ကောင်စီ၏ အခိုင်အမာတပ်စခန်းများကို KNU နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေပြီး တိုက်ပွဲများမှာလည်း ဆက်လက်ပြင်းထန်နေသည်။
ပြီးခဲ့သည့် မတ်လစတင်ကာ ဇွန်လ ဒုတိယအပတ်အထိ စစ်ကောင်စီတပ်အတွက် အရေးပါသော ထိုင်း - မြန်မာနယ်စပ်မှ စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို KNUနှင့် ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ထားသည်။
"ဒီနေရာနဲ့ ချိတ်ဆက်နေတဲ့ ထိုင်းနယ်စပ်တကြောက တော်လှန်ရေးအင်အားစုတွေအတွက် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းကလွဲရင် ကောင်းကောင်း စိုးမိုးထိန်းချုပ်နိုင်တယ်။ ကျက်စား နိုင်တယ်၊ တိုက်ပွဲဖော်နိုင်တဲ့ အနေအထား ဖြစ်နေပြီလို့ ဆိုရမယ်" ဟု CDM ဗိုလ်ကြီး ဇင်ယော်က DMG သို့ ပြောသည်။
တော်လှန်ရေးတပ်များအနေဖြင့် ထိုဒေသက စစ်ကောင်စီတပ်စခန်းများကို ဆက်လက်သိမ်းပိုက်နိုင်မည်ဆိုပါက ထိုင်း - မြန်မာနယ်စပ်ရှိ ဒေါနတောင်တန်း၏ တစ်စိပ်တစ်ဒေသကို စိုးမိုးထားနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားပြီဟု လေ့လာသုံးများက သုံးသပ်ကြသည်။
မြန်မာအရှေ့တောင်ပိုင်းဒေသတွင် တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားစိုးမိုးမှု အားကောင်း လာခြင်းမှာ စစ်ရေး၊ စီးပွားရေးအရ များစွာအားသာချက်ရှိနေသည်။
တော်လှန်ရေးအင်အားစုများအနေဖြင့် ကိုယ့်နည်းကိုယ့်ဟန်နှင့် စစ်ကောင်စီကို တိုက်ခိုက်နေခြင်းထက် စုပေါင်းတိုက်ခိုက်မှုက ရည်မှန်းချက်ပန်းတိုင်သို့ စောလျင်စွာ ရောက်ရှိလာနိုင်ကြောင်း စစ်ရေး၊ နိုင်ငံရေး လေ့လာသူများက ထောက်ပြနေကြသည်။
"တော်လှန်ရေးအင်အားစုတွေရဲ့ ညီညွတ်မှု စည်းရုံးမှု၊ အမြင်ကျယ်မှု၊ နိုင်ငံရေး ပါးနပ်မှုတွေက အဆုံးအဖြတ်ပေးပြီးတော့ ဒီနိုင်ငံက စစ်အာဏာရှင်က တစ်နေ့ မဟုတ် တစ်နေ့ ကျဆုံးသွားလိမ့်မယ်လို့ ယူဆပါတယ်" ဟု ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။
နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ စစ်ရေးလှုပ်ရှားမှုကို လေ့လာကြည့်ပါက ပူးပေါင်းမှု အားကောင်းလာပြီး အထူးသဖြင့် နယ်စပ်ဒေသများကို အဓိက ဦးတည်လာသည်ကို တွေ့မြင်ရသည်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းမြောက်က နယ်စပ်ဒေသများကို လက်လွှတ်နေရသော စစ်ကောင်စီအတွက် စစ်ရေးအရသာမက စီးပွားရေးအရပါ ကြီးမားသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရသည်။
နယ်စပ်ဒေသများတွင် တော်လှန်ရေးအင်အားစုများ ကောင်းစွာလှုပ်ရှားစိုးမိုးခြင်းလာခြင်းနှင့်အတူ စစ်ရေးမျှားဦး မည်သည့်ဒေသသို့ ဦးတည်လာမည်ဆိုသည်က စောင့်ကြည့်ကြရမည့် အခြေအနေတွင် ရှိနေသည်။