- မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး
- ဆေးဝါးတင်သွင်းခွင့် ကန့်သတ်ချက်ကြောင့် စစ်တွေတွင် ဆေးဝါးပြတ်လပ်လာ
- ကမ္ဘာ့စစ်ရာဇဝတ်မှုများ စစ်ဆေးရေးအသုံးစရိတ် ထရမ့်အစိုးရ အကြီးအကျယ် ဖြတ်တောက်ရန် လိုလား
- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
နောင်ချိုက ထိန်းချုပ်နယ်မြေအချို့ TNLA ထပ်မံ လက်လွှတ်နေရ
တအာင်းတပ် (TNLA) ထိန်းချုပ်ရာ နောင်ချိုမြို့ကို ပြန်ရရေး စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ ယခုရက်ပိုင်းအတွင်း TNLA ထိန်းချုပ်နယ်မြေအချို့ကို ထပ်မံလက်လွှတ်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
23 Jun 2025

DMG ၊ ဇွန် ၂၃
တအာင်းတပ် (TNLA) ထိန်းချုပ်ရာ နောင်ချိုမြို့ကို ပြန်ရရေး စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ ယခုရက်ပိုင်းအတွင်း TNLA ထိန်းချုပ်နယ်မြေအချို့ကို ထပ်မံလက်လွှတ်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ဇွန်လ ၂၁ ရက်က နောင်ချို့မြို့နယ်၊ ကံကြီးရွာကို စစ်ကောင်စီက သိမ်းပိုက်ခဲ့သည့်အပြင် ပွိုင့် ၁၂၆၉ တပ်စခန်းကိုလည်း စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
"ကံကြီးကို မြေပြင်အင်အား အလွန်အကျွံသုံးပြီးတိုက်တော့ TNLA ဘက်က နောက်ဆုတ်ပေးလိုက်ရတယ်။ အဲဒါက ၂၁ ရက်နေ့က၊ အဲနေ့မှာပဲ တစ်ဆက်တည်း စခန်းကုန်းကိုပါ ပေးလိုက်ရတယ်။ မနေ့ကနဲ့ ဒီနေ့ကတော့ စစ်ကောင်စီက ပြင်းပြင်းထန်ထန် ဆက်တိုက်ထိုးစစ်ဆင်နေပါတယ်" ဟု ၎င်းကပြောသည်။
စစ်ကောင်စီထိုးစစ်မှာ ယခုအခါ နောင်ချိုမြို့နှင့် ၆ မိုင်ခန့်အကွာသို့ ရောက်ရှိလာနေကြောင်း သိရသည်။
လက်ရှိ လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊ အုမ္မသီးကျေးရွာနှင့် ဆမ္မဆယ်ကျေးရွာတွင်တို့ တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နောင်လင်၊ ရွှေပြည်ညွှန့်ကျေးရွာတို့တွင် TNLA က ခံစစ်ဖြင့်ခုခံရန်အတွက် အင်အားဖြည့်တင်းထားကြောင်း စစ်ရေးသတင်းရင်းများထံမှ သိရသည်။
စစ်ကောင်စီက နောင်ချိုကို ပြန်ရရေးအတွက် စစ်ကြောင်းနှစ်ကြောင်းဖြင့် မြေပြင်ထိုးစစ်ဆင်နေသည့်အပြင် ဝေဟကလည်း ဂျက်တိုက်လေယာဉ်၊ ဒရုန်းများနှင့်ပါ ပစ်ကူပေးလျက်ရှိသည်။
နောင်ချိုဒေသသည် ရှမ်းမြောက်နှင့် ရှမ်းတောင်ဒေသအတွက် တံခါးပေါက်ဖြစ်သဖြင့် စစ်ရေး၊ စီးပွားရေး ဗျူဟာအရ အလွန်အရေးပါသည်။
"စစ်ကောင်စီ စစ်ကြောင်းအင်အားက အုမ္မသီးဘက်ရော၊ ပြင်ဦးလွင်ဘက်ကရောဆိုရင် နှစ်ထောင်လောက်ထိ သုံးထားတယ်လို့ သိရပါတယ်။ TNLA ဘက်ကလည်း ခံစစ်ကို အင်အားတိုး ပြင်နေတယ်လို့ သိရပါတယ်။ နောင်ချိုမြို့ထဲ ရောက်သွားရင်တောင် TNLA နဲ့ ပူးပေါင်းတပ်ရဲ့ တန်ပြန်တိုက်စစ်ကြောင့် ချက်ချင်းပြန်လှန်ကြမယ့်သဘောမျိုးလို့ တွေ့ရပါတယ်" ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ကူမင်းဆွေးနွေးပွဲရလဒ်မထွက်ဘဲ ပြီးဆုံးခဲ့ပြီးနောက် နောင်ချိုကို စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။
ညီနောင်သုံးဖွဲ့က ငလျင်နောက်ဆက်တွဲ လူသားချင်းစာနာမှုလုပ်ငန်းများအတွက် အပစ်ရပ်စဲရေးကို သက်တမ်းတိုးမြှင့်ထားခြင်းကို စစ်ကောင်စီက အခွင့်ကောင်းယူနေကြောင်း တအာင်းတပ်(TNLA)က ပြောဆိုထားသည်။