သံတွဲမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ အသက် ၁၆ အရွယ်လူငယ်တစ်ဦးသေဆုံး

သံတွဲမြို့နယ်၊ကညှင်ကွင်းအုပ်စု၊ ခြံကျေးရွာမှ အသက် (၁၆)နှစ်အရွယ်လူငယ်တစ်ဦးမှာ ယမန်နေ့ (နိုဝင်ဘာလ ၂၈ ရက်)၊ညနေ ၃ နာရီခန့်က မိုးကြိုးပစ်ခံရ၍ သေဆုံးသွားကြောင်း မိသားစုဝင်များထံက သိရသည်။

By Admin 29 Nov 2022

သံတွဲမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ အသက် ၁၆ အရွယ်လူငယ်တစ်ဦးသေဆုံး

DMG | နိုဝင်ဘာ၂၉

သံတွဲမြို့နယ်၊ကညှင်ကွင်းအုပ်စု၊ ခြံကျေးရွာမှ အသက် (၁၆)နှစ်အရွယ်လူငယ်တစ်ဦးမှာ ယမန်နေ့ (နိုဝင်ဘာလ ၂၈ ရက်)၊ညနေ ၃ နာရီခန့်က မိုးကြိုးပစ်ခံရ၍ သေဆုံးသွားကြောင်း မိသားစုဝင်များထံက သိရသည်။

သေဆုံးသူမှာ မောင်ဖိုးသား(ခ)ဖိုးချစ်ဆိုသူဖြစ်ပြီး မိဘနှစ်ဦးနှင့်အတူ လယ်ကွင်းပြင်တွင် စပါးရိတ်သိမ်းနေစဉ် မိုးကြိုးထိမှန်သေဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင် မနုနုအေးက ပြောသည်။

“မိုးကြိုးပစ်ခံရတာတော့ ညနေ (၃)နာရီလောက်မှာဖြစ်တယ်။ ကလေးက မိဘတွေနဲ့ အတူ လယ်ကွင်းမှာ စပါး ရိတ်ဖို့ လိုက်သွားတာ ။အဲဒီမှာရောက်လို့ အလုပ်လုပ်နေတုန်း မှာ မိုးကြိုးပစ်တဲ့အခါ ထွက်ပြေးသွားတယ်။ မိဘတွေကတော့ ငါ့သားမိုးကြိုးပစ်တာကို ကြောက်လို့ ဝပ်နေတယ်ထင်ပြီး သွားကြည့်တဲ့အခါ ကလေးက အသက်မရှိတော့ဘူး"ဟုသူကဆိုသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့က ထုတ်ပြန်ချက်အရ အချိန်အခါမဟုတ် မိုးရွာနိုင် ကြောင်း သတိပေးထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်အနှံ့တွင်လည်း မိုးရွာသွန်းမှုရှိခဲ့သည်။အချိန်အခါမဟုတ် မိုးရွာခြင်း နှင့်အတူ မိုးထစ်ချုန်းခြင်း၊မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင် ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယခုနှစ်တွင် အပူများသောကြောင့် ယခင်နှစ်များထက် မိုးကြိုးအကြိမ်ရေများစွာ ပစ်မည်ဖြစ်ကာ မိုးကြိုး အန္တရာယ်ပိုများကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ရေးမှူး ဦးလှထွန်းက DMGသို့ ဇွန်လ ၁၃ ရက်နေ့တွင် ပြောထားသည်။

“မိုးကြိုးအန္တရာယ်ကတော့ မိုးကြိုကာလမှာ မဟုတ်ပါဘူး။ နွေ၊မိုး၊ ဆောင်းတွေမှာလည်းဖြစ်တတ်တဲ့ သဘော ရှိတယ်ဆိုတော့။ မိုးကြိုးအန္တရာယ်ဘယ်လောက်ထိရှိလဲဆိုတာ အရင်ထက်စာရင်တော့ ပိုများနိုင်တာပေါ့။ ပမာဏနဲ့ အကြိမ်အရေအတွက်တော့ပြောလို့မရဘူးပေါ့လေ။ပစ်မယ့် အကြိမ်အရေအတွက် ကတော့ အရင်နှစ်တွေထက်များနိုင်ပါမယ်။ဘာကြောင့်လဲဆိုတော့ အရင်နှစ်တွေထက် ဒီနှစ်အပူများလို့။မိုးကြိုးတွေက အပူများရင် ပိုဖြစ်ထွန်းတယ်လေ”ဟု သူကပြောသည်။

ရခိုင်ပြည်တွင် မိုးကြိုးပစ်ခတ်မှုကြောင့် ပြည်သူများ အသက်သေဆုံးမှုရှိနေသည်။ပြီးခဲ့သည့် မေလ ၃ ရက်နေ့က အမ်းမြို့နယ်မှ အမျိုးသမီးတစ်ဦး မိုးကြိုးထိမှန်သေဆုံးသွားသကဲ့သို့ ဇွန်လ ၂ ရက်နေ့ကလည်း ရသေ့တောင်မြို့ နယ်၊အငူမော်ကျေးရွာ အမျိုးသမီးတစ်ဦး၊ဇွန်လ ၁၃ ရက်က ပေါက်တောမြို့နယ်၊ရီပဒေရွာမှ အမျိုးသားတစ်ဦး၊ ဇူလိုင်လ ၁၉ ရက်က မောင်တောမြို့နယ်၊ဥဒေါင်းကျေးရွာမှ အမျိုးသမီးတစ်ဦးတို့ မိုးကြိုးထိမှန်သေဆုံးသွား သည်။