ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ

ပြီးခဲ့သည့် မေ ၁၃ နှင့် ၁၄ ရက်အတွင်း ရခိုင်တွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် ဒေသခံ ၁၅ ဦး သေဆုံးပြီး ၃၀ ဦးခန့် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

By Admin 15 May 2025

၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်က ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာကို လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်က ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာကို လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

DMG ၊ မေ ၁၅

ပြီးခဲ့သည့် မေ ၁၃ နှင့် ၁၄ ရက်အတွင်း ရခိုင်တွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် ဒေသခံ ၁၅ ဦး သေဆုံးပြီး ၃၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာနှင့် ကျောက်တော်မြို့တို့အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သားအစုလိုက် အပြုံလိုက်သေဆုံးခဲ့သဖြင့် ယင်းလုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်သည်။

" အခုလို အေးချမ်းနေတဲ့ နေရာက အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဦးတည်တိုက်ခိုက်လာခြင်းဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အလွန်သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်တယ်" ဟု အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

ထို့အတူ ငလျင်ဒဏ်သင့် ပြည်သူများအား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ထိရောက်စွာပေး နိုင်ရန်အတွက် တစ်ဖက်သတ်အပစ်ရပ်ကာ မေလ ၃၁ ရက်အထိ တိုးမြှင့်ထားချိန်ကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက ပြည်သူများအား တိုက်ခိုက်နေမှုများကို ပြင်းထန်စွာရှုတ်ချသည်ဟု AA က ပြောထားသည်။

မေလ ၁၃ ရက်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွန်းရဝေကျေးရွာသား ၁၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၃ ဦး ရှိကာ နေအိမ်အဆောက်အဦး ၃၁ ဆောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထွန်းရဝေဖြစ်စဉ် သေဆုံးသွားသူများတွင် ကလေးငယ်နှစ်ဦး အပါဝင် အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၂ ဦးတို့ ဖြစ်ပြီး ဒဏ်ရာသူများထဲတွင် ကလေးငယ် ၉ ဦး ပါဝင်ကာ ထိုအထဲတွင် အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား ၇ ဦး ပါဝင်သည်။

သေဆုံးသူ အမည်စာရင်းမှာ မဖူးမူချေ ( ၂နှစ်)၊ မနှင်းဟေမာန် (၁၀ နှစ်)၊ မောင်စိုးမျိုးလွင် (၁၉ နှစ်)၊ ဒေါ်မဘုချေ (၈၃ နှစ်)၊ ဦးကျော်သိန်းဦး (၄၅ နှစ်)၊ ဒေါ်ခိုင်ဝင်းနု (၄၀ နှစ်)၊ ဒေါ်နန္ဒာအေး (၂၇ နှစ်)၊ ဒေါ်ဦးဆန်းယဉ် (၄၅ နှစ်)၊ ဦးလှမောင်သန်း (၃၅ နှစ်)၊ ဒေါ်ခိုင်ဝင်းယီ(၄၀ နှစ်)၊ ဒေါ်မဖြူ(၅၄ နှစ်)နှင့် ဒေါ်ဘုစိန် (၃၆ နှစ်) တို့ဖြစ်ကြသည်။

ထိုသို့ ထိခိုက်သေဆုံးသူများအထဲတွင် စစ်တွေမြို့က စစ်ဘေးရှောင်နေသူ ၄ ဦး ပါဝင်ပြီး ထွန်းရဝေရွာဟောင်းက ၃၀ ဦးနှင့် ရသေ့တောင်မြို့က တစ်ဦး ပါဝင်သည်။

အလားတူ ယမန်နေ့ (မေ ၁၄)၊ ညနေပိုင်းကလည်း ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင် ၃ ဦး သေဆုံးပြီး၊ ၅ ဦးဒဏ်ရာရှိခဲ့ကာ နေအိမ် ၉ လုံး ပျက်စီးခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့သည့် မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရပြီး၊ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ဆက်တိုက် ကျူးလွန်နေသော စစ်ကောင်စီ၏ လုပ်ရပ်ကို မှတ်တမ်းတင်ထားသည်ဟုလည်း AA က ထုတ်ပြန်ထားသည်။

ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာသားတစ်ဦးက " စစ်ကောင်စီက ဒီလိုအကြမ်းဖက် လုပ်ရပ်တွေကို နိုင်ငံတကာကနေပြီး တတ်နိုင်တဲ့ဘက်က ဖိအားပေးစေချင်တယ်။ ပြည်သူတွေနေထိုင်တဲ့ နေရာကို လေကြောင်း ဗုံးကြဲတာတွေမလုပ်ဖို့ ရပ်တန့်အောင် နိုင်ငံတကာက လုပ်ပေးစေချင်ပါတယ်။ စက်သုံးဆီ၊ လေယာဉ်ဆီတွေ၊ လက်နက်ရောင်းချမှု သက်ဆိုင်ရာ နိုင်ငံတကာက ရပ်တန့်အောင်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်" ဟု တောင်းဆိုသည်။

ယင်းအပြင် ထွန်းရဝေကျေးရွာက ဆေးကုသခံနေသူများထဲတွင်လည်း အကူညီများ လိုအပ်နေပြီး လူနေအိမ်များ၊ ပစ္စည်းဉစ္စာများလည်း အားလုံးဆုံးရှုံးသွားသဖြင့် လက်ရှိတွင် အခက်အခဲများစွာ ဖြစ်နေကြောင်း အထက်ပါ ထွန်းရဝေကျေးရွာသားက ဆိုသည်။

လက်ရှိ အာရက္ခတပ်တော်သည် ဧပြီလ မှစ၍ မေလ ၃၁ ရက် အထိ ၂ လကြာ တစ်ဖက်သတ် အပစ်ခတ်ရပ်စဲထားပြီး ထိုးစစ်ဆင်မှုများကို ရပ်စဲထားချိန်တွင် စစ်ကောင်စီက ဆက်တိုက်ဆိုသလို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။