ရွေးကောက်ပွဲအတွက် ရခိုင်ကမြို့နယ်အချို့တွင် လူဦးရေစာရင်း စတင်ကောက်ယူ

ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ရန် ပြည်နယ်စစ်ကောင်စီအနေဖြင့် စာရင်းကောက်ယူမည့် အဖွဲ့ပေါင်း ၁,၂၉၀ နှင့် အဖွဲ့ဝင်ပေါင်း ၆,၉၄၀ တို့အား စာရင်းကောက်သင်တန်းများပေးခဲ့ပြီး လက်ရှိတွင် ၎င်းအဖွဲ့တို့မှ မြေပြင်သို့ ကွင်းဆင်းကာ လူဦးရေစာရင်း ကောက်ယူနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

By Admin 10 Jan 2023

ရွေးကောက်ပွဲအတွက် ရခိုင်ကမြို့နယ်အချို့တွင် လူဦးရေစာရင်း စတင်ကောက်ယူ

ပြည်နယ်စစ်ကောင်စီက စစ်တွေမြို့တွင် လူဦးရေစာရင်း ကောက်ယူနေသည်ကို တွေ့ရစဉ်။ / ဓာတ်ပုံ - သိကြားစေချင် ငွေသဇင် (facebook)

DMG ၊ ဇန်နဝါရီ ၁၀
လာမည့် ရွေးကောက်ပွဲအတွက် ရခိုင်က မြို့နယ်အချို့တွင် စစ်ကောင်စီက လူဦးရေစာရင်းများ စတင်ကောက်ယူနေပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများထံက သိရသည်။

လူဦးရေစာရင်းကောက်ယူခြင်းကို ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ အမ်း စသည့် မြို့နယ်များတွင် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် သင်တန်းပေးထားသည့် အဖွဲ့များနှင့် ရပ်ကွက်၊ ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းကာ ကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

“လဝကက စာရင်းထုတ်ပေးလိုက်တယ်။ အဲဒီစာရင်းအရ မြေပြင်နဲ့ ကိုက်ညီမှုရှိ/မရှိကို စစ်ကြည့်တယ်။ လူပိုနေရင် လူပိုထည့်လိုက်တယ်။ လျော့နေရင်၊ ဆုံးသွားပြီဆိုရင် ဆုံးသွားပြီလို့ စာရင်းမှာ ပြန်ထည့်တယ်” ဟု စစ်တွေမြို့နယ် ကျေးတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းသာက DMG ကို ပြောသည်။

အဆိုပါ လူဦးရေစာရင်းကောက်ယူမှုကို ဘူးသီးတောင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စတင်ကောက်ခံနေခြင်းဖြစ်ပြီး လက်ရှိမြေပြင် လူဦးရေနှင့် အိမ်ထောင်စုစာရင်းများကို ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ဘူးသီးတောင်မြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူတစ်ဦးက “ဘူးသီးတောင်မှာက ၅ ရက်နေ့ကတည်းက စကောက်လိုက်ပြီ။ သူတို့မှာရှိတဲ့ လူဦးရေစာရင်းနဲ့ မြေပြင်မှာရှိတဲ့ လူဦးရေစာရင်း ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးတာပေါ့။ သူတို့မှာရှိတဲ့ အိမ်ထောင်စုတွေနဲ့ လက်ရှိ အဲဒီအိမ်ထောင်စုကလူတွေ ရှိ/မရှိကို ကြည့်တာ။ မရှိဘူးဆိုရင် ဘယ်ကိုသွားလဲ အဲဒီလိုမျိုး စစ်တာ” ဟု ပြောသည်။

အမ်းမြို့ပေါ်တွင်လည်း ဇန်နဝါရီ ၅ ရက်နေ့က စတင်ကောက်ယူနေခြင်းဖြစ်ပြီး ကျေးရွာများကိုမူ ဇန်နဝါရီ ၉ ရက်နေ့ကမှ စတင်ကောက်ယူနေခြင်းဖြစ်ကာ ဒေသခံအချို့မှာ စာရင်းကောက်ယူနေခြင်းအပေါ် စိုးရိမ်မှုများရှိနေကြောင်း အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။  

“အိမ်ထောင်စုစာရင်းကို စစ်တယ်။ မှတ်ပုံတင်လည်း ပါတာပေါ့။ တချို့မှာဆိုရင် ဖုန်းနံပါတ်တွေလည်း စစ်တယ်လို့ သိရတယ်။ အဲဒီတော့ လူတစ်ယောက်ရဲ့ အချက်အလက်တွေကို သူတို့ (စစ်ကောင်စီ) က အကုန်ယူတာဆိုတော့ ဒေသခံတွေအနေနဲ့ သူတို့ကို တစ်ခုခုများလုပ်လာမလား ဆိုတာကို စိုးရိမ်နေကြတာတွေလည်း ရှိတယ် ” ဟု ကိုမျိုးလွင်က ပြောသည်။

ထိုသို့ လူဦးရေစာရင်းကောက်ယူနေမှုအပေါ် ဒေသခံအချို့ စိုးရိမ်နေမှုကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းအား DMG မှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။

သို့သော်လည်း ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း၏ လူမှုကွန်ယက်ဖြစ်သည့် သိကြားစေချင်ငွေသဇင်တွင် ရခိုင်ပြည်၊ စစ်တွေမြို့၌ (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များက အိမ်ထောင်စုစာရင်းများကို မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင် စစ်ဆေး စာရင်းများကောက်ယူနေကြောင်း ယနေ့ (ဇန်နဝါရီ ၁၀ ရက်) တွင် ရေးသားထားသည်။

ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ရန် ပြည်နယ်စစ်ကောင်စီအနေဖြင့် စာရင်းကောက်ယူမည့် အဖွဲ့ပေါင်း ၁,၂၉၀ နှင့် အဖွဲ့ဝင်ပေါင်း ၆,၉၄၀ တို့အား စာရင်းကောက်သင်တန်းများပေးခဲ့ပြီး လက်ရှိတွင် ၎င်းအဖွဲ့တို့မှ မြေပြင်သို့ ကွင်းဆင်းကာ လူဦးရေစာရင်း ကောက်ယူနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲ,မသမာမှု ရှိသည်ဟုအကြောင်းပြကာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ စစ်အာဏာရှင်စနစ်ဖြင့် (၂) နှစ်ကြာ အုပ်ချုပ်ပြီးနောက် စစ်ကောင်စီသည် ယခု ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် အချိုးကျ ကိုယ်စားပြု PR စနစ်ဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် ကြိုးပမ်းလျက်ရှိနေသည်။ 

#R005

ဗီဒီယိုများ