- စစ်ကောင်စီလက်ချက်ကြောင့် စစ်တွေတွင် ကျေးရွာ ၁၆ ရွာထက်မနည်း ပျက်စီးနေ
- ရခိုင်တွင် စစ်ရှောင်ကျောင်းသားအချို့ ငွေကြေးမရှိ၍ ပညာမသင်နိုင်ကြ
- နယ်စပ် ဒုက္ခသည်စခန်းများမှ မြန်မာများကို ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့်ပေးရန် အရပ်ဘက်ကွန်ရက်တစ်ခု တောင်းဆို
- ထိုင်း - မြန်မာနယ်စပ် သုံးပုံတစ်ပုံကို KNU ထိန်းချုပ်ထား
- ၂ နှစ်ခန့် ရပ်ထားသော သံဖြူသတ္တု တင်ပို့မှု 'ဝ'အစိုးရ ပြန်စဖွယ်ရှိ
ထိုင်း - မြန်မာနယ်စပ် သုံးပုံတစ်ပုံကို KNU ထိန်းချုပ်ထား
"KNU အတွက် ရိက္ခာကအစ လက်နက်ခဲယမ်းအဆုံး အခြေခံကျတဲ့ ကုန်စည်တွေ သွင်းယူနိုင်ဖို့ လမ်းကြောင်းတွေ ပွင့်သွားတာလည်း ဖြစ်ပါတယ်။ KNU အနေနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းတွေနဲ့ စခန်းတွေကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့အထိ အားစိုက်လာနိုင်ခြေရှိပါတယ်" ဟု ISP - Myanmar က ဆိုသည်။
18 Jul 2025

DMG ၊ ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ ထိုင်း - မြန်မာနယ်စပ် သုံးပုံတစ်ပုံကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP - Myanmar) က ယနေ့ ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်သည်။
ထိုင်း - မြန်မာ နယ်နိမိတ်သည် ကီလိုမီတာပေါင်း ၂,၄၁၆ ရှည်လျားပြီး လက်ရှိတွင် KNU က ကီလိုမီတာ ၈၀၀ နီးပါးကို ထိန်းချုပ်ထားသည်။
ဇူလိုင် ၁၂ ရက်တွင် KNLA နှင့် ပူးပေါင်းတပ်များက နယ်စပ်မျဉ်းအနားရှိ ဥကရစ်ထစခန်းကို သိမ်းပိုက်ပြီးနောက် ထိုင်း - မြန်မာနယ်စပ်တစ်ခုလုံး၏ သုံးပုံတစ်ပုံကို ထိန်းချုပ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
"၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန် KNU ရဲ့ စစ်ဆင်ရေးအများစုဟာ ပြည်မဘက်ကို တိုးချဲ့ ထိန်းချုပ်နိုင်ဖို့ထက် မြန်မာ-ထိုင်းနယ်စပ်မျဥ်းဘက် ဆန့်ထုတ်ထိန်းချုပ်နိုင်ရေးကိုပဲ အလေးပေး ဦးတည်ခဲ့တာ တွေ့ရပါတယ်" ဟု ISP - Myanmar က သုံးသပ်သည်။
တော်လှန်ရေးတပ်ဖွဲ့များအတွက် နယ်စပ်ဒေသထိန်းချုပ်မှုမှာ နယ်မြေတည်ဆောက်နိုင်ရန်၊ အရင်းအမြစ်စုစည်းတည်ဆောက်နိုင်ရန်၊ ဒေသတွင်း နယ်စပ်ကုန်သွယ်စီးပွားရေးနှင့် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး အရေးပါမှုများကို မြှင့်တင်နိုင်ရန်စသည့် အခန်းကဏ္ဍသုံးရပ်လုံးအတွက် အခရာကျသည်။
ယင်းကြောင့် လက်နက်ကိုင်တော်လှန်ရေးတိုင်းသည် အထူးဖြင့် နယ်စပ်ဒေသများကို အခြေကုတ်ရယူနိုင်ရန်အတွက် အဓိက စစ်ဆင်ရေးများကို ဆင်နွှဲကြသည်။
KNU အနေဖြင့် နယ်စပ်မျဉ်းတစ်လျှောက် ယခုကဲ့သို့ ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာခြင်းမှာ နိုင်ငံရေး၊ နယ်မြေပိုင်ဆိုင်မှုနှင့် အုပ်ချုပ်ရေးအာဏာကို ချဲ့ထွင်လာနိုင်ခြင်းကြောင်းဟု ISP - Myanmar က ရှုမြင်သည်။
"KNU အတွက် ရိက္ခာကအစ လက်နက်ခဲယမ်းအဆုံး အခြေခံကျတဲ့ ကုန်စည်တွေ သွင်းယူနိုင်ဖို့ လမ်းကြောင်းတွေ ပွင့်သွားတာလည်း ဖြစ်ပါတယ်။ KNU အနေနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းတွေနဲ့ စခန်းတွေကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့အထိ အားစိုက်လာနိုင်ခြေရှိပါတယ်" ဟု ISP - Myanmar က ဆိုသည်။
ကရင်ပြည်နယ် ထိုင်း - မြန်မာနယ်စပ်တွင် စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၁၆ ခုရှိသည့်အနက် စခန်း ၁၅ ခုကို KNU က သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ကျန် တီသဲလယ်စခန်းကိုလည်း ပိတ်ဆို့ ဖြတ်တောက် တိုက်ခိုက်လျက်ရှိသည်။
မြဝတီမြို့နှင့် မိုင် ၃၀ ကွာ KNU သိမ်းပိုက်ခဲ့သည့် ဥကရစ်ထစခန်းနယ်မြေသည် ဒီမိုကရေစီအကျိုးပြု ကရင်မတော် (DKBA) စစ်ဌာနချုပ်နယ်မြေနှင့် တစ်ဆက်တည်းရှိပြီး လက်ရှိ KNU က ထိန်းချုပ်ခဲ့ပြီဖြစ်၍ DKBA နယ်မြေကျဉ်းမြောင်းသွားခဲ့ပြီလည်း ဖြစ်သည်။
လက်ရှိ KNU ၏ စစ်ရေးဖော်ဆောင်မှုများသည် ထိုင်းနယ်စပ်ကို စစ်ကောင်စီ ကင်းစင် နယ်မြေအဖြစ် တိုက်ခိုက်လာသဖြင့် မြဝတီနှင့် ထိုင်းနယ်စပ် တစ်လျှောက်ကို စိုးမိုးနိုင်တော့မည် အခြေအနေတွင် ရှိနေသည်ဟု စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက ဆိုသည်။
" KNU အနေနဲ့ ဒုတိယအကြိမ် တကျော့ပြန်လာတဲ့ ဒီတိုက်ပွဲတွေဟာ အောင်မြင်မှုလည်း အများအပြား ရှိနေတယ်။ ဒီတစ်ချီမှာ သူ့တို့ရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ပြီး ကော်သူးလေကို ထူထောင်နေတာလည်း မြင်ရပါတယ်" ဟု ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းမှုအလွန် လေးနှစ်ကျော်ကာလအတွင်း ကရင်ပြည်၏ နယ်မြေ ၆၁ ရာခိုင်နှုန်း KNU က ထိန်းချုပ်ထားနိုင်ပြီဖြစ်သည့်အပြင် တနင်္သာရီနှင့် ပဲခူးတိုင်းရှိ နယ်မြေအချို့ကိုလည်း ထိန်းချုပ်ထားကြောင်း ISP - Myanmar ၏ အစီရင်ခံစာက ဖော်ပြသည်။