ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပေဒေကို ကြေညာပြီးနောက် စစ်မှုထမ်း အမှတ်စဉ်တစ်ခုလျင် လူဦးရေ ၅,၀၀၀ နှုန်းဖြင့် ၂၀၂၄ မေလမှ စ၍ ၂၀၂၅ ဇူလိုင်လ ၃ ရက်အထိ အမှတ်စဉ် ၁၄ အထိ ဖွင့်လှစ်ကာ စစ်သင်တန်းပေးနေသည်။

By Admin 12 Jul 2025

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁၄) သင်တန်းဖွင့်ပွဲကို တွေ့ရစဉ်။ ဓာတ်ပုံ - MOI
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁၄) သင်တန်းဖွင့်ပွဲကို တွေ့ရစဉ်။ ဓာတ်ပုံ - MOI

DMG ၊ ဇူလိုင် ၁၂

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ၆ လအတွင်း လူ ၃,၀၀၀ (သုံးထောင်) နီးပါးကို စစ်မှုထမ်းရန် စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို စောင့်ကြည့်မှတ်တမ်းတင်နေသော သုတေသနအဖွဲ့ (Spring Revolution Database - SRD) က ထုတ်ပြန်သည်။

ကျေးလက်ဒေသများမှ ၁,၃၀၆ ဦး၊ မြို့ပြများမှ ၁,၂၉၈ ဦး၊ လမ်းခရီးသွားလာမှုများမှ ၂၆၀ ဦးနှင့် လမ်းခရီးမှ ပေါ်တာဆွဲခံရသူ ၁၂ ဦး စုစုပေါင်း ၂,၈၇၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း SRD က ယနေ့ (ဇူလိုင် ၁၂ ရက်) တွင် ထုတ်ပြန်သည်။

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပေဒေကို ကြေညာပြီးနောက် စစ်မှုထမ်း အမှတ်စဉ်တစ်ခုလျင် လူဦးရေ ၅,၀၀၀ နှုန်းဖြင့် ၂၀၂၄ မေလမှ စ၍ ၂၀၂၅ ဇူလိုင်လ ၃ ရက်အထိ အမှတ်စဉ် ၁၄ အထိ ဖွင့်လှစ်ကာ စစ်သင်တန်းပေးနေသည်။ 

စစ်မှုထမ်းများခေါ်ယူရာတွင် မဲရွှေးချယ်ရေး စနစ်အပါအဝင်၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးခေါ်ယူခြင်းနှင့် လူစုလူဝေးရှိသည့်နေရာများမှ ဖမ်းဆီးခေါ်ခြင်း စသည့် အဓမ္မနည်းများဖြင့်ပါ လူသစ်စုဆောင်းနေခြင်းဖြစ်သည်။

" စစ်မှုထမ်းခေါ်ယူမှု အောက်မှာ လူငယ်တွေရဲ့ လွတ်လပ်မှုတွေ ပျောက်ဆုံးသွားပြီဖြစ်သလို လူကြီးမိဘတွေအဖို့လည်း ဘယ်နေ့ ငါ့သား/ သမီး အလှည့်ဖြစ်မလဲဆိုပြီး စိုးရိမ်နေရတယ်။ လူတွေဟာ ဘယ်နေရာသွားသွား ဒီစိုးရိမ်ကြောက်လန့်စိတ်တွေနဲ့ ဖြတ်သန်းနေရတယ် " ဟု ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

SRD ၏ အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီမှ ၂၀၂၅ ဖေဖော်ဝါရီအထိ စစ်ကောင်စီသည် အရပ်သား ၁၂,၀၀၀ (တစ်သောင်းနှစ်ထောင်) ကျော်ကို အတင်းဖမ်းဆီး၍ စစ်မှုထမ်းရန် လူသစ်စုခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် မြန်မာပြည်အနှံ့ စစ်မျက်နှာများတွင် ထိန်းချုပ်နယ်မြေများကို လက်လွှတ်လာနေရ သော စစ်ကောင်စီသည် ၎င်းတို့၏ တပ်စခန်းများကို ကာကွယ်ရန် စစ်မှုထမ်းခေါ်ယူထားသည့် လူသစ်များဖြင့် အစားထိုးနေရသည်။

" အခု တိုက်ပွဲတွေမှာဆိုရင် ဖမ်းဆီးရမိတဲ့ စစ်သုံးပန့်တွေဟာ လူသစ်စုဆောင်းခံရတဲ့ စစ်မှုထမ်းတွေ များလာတယ်။ တချို့က မဲပေါက်လို့ ဝင်ရောက်လာတဲ့ သူတွေပါသလို တချို့က အတင်းအကျပ် ဖမ်းဆီးပြီးတော့ စစ်မှုထမ်း ပို့ခံရတဲ့လူတွေလည်း ပါတယ် " ဟု ကျောက်ဖြူတိုက်ပွဲတွင် ပါဝင်နေသည့် AA စစ်သည်တစ်ဦးက ပြောသည်။

စစ်မှုထမ်းဥပဒေထဲတွင် အမျိုးသားများ အသက် ၁၈ မှ ၃၅ အထိနှင့် အမျိုးသမီးများကို အသက် ၁၈ မှ ၂၇ သတ်မှတ်ထားသော်လည်း အမျိုးသမီးများကို မည်သည့်အပတ်စဉ်တွင် စတင်ခေါ်မည်ကို စစ်ကောင်စီက တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

သို့သော်လည်း ၂၀၂၄ နှစ်လည်ပိုင်းမှ စ၍ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စစ်မှုထမ်းရန်အတွက် အမျိုးသမီးများကို စာရင်းကောက်ယူမှုများရှိခဲ့ပြီး အလားတူ ရန်ကုန်နှင့် မန္တလေးရှိ အမျိုးသမီးများ လုပ်ကိုင်သော အလုပ်ရုံနှင့် စက်ရုံများတွင်လည်း စာရင်းကောက်ယူမှုများ ရှိနေကြောင်း သိရသည်။