မောင်တောတခွင်သိမ်းပိုက်ရေး AA ထိုးစစ်အရှိန် တစ်ဆင့်မြှင့်တိုက်ခိုက်

ရခိုင်ဒေသအတွင်း စစ်ကောင်စီတပ်စခန်းအများဆုံးတည်ရှိရာ ဘူးသီးတောင်မြို့နယ်ကို သိမ်းပိုက်ပြီးနောက် မောင်တောမြို့နယ်ကိုလည်း အလုံးစုံသိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်(AA)က ထိုးစစ်အရှိန်တစ်ဆင့်မြှင့်ကာ တိုက်ခိုက်နေသည်။ 

By Admin 20 May 2024

မောင်တောတခွင်သိမ်းပိုက်ရေး AA ထိုးစစ်အရှိန် တစ်ဆင့်မြှင့်တိုက်ခိုက်

DMG ၊ မေ ၂၀

ရခိုင်ဒေသအတွင်း စစ်ကောင်စီတပ်စခန်းအများဆုံးတည်ရှိရာ ဘူးသီးတောင်မြို့နယ်ကို သိမ်းပိုက်ပြီးနောက် မောင်တောမြို့နယ်ကိုလည်း အလုံးစုံသိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်(AA)က ထိုးစစ်အရှိန်တစ်ဆင့်မြှင့်ကာ တိုက်ခိုက်နေကြောင်း သိရသည်။ 

မောင်တောမြို့နယ်တွင် ကျန်ရှိနေသေးသော စစ်ကောင်စီ၏ မောရဝတီဗျူဟာကုန်း၊ မြို့သူကြီး နခခ(၅) ရဲတပ်ရင်း၊ ၄ မိုင် နခခ(၂)၊ အလယ်သံကျော်စခန်းနှင့် အင်းဒင် နခခ(၆)၊ မြင်းလွှတ် နခခ(၉) တို့ကို AA က တစ်ပြိုင်တည်း တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းနေသည်။

“တပ်စခန်းတွေအကုန်လုံး ထွက်ပေါက်မရှိအောင် AA ဘက်က ဝိုင်းရံပိတ်ဆို့ပြီး တိုက်ခိုက်နေတာ။ ဗျူဟာတစ်ခုနဲ့ တပ်စခန်း(၅)ခုပြီးတာနဲ့ မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်မယ်။ ဒါကြောင့်လည်း အေအေဖက်က မနားတမ်း နေ့စဉ်တိုက်ခိုက်တာတွေရှိနေတယ်” ဟု ခိုင်လုံသည့်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီကလည်း နယ်စပ်ဒေသမကျရှုံးရေးအတွက် လေကြောင်း၊ ရေကြောင်းပစ်ကူများဖြင့် မနားတမ်း ခုခံတိုက်ခိုက်နေသည်။ AA ထိုးစစ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့မှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံမှုများ ရှိနေကြောင်း သိရသည်။ 

“အေအေဖက်က လက်နက်ချဖို့အကြိမ်ကြိမ်ပြောပေမယ့် စစ်ကောင်စီဖက်က လက်နက်ချတာမရှိဘူးလို့ သိရတယ်။ ဒါကြောင့်တိုက်ပွဲပြင်းထန်နေတာ။ စစ်ကောင်စီဖက်က တပ်သားတွေ ထွက်ပြေးကြတာရှိတယ်လို့ သိရတယ်။ ဘယ်လောက်ဆိုတာကိုတော့ အတိအကျမသိနိုင်ဘူး” ဟု မောင်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးဒဏ်ရာရရှိမှုများရှိနေပြီး ပြီးခဲ့သည့် ယမန်နေ့ မေလ ၁၉ ရက်က စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် မောင်တောမြို့နယ်၊ သရီကုန်ဘောင်ရွာမှ အရပ်သား နှစ်ဦးဒဏ်ရာရကာ ကျေးလက်ဆေးခန်းအပါအဝင် နေအိမ် ၅ လုံးပျက်စီးသွားခဲ့သည်။ 

မောင်တောမြို့နယ်ရှိ ကျီးကန်းပြင်ဌာနချုပ်၊ လှဖိုးခေါင် နခခ(၁၀)၊ မိုက်ကရိုတိုင်စခန်း၊ ခမောင်းဆိပ်ဗျူဟာ၊ ကြိမ်ချောင်းဗျူဟာကုန်း၊ တောင်ပြိုလက်ဝဲ၊ တောင်ပြိုလက်ယာနှင့် အောင်သပြေ၊ တမန်းသား၊ ငါးခူရ စသည့် စစ်ကောင်စီတပ်စခန်းအသီးသီးကို AA က သိမ်းပိုက်ထားပြီဖြစ်သည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင်စတင်သည့် ရခိုင်စစ်ပွဲ ၆ လကျော်အတွင်း ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ နှင့် ပလက်ဝ မြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

ဗီဒီယိုများ