ဓာတ်ပုံ - Getty Image

DMG ၊ ဩဂုတ် ၉

(ဘာသာပြန်ဆောင်းပါး)

မကြာသေးမီက လွှတ်တော်အမတ်ဟောင်း ဖြိုးဇေယျာသော်နှင့် ကိုဂျင်မီ ဟု လူသိများသော အရပ်ဘက်အဖွဲ့ အစည်းခေါင်းဆောင် ကျော်မင်းယု အပါအဝင် စစ်အုပ်ချုပ်မှုဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို မြန်မာစစ်ကောင်စီက ကွပ်မျက်သတ်ဖြတ်ခဲ့သောကြောင့် ကမ္ဘာတစ်ဝန်းလုံး အုတ်အုတ်သဲသဲဖြစ်ခဲ့သည်။ ရုရှား၏ ယူကရိန်းကျူးကျော်မှု၊ ငွေကြေးဖောင်းပွမှုနှင့် စားနပ်ရိက္ခာမဖူလုံမှု စသည့်သတင်းများက နိုင်ငံတကာသတင်းခေါင်းစီးများအဖြစ် နေရာယူနေချိန်တွင် မြန်မာ့ပြည်တွင်းစစ်က သတင်းခေါင်းစဉ်အဖြစ် တပတ်လည်ကာ ပြန်ပြီးရောက်ရှိလာခဲ့သည်။

သို့သော် အမေရိကန်နှင့် အခြားနိုင်ငံခြားအစိုးရများသည် မြန်မာစစ်ကောင်စီ၏ အတိုက်အခံဖြစ်သော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို အပြည့်အဝထောက်ခံရန် သို့မဟုတ် စစ်အာဏာသိမ်းမှုမှ လွတ်မြောက်ဖို့ ကူညီရန်အတွက် အန္တရာယ်ရှိသောခြေလှမ်းများ ဆက်လှမ်းဖို့ တုံ့ဆိုင်းနေကြသည်။ ယင်းအစား ၎င်းတို့က ပြစ်တင်ရှုတ်ချမှုများ၊ အရေးယူပိတ်ဆို့မှုများကိုသာ ဆောင်ရွက်ခဲ့ကြပြီး လွန်ခဲ့သောနှစ်က စစ်ကောင်စီနှင့်အာဆီယံ ဆွေးနွေးသဘောတူခဲ့ကြသော အချက် ၅ ချက်ပါ အာဆီယံဘုံသဘောတူညီချက် အပေါ်ကိုသာ လွှဲချနေခဲ့သည်။

အဆိုပါ သဘောတူညီချက် ၅ ချက်မှာ စတင်ချိန်မှာပင် ပျက်ပြားသွားခဲ့ပြီဖြစ်သည်။ ထို့ပြင် အတိုက်အခံအင်အားစုများက စစ်မြေပြင်တွင် မည်သို့မည်ပုံ လုပ်ဆောင်ကြလိမ့်မည်ဟူသော မှန်းဆချက်များကလည်း မှားယွင်းကြောင်းကို အခုတော့ ပြတ်ပြတ်သားသား သက်သေပြခဲ့သည်။ ယခုအချိန်က မြန်မာနိုင်ငံပေါ်လစီနှင့် ပတ်သက်ပြီး ခက်ခဲသောရွေးချယ်မှုများ ပြုလုပ်ရမည့်အချိန် ဖြစ်လေသည်။

ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းချိန်ကတည်းက အမေရိကန်နှင့် အခြားမိတ်ဘက် အဖွဲ့အစည်းများက စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ငြင်းဆိုခဲ့ကြသည်။ စစ်တပ်နှင့် တရားဝင်ဆက်ဆံရေးကို ထိန်းသိမ်းထားသော တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကပင် စစ်ကောင်စီ၏တရားဝင်မှုနှင့် ပတ်သက်၍ အစပိုင်းတွင် ရှုပ်ထွေးမှုများးရှိခဲ့သည်။

ဘေကျင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စစ်ကောင်စီကို အသိအမှတ်ပြုခဲ့ပြီး ဖြစ်သော်လည်း ဒေလီ နှင့် အခြားနိုင်ငံအများအပြားကတော့ သတိထားစောင့်ကြည့်နေကြဆဲ ဖြစ်သည်။ နိုင်ငံတကာစင်မြင့်ထက်မှာတော့ ဗိုလ်ချုပ်များ၏အခြေအနေက ပိုကောင်းလာစရာမရှိပါ။

အာဆီယံခေါင်းဆောင်အဆင့် ထိပ်သီးအစည်းအဝေးများတွင် အာဏာသိမ်းခေါင်းဆောင် တက်ရောက်မှုများကို လက်ခံရန် ငြင်းဆိုထားသော်လည်း အချို့ကိစ္စများတွင်တော့ စစ်ကောင်စီကခန့်အပ်ထားသော ဝန်ကြီးအဆင့်ကို မြန်မာနိုင်ငံကိုယ်စားပြုခွင့် ပေးထားသည်။

ကုလသမဂ္ဂတွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်သစ်ခန့်အပ်ခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားရန် တရုတ်နှင့် အမေရိကန်ကတို့က သဘောတူညီထားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဝေဖန်သူဖြစ်သော ယခင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သံတမန်ဟောင်းကို လက်ရှိအချိန်မှာ တိုင်းပြည်ကိုယ်စားပြုရန် ခန့်အပ်ထားသည်။

အမေရိကန်အရာရှိများအနေဖြင့် NUG အရာရှိများနှင့် မကြာခဏဆိုသလို လူသိရှင်ကြား တွေ့ဆုံမှုများနှင့် တစ်ဦးချင်းသီးသန့် တွေ့ဆုံသည်များလည်း ရှိသည်။  ဥရောပ၊ ဩစတြေးလျ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ခေါင်းဆောင်များကလည်း တွေ့ဆုံမှုများရှိသည်။ ဝါရှင်တန်က မြန်မာနိုင်ငံအတွက် ၎င်းတို့၏လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများကို NUG နှင့်နီးစပ်သော အရပ်ဘက်အဖွဲ့အစည်းများထံ ညွှန်ကြားခဲ့သည်။

သို့သော် အမေရိကန်က NUG ကို မြန်မာနိုင်ငံ၏တရားဝင်မှုကို အသိအမှတ်မပြုသလို အမေရိကန်က သိမ်းဆည်းထားခဲ့သော မြန်မာအစိုးရပိုင် ဒေါ်လာ ၁ ဘီလီယံကိုပင် NUG ထုတ်ယူဖို့ ခွင့်မပြုပါ။ ယူကရိန်းကျူးကျော်မှုအပြီး မြန်မာနိုင်ငံရှိ စစ်ကောင်စီဆန့်ကျင်ရေး တပ်ဖွဲ့ဝင်များအား လုံခြုံရေးအကူအညီ တိုးမြှင့်ပေးရန်တောင်းဆိုမှုများ တိုးလာသော်လည်း အမေရိကန်အစိုးရသည် အကူအညီပေးအပ်ခြင်း မရှိသေးပါ။ ကိယက်ဗ်သို့ပေးအပ်သော ထောက်ပံ့ကူညီမှုအနည်းငယ်က မြန်မာနိုင်ငံ၏တိုက်ပွဲအဖြေကို ပြတ်ပြတ်သားသား ပြောင်းလဲသွားစေနိုင်သည်။ ယင်းသို့ဆိုပါက မည်သည့်အတွက်ကြောင့် ထိုကဲ့သို့မဖြစ်ခဲ့ရသနည်း။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအနေဖြင့် ရက်စက်သောနည်းလမ်းများဖြင့် စစ်အာဏာရှင်စနစ်သစ်တစ်ခုကို ခိုင်ခိုင်မာမာစုစည်းပြီး ထူထောင်နိုင်လိမ့်မည်ဟု နိုင်ငံခြားအစိုးရအများစုက ယုံကြည်ခဲ့ကြသည်။ အရပ်ဘက်နှင့်  လက်နက်ကိုင် အတိုက်အခံအင်အားစု နှစ်ဘက်စလုံး၏ လွှမ်းခြုံနိုင်မှုအတိုင်းအတာနှင့် ခံနိုင်ရည်ရှိမှုတို့က စစ်ဗိုလ်ချုပ်များကို အံ့အားသင့်ခဲ့စေသလို နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း အံ့အားသင့်စေခဲ့သည်။ အစောပိုင်း ယူဆချက်အမှားအယွင်းများက အမေရိကန်နှင့် အခြားနိုင်ငံများက NUG ကိုယုံကြည်လက်ခံပေးရန် မည်သည့်အတွက်ကြောင့် နှေးကွေးခဲ့ရသည်ကို ဖြေရှင်းပေးနိုင်ခဲ့သည်။

အစောပိုင်းတုန်းကတော့ ဆုံးရှုံးနိုင်ခြေရှိသော ခုခံတော်လှန်မှုတစ်ခုအား ထောက်ပံ့ပေးခြင်းက သာမန်မြန်မာနိုင်ငံ အရပ်သားများအတွက် သွေးထွက်သံယိုဖြစ်မှုများနှင့် စီးပွားရေးအရ ဒုက္ခရောက်မှုများကိုသာ တိုးပြီးဖြစ်လာစေ လိမ့်မည်ဟု ယူဆခဲ့ကြသည်။ သို့သော် တစ်နှစ်ခွဲအကြာတွင် အခြေခံလူတန်းစားဖြင့် ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက စစ်ကောင်စီကို ထိရောက်စွာ တွန်းလှန်ခဲ့ကြသည်။

၎င်းတို့၏ ရွှေရောင်လွှမ်းသောနေ့ရက်များမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုင်ငံတစ်ဝက်ကို ထိန်းချုပ်ထား နိုင်ခဲ့သည်။ ယခုအချိန်မှာတော့ လေကြောင်းတိုက်ခိုက်မှု၊ အမြောက်တိုက်ခိုက်မှုများဖြင့် စစ်အုပ်စုက အသာစီးရနိုင်ခဲ့ဖွယ်ရှိသော ခြောက်သွေ့ရာသီ နှစ်ရာသီ ကုန်ဆုံးသွားခဲ့ပေပြီ။ ထိုခြောက်သွေ့ရာသီများမှာပင် စစ်အုပ်စုက ထိုက်တန်သောအောင်မြင်မှုများ မရရှိခဲ့ပါ။

စစ်ကောင်စီက အရပ်သားပေါင်း ၂၀၀၀ ကျော် သတ်ဖြတ်ထားပြီး ၁၅၀၀၀ နီးပါးဖမ်းဆီးထားသည်။ အိမ်ခြေ ပေါင်း ၂၈၀၀၀ ကျော်ကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးထားသော်လည်း ဗမာလူမျိုးစုအများစုနေထိုင်ရာ မကွေး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ကို စစ်ကောင်စီက ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါ။ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ချင်းအမျိုးသားတပ်ဦးနှင့် ရက္ခိုင့်တပ် တော်တို့အနေဖြင့် ၎င်းတို့၏ထိန်းချုပ်မှုအောက်တွင် ရှိသော နယ်မြေများကို ချဲ့ထွင်နေကြသည်။ ရက္ခိုင့်တပ်တော် ကတော့ ရခိုင်ပြည်နယ်အများစုကို သိမ်းယူနိုင်ခဲ့သည်။

စစ်မြေပြင် အခြေအနေများအရ လက်နက်အင်အားအသာဖြင့် စစ်ကောင်စီက မည်ကဲ့သို့ အနိုင်ယူမည်နည်းဆိုသည်ကို မှန်းဆနိုင်ဖို့က ခက်ခဲပါသည်။ ထို့ကြောင့် ရွေးချယ်စရာရှိလာသည်က အတိုက်အခံအင်အားစုများ အတွက် အောင်ပွဲသို့မဟုတ် နှစ်ရှည်လများဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြောင့် နယ်မြေများ ပြိုကွဲသွားခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ခုအနက်မှ တစ်ခုခုကတော့ ဖြစ်လာနိုင်ဖွယ်ရှိနေသည်။

စိန်ခေါ်မှုများရှိနေသော်လည်း လက်နက်ကိုင်တော်လှန်ရေးက လပေါင်းများတိုင်အောင် တောင့်ခံထားနိုင်သည်က တော့ ရှင်းလင်းသိသာပါသည်။ ၎င်းတို့အပေါ် အသိအမှတ်ပြုမှု သို့မဟုတ် စစ်ဘက်ဆိုင်ရာ အကူအညီများရရှိရန် အဘယ်ကြောင့် မလုံလောက်သေးသည်နှင့် ပတ်သက်၍ အခြားအချက်များစွာက ဖော်ပြနေပါသည်။

PDF များအပေါ် NUG ကအမိန့်ပေးနိုင်မှုနှင့် ထိန်းချုပ်မှုမည်မျှရှိနေသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပါ။ PDF အများစုက လုံးဝလွတ်လပ်နေပြီး သီးခြားရပ်တည်နေခြင်းလည်း ပါဝင်ပါသည်။ စစ်ကောင်စီကို အထိရောက်ဆုံး ခုခံတော်လှန်နေကြသော EAO များအပေါ် NUG ၏ထိန်းချုပ်နိုင်မှု သို့မဟုတ် ထိထိရောက်ရောက် ကိုယ်စားပြုမှု မည်မျှရှိသည်ကိုလည်း ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပါ။

ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် ချင်းအမျိုးသား တပ်ဦးတို့သည် ၎င်းတို့၏ဘုံရန်သူကို တိုက်ခိုက်ရာတွင် အကန့်အသတ်ရှိသော ကူညီမှုများ ပေးနေကြသည်။ သို့သော် ၎င်းတို့အနေဖြင့် ဗမာကြီးစိုးသော NUG ကို အပြည့်အဝ ယုံကြည်အားကိုးခြင်း မရှိကြသေးပါ။ ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်အပြင် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်အတွင်း အစောပိုင်းက သူမထားရှိခဲ့သော ဖက်ဒရယ်စနစ်နှင့် ပေါင်းစည်းရေးဆိုင်ရာ ကတိကဝတ်များကို ချိုးဖောက်ခဲ့သည်ဟု EAO အများစုက ခံစားနေကြသည်။

ထိုစိတ်ထိခိုက်ရမှုများကြောင့် ကွန်ဖက်ဒရိတ်ခေါ် အချုပ်အခြာအာဏာပိုင် ပြည်ထောင်များ ဖြစ်လာဖို့ဆိုသည့် မတိကျ မရေရာသော ကတိကဝတ်များအတွက် ပို၍ အချိန်ယူရပေတော့မည်။ အင်အားကြီးမားသော ရက္ခိုင့်တပ်တော်နှင့် ရှမ်းပြည်နယ်ရှိ များပြားလှသော မူးယစ်ဆေးဝါးတပ်ဖွဲ့များအပါအဝင် အခြား EAO အများစုမှာလည်း ဗမာများ မည်သို့ဖြေရှင်းကြမည်ဆိုသည်ကို ဘေးထွက်ထိုင်ပြီး စောင့်ကြည့်ကျေနပ်လျက် ရှိနေကြလေသည်။

NUG သည် ယခင်မြန်မာအစိုးရများထက် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုစနစ်အတွက် ပိုပြီးရိုးသားပုံရသည်။ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း ပြင်းထန်သောအကြမ်းဖက်လှိုင်းလုံးကြီးများအပြီး မြန်မာနိုင်ငံက ဆယ်စုနှစ်များစွာ နှိပ်စက်ညှဉ်းပန်းခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်မှု၏သားကောင်များဖြစ်ခဲ့ရသည် ဟု အမေရိကန်ပြည်ထောင်စုက ကြေညာခဲ့သော ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များအပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါ ဝင်သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို ဖွဲ့စည်းခဲ့သည်။

NUCC က တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ နှင့် တိုင်းရင်းသားအရပ်ဘက်အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုရရှိနိုင်မည့် ဖက်ဒရယ်ပဋိ ဉာဉ် ဥပဒေသစ်တစ်ရပ် ထူထောင်နိုင်ရန် ကြိုးပမ်းနေသည်။

ဤကဲ့သို့သော ပဋိဉာဉ်မျိုးမရှိခဲ့ပါက ဗဟိုမှ ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တောင်တန်းဒေသများကို ဖယ်ထုတ် ခြင်းကပိုကောင်းကြောင်း EAO အများစု အဘယ်ကြောင့်ယုံကြည်သနည်း ဆိုသည်ကို အလွယ်တကူမြင်နိုင်ပါသည်။ ဗမာကြီးစိုးသောအစိုးရတိုင်းက ၎င်းတို့သေနတ်များအား မိမိတို့အပေါ် ချိန်ရွယ်လာလိမ့်မည် ဆိုသည်ကိုလည်း သမိုင်းက သင်ကြားပေးခဲ့ပြီးဖြစ်သည်။ ထိုအကြောင်းပြချက် များကြောင့်ပင် အဓိကကျသော EAO အများစုကလက်ခံသည့် နိုင်ငံရေးလမ်းပြမြေပုံမျိုး မရှိပါက အမေရိကန်ကဲ့သို့သော ပြင်ပအဖွဲ့အစည်းများက NUG ကို စစ်ရေးအရ အကူအညီပေးဖို့တာဝန် မရှိကြောင်း ယူဆနိုင်ပေလိမ့်မည်။

ထိုကဲ့သို့မဟုတ်ခဲ့လျှင် ပြည်တွင်းစစ်အတွင်း အောင်မြင်မှုရရှိလာမည့် ဗမာအစိုးရသစ်က ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ(ကယား)၊ အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း လက်လွှတ်ဆုံးရှုံးခဲ့ရသော ရခိုင်ပြည်နယ်တို့တွင် နယ်မြေများပြန်လည်ထိန်းချုပ်ရန် ကြိုးစားလာသောအခါ လက်ရှိပြည်တွင်းစစ်က နောက်ထပ်ပြည်တွင်းစစ် အသစ်တစ်ခုအဖြစ်သို့ အသွင်ကူးပြောင်းသွားမည့် အလားအလာ များစွာရှိနေပါသည်။

သို့သော် အကယ်၍ NUCC လုပ်ငန်းစဉ်များ အောင်မြင်ပြီး NUG က EAO အများစု၏ ထောက်ခံမှုဖြင့် အမှန်တကယ် အတိုက်အခံ ပြည်ထောင်စုအစိုးရအဖြစ် အသွင်ကူးပြောင်းနိုင်မည်ဆိုပါက အမေရိကန်အနေဖြင့် NUG အား မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် သံတမန်ရေးရာ အသိအမှတ်ပြုမှုကို အမြန်ဆုံးဆောင်ရွက်သင့်ပါသည်။ အမေရိကန်က လက်ရှိမှာ ထိန်းသိမ်းထားသော မြန်မာအစိုးရ၏ ရန်ပုံငွေများကိုလည်း အဆိုပါအစိုးရအား ထုတ်ယူနိုင်ရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာအစည်းအဝေးများတွင် တက်ကြွစွာပါဝင်ခွင့်ရရှိရန်နှင့် အဆိုပါအစိုးရ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော EAO များ နှင့် PDF များကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ရန်နှင့် လေ့ကျင့်မှုများပြုလုပ်ပေးရန် အမေရိကန်အစိုးရအနေဖြင့် ပြင်ဆင်ထားသင့်သည်။

တစ်ချိန်တည်းမှာပင် NUCC ကလုပ်ဆောင်နိုင်သောအရာများကို NUG နှင့် EAO နှစ်ဘက်လုံးက နားလည်ကြောင်းကို အမေရိကန်အစိုးရက သေချာအောင်လုပ်ဆောင်ထားသင့်သည်။ ခိုင်မာသည့် ဖက်ဒရယ်ပြည်ထောင်စု သို့မဟုတ် အားနည်းသော ကွန်ဖက်ဒရိတ် သို့မဟုတ် ရခိုင်ကဲ့သို့သော ဒေသများအတွက်လွတ်လပ်ရေး စသဖြင့် အနာဂတ်မြန်မာနိုင်ငံက မည်သို့မည့်ပုံဖြစ်ရမည် ဆိုသည်အတွက်မူ အမေရိကန်အနေဖြင့် ပြောဆိုပိုင်ခွင့်မရှိပေ။

သို့သော် NUG နှင့် EAO များအကြား ညှိနှိုင်းဆွေးနွေးထားသော မည်သည့်စနစ်မျိုးမဆို ရှင်သန်နိုင်ရန်အတွက် သံတမန်နှင့် စီးပွားရေးအရင်းအမြစ်များ ကူညီပံ့ပိုးပေးမည် ဆိုသည်ကိုတော့ အမေရိကန်အနေဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြထားသင့်ပေသည်။

ထိုအရင်းအမြစ်များက တော်လှန်ရေးအတွင်း ပါဝင်ရန်တွန့်ဆုတ်နေကြသော ရက္ခိုင့်တပ်တော် သို့မဟုတ် ရှမ်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း အများအပြားတို့အား NUG နှင့် ပြည့်ဝစွာပူးပေါင်းလုပ်ဆောင်ရန် အားကောင်းသောမက်လုံးများကို ဖြစ်လာစေနိုင်သည်။ ဤအချက်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင်များ၏ အခွင့်အရေးများအား အာမခံမှုများ သေချာစေရန်အတွက် ဝါရှင်တန်ဩဇာလွှမ်းမိုးမှုကို ပေးစွမ်းနိုင်ပေလိမ့်မည်။

၎င်းတို့အား NUG က ဘေးကင်းလုံခြုံစွာပြန်လာခွင့်နှင့် နိုင်ငံသားဖြစ်ခွင့်ကတိများ ပေးထားပြီး ဖြစ်သော်လည်း ယင်းကိုပြဌာန်းရန် အာဏာမရှိသေးပါ။ မြန်မာစစ်တပ် သို့မဟုတ် ရက္ခိုင့်တပ်တော်တို့ကသာ ရခိုင်ပြည်နယ် မွတ်ဆလင်များ၏ ကံကြမ္မာကို ဆုံးဖြတ်ကြပေလိမ့်မည်။ NUCC လမ်းပြမြေပုံ မှတစ်ဆင့် ရခိုင်ပြည်နယ်ရှိမွတ်ဆလင်များ အခွင့်အရေးအား အာမခံချက်အပေါ် မူတည်ပြီး အေအေတပ်ဖွဲ့အတွက် အရင်းအမြစ်များရှာဖွေရန် ဝါရှင်တန်က ဖန်တီးသင့်သည်။

မြန်မာနိုင်ငံတွင်ဖြစ်နေသည်မှာ အပေးအယူလုပ်ရန် စိတ်ဝင်စားမှုမရှိဘဲ ရက်စက်ကြမ်းကြုတ်ပြီး အလျှော့မပေး ခေါင်းမာနေသောစစ်အုပ်စုအား တော်လှန်တိုက်ခိုက်နေရသည့် စစ်ပွဲတစ်ခုဖြစ်သည်။ ပိတ်ဆို့အရေးယူမှုများနှင့် သံတမန်ရေးအရ ဆောင်ရွက်မှုများက သိသာထင်ရှားသော ရလဒ်များ မပေးစွမ်းနိုင်ခဲ့ပါ။ စစ်အုပ်စုအနိုင်ရလျှင် တိုင်းပြည်က ကွဲအက်လာပေလိမ့်မည်။ နိုင်ငံပြိုကွဲမှုကို ရှောင်ရှားနိုင်ရန် NUG နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များမှာ အလားအလာရှိသော လမ်းပြမြေပုံတစ်ခု ရှိလာသည်နှင့် တပြိုင်နက်တည်း အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက တော်လှန်ရေးအဖွဲ့များ အောင်ပွဲရရှိစေရန် ကူညီလုပ်ဆောင်ပေးသင့်ပါသည်။

ကြည်ဖြူစံ

“CSIS” တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Gregory B. Poling” ၏ “Time for Difficult Choices on Myanmar” ကို ဆီလျော်အောင်ရေးသားသည်။

Author: Admin