ဓာတ်ပုံ - Aljazeera

DMG ၊ ဇူလိုင် ၁၀
မေမိုးဘာသာပြန်ဆိုသည်။

အိန္ဒိယနိုင်ငံသည် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့် စစ်သားအင်အား နှစ်သိန်း ရှိနှင့်ပြီးဖြစ်သည့် တရုတ် နယ်စပ်သို့ တပ်ဖွဲ့ဝင် ငါးသောင်းခန့် ထပ်တိုးစေလွှတ်လိုက်သည်။ ဤပမာဏသည် ပြီးခဲ့သည့်နှစ် ဇွန်လက ဟိမဝန္တာတောင်တန်းတွင် အင်အားကြီးပြိုင်ဘက် နှစ်နိုင်ငံအကြား တင်းမာမှုများ ဖြစ်ခဲ့ပြီးနောက်ပိုင်း စစ်အင်အား ၄၀ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုအတွင်း အိန္ဒိယစစ်သား ၂၀ ကျဆုံးခဲ့ပြီး တရုတ်ဘက်မှ မည်မျှကျဆုံးမှန်း မသိရပေ။

အိန္ဒိယသည် တိုက်ခိုက်ရေးဂျက်လေယာဉ်များကို မြောက်ပိုင်းနယ်စပ်သို့ ပြောင်းရွှေ့ထားသလို ရေတပ်ကလည်း တရုတ်နှင့် ရေကြောင်းကုန်သွယ်မှုများကို စောင့်ကြည့်နိုင်ရန် စစ်သင်္ဘောများကို အိန္ဒိယသမုဒ္ဒရာ ရေကြောင်းတစ်လျှောက်ရှိ အရေးပါသည့်နေရာများတွင် တပ်ဖြန့်ထားသည်။ အိန္ဒိယအနေဖြင့် အမေရိကန်နှင့် နှစ်နိုင်ငံရေတပ်များ အိန္ဒိယသမုဒ္ဒရာတွင်ပင် ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့သည့် အချိန်နှင့် မရှေးမနှောင်းမှာပင် ထိုလုပ်ဆောင်မှုများကို လူသိရှင်ကြား ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့ တင်းမာမှုကိုလျှော့ချရန် ညှိနှိုင်းဆွေးနွေးမှုများ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့သော်လည်း တင်းမာ မှုများမြင့်တက်လျက်ရှိကြောင်း ဤအချက်များအားလုံးက ညွှန်ပြနေသကဲ့သို့ ရှိသည်။ အကြောင်းမှာ နှစ်နိုင်ငံအကြား တိဘက်သို့ အသွားအပြန် ရထားလမ်းများ၊ အိမ်နီးချင်း နီပေါသို့ ဆက်သွယ်ထားသည့် ရထားလမ်းများအပါအဝင် အခြေခံအဆောက်အဦ အများအပြား တည်ဆောက်ခြင်းအတွက် ကြားခံနေရာ များအဖြစ် ယခင်က သတ်မှတ်ထားသည့် နယ်စပ်တစ်လျှောက်ကို ယခုအခါ နယ်မြေများကို စုစည်း ထိန်းချုပ်ရန် တရုတ်က ကြိုးပမ်းလာသည်ဟု အိန္ဒိယဘက်က ယူဆလာသောကြောင့်ဖြစ်သည်။

တရုတ်အစိုးရ၏ ဒေသတွင်းလွှမ်းမိုးရေး ရည်မှန်းချက်ကို ဘက်ပေါင်းစုံမှ ဖိအားပေးနိုင်ရန် ကြိုးပမ်းနေသော အမေရိကန်သည် အိန္ဒိယနောက်တွင် အခိုင်အမာရှိနေသည်။ အမေရိကန်နှင့် အိန္ဒိယသည် ဘုံအကျိုးစီးပွားတစ်ရပ်ဖြင့်  တရုတ်ကို ရင်ဆိုင်နေကြခြင်း ဖြစ်သည်။ အထူးအားဖြင့် အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်သည်။ အိန္ဒိယအစိုးရသည် အိန္ဒိယသမုဒ္ဒရာရေပြင်အား ၎င်း၏ လွှမ်းမိုးရာအဖြစ် တစ်လျှောက်လုံး မှတ်ယူခဲ့သော်လည်း တရုတ်သည် ကုန်သွယ်ရေးကို ကာကွယ်ရန်နှင့် မဟာဗျူဟာ ဖိအားများကို ကျင့်သုံးနိုင်ရန် အိန္ဒိယသမုဒ္ဒရာကို ယခုနှစ်များတွင် ဝင်ရောက်ချုပ်ကိုင်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

သို့စေကာမူ အိန္ဒိယနှင့် အမေရိကန်အကြား ကာလကြာရှည်စွာ နက်နက် ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် မယုံကြည်မှု သမိုင်းကြောင်းလည်း ရှိနေသဖြင့် သူတို့၏ ပူးတွဲဆောင်ရွက်လိုသည့် ဆန္ဒနှင့် ပိုမိုထိရောက်ပြီး တရုတ်ကို ဆန့်ကျင်သည့်မဟာမိတ်ဖွဲ့မှုကို ဆောင်ရွက်နိုင်စွမ်းတွင် အခက်အခဲကြုံနေရသည်။ အိန္ဒိယသည် မဟာရန်ဖက်ဖြစ်သော ပါကစ္စတန်နှင့် အမေရိကန်အစိုးရတို့ကြား ကာလကြာရှည် တည်ရှိနေသော မဟာဗျူဟာ ဆက်ဆံရေးအား အထူးဂရုပြုသည်။ ဘိုင်ဒန် အစိုးရသည်လည်း အိန္ဒိယနှင့် အာဖဂန်နစ္စတန်ရှိ တပ်များ ပြန်ရုတ်သိမ်းရေးတွင် မဟာဗျူဟာမြောက် ကန့်သတ်မှုတစ်ခုဖြင့် ဆက်ဆံရေး ပြန်လည်အသက်သွင်းရန် ဆန္ဒရှိနေသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်သည် အိန္ဒိယက တစ်ချိန်က မဟာမိတ်ရှရှားထံမှ စစ်လက်နက်များ မကြာ သေးခင်က ဝယ်ယူခဲ့ခြင်းကို ဘဝင်မကျကြောင်း ဖော်ပြခဲ့သည်။ အိန္ဒိယက ရုရှားနှင့်ချုပ်ဆိုသည့် အမေရိကန်ဒေါ်လာ ၅.၂ ဘီလျံတန် S-400 လေကြောင်းကာကွယ်စနစ်ဆိုင်ရာ သဘောတူညီချက်သည် အမေရိကန်နှင့် အိန္ဒိယ အစိုးရကြားတွင် အစာမကြေစရာ အဓိကအကြောင်းတစ်ခု ဖြစ်လာခဲ့သည်။

သို့ရာတွင် တရုတ်ကမူ နှစ်ဖက်စလုံးသည် စစ်ရေးပူးပေါင်းဆောင်ရွက်မှုရှိကြောင်း ပြသနေသည်ဟုမြင်သည်။ ဇွန်လ ၂၃ နှင့် ၂၄ ရက်တွင် နျူကလီးယားစွမ်းအင်သုံး Nimitz အမျိုးအစား စစ်သင်္ဘော USS Ronald Reagan သည် အရန်သင်္ဘောများနှင့် F-18 တိုက်လေယာဉ် အုပ်စုတစ်စုခြံရံပြီး အိန္ဒိယစစ်သင်္ဘောများ၊ ယူကေ-ပြင်သစ် Jaguar တိုက်ခိုက်ရေး လေယာဉ်တင် သင်္ဘောများနှင့် ရှရှားမှ ဒီဇိုင်းရေးဆွဲပြီး အိန္ဒိယတွင် လိုင်စင်ရယူထုတ်လုပ်သည့် Sukhoi-30MKI တိုက်လေယာဉ်များနှင့်အတူ ပူးတွဲစစ်ရေး လေ့ကျင့်မှုများတွင် ပါဝင်ခဲ့သည်။

အိန္ဒိယအနောက်တောင်ပိုင်း ပင်လယ်ပြင်ရှိ Trivandrum ဟု ယခင်က သိကြသည့် Thiruvananthapuram တောင်ပိုင်းတွင် လေ့ကျင့်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုများအတွင်း အခြေခံလေ့ကျင့်မှုများအပြင် “အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးလေ့ကျင့်မှုများ၊ ရဟတ်ယာဉ် စစ်ဆင်ရေးများနှင့် ရေငုပ်သင်္ဘောများကို တိုက်စစ်ဆင်မည့် လေ့ကျင့်မှုများ” ကို လေ့ကျင့်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

မကြာသေးမီက တရုတ်လေ့လာရေးသင်္ဘော Xian Yang Hong 03 သည် အိန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်းတွင် စစ်တမ်းကောက်လေ့လာမှုတစ်ခုကို ဆောင်ရွက်နေခဲ့သည်။ သိပ္ပံဆိုင်ရာ ရည်ရွယ်ချက်ဖြင့် စုစည်း ကောက်ယူလေ့ရှိသည့် အချက်အလက်များသည် မည်သည့်ရေငုပ်စစ်သင်္ဘော ကိုမဆို တိုက်ခိုက်နိုင်မည့် စစ်ပွဲအတွက်လည်း အသုံးဝင်နိုင်သည်။

ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း တရုတ်၏ စွမ်းအင် ၈၀ ရာခိုင်နှုန်းတင်သွင်းမှုအတွက် ရေလမ်းကြောင်း ဖြတ်သန်းရာ မလက္ကာရေလက်ကြားဝင်ပေါက်အနီး တည်ရှိသည့် အိန္ဒိယပိုင် အက်ဒမန်ကျွန်းနှင့် နီကိုဘား ကျွန်းအနီးဝန်းကျင်ရှိ ရေပိုင်နက်အတွင်း တရုတ်ရေငုပ်သင်္ဘော များတွေ့ရှိခဲ့ကြောင်း အိန္ဒိယက မှတ်တမ်းတင်ထားသည်။

ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း အက်ဒမန်ကျွန်းနှင့် နီကိုဘားကျွန်းအနီးတစ်ဝိုက်တွင် တရုတ်ရေငုပ်သင်္ဘောများ တွေ့လာရကြောင်း အိန္ဒိယက မှတ်တမ်းတင်ထားသည်။ အဆိုပါကျွန်းများသည် အိန္ဒိယပိုင် ကျွန်းများဖြစ်ပြီး တရုတ်၏ စွမ်းအင် ၈၀ ရာခိုင်နှုန်းတင်သွင်းမှုအတွက် ရေလမ်းကြောင်း ဖြတ်သန်းရာ မလက္ကာရေလက်ကြား ဝင်ပေါက်အနီးတွင် တည်ရှိသည်။

တရုတ်၏ အိန္ဒိယသမုဒ္ဒရာအတွင်း အကျိုးစီးပွားမှာ အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အာဖရိကတွင် ကုန်သွယ် ရေးလမ်းကြောင်း ကာကွယ်လိုခြင်းဖြစ်ပြီး ထိုဆန္ဒပြည့်မြောက်ရန် အင်အားအပြည့် ဆောင်ရွက်နေသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ သို့စေကာမူ တရုတ်၏ စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများသည် မည်သည့် အခါကမျှ ၎င်းတို့အာဏာမရှိခဲ့သည့် ဒေသသို့ ဝင်ရောက်ကျူးကျော်လာခြင်းက အိန္ဒိယနှင့် ထိပ်တိုက်အားပြိုင်မည့် အခြေအနေကို ဖန်တီးလာခဲ့သည်။

တရုတ်သည် အိန္ဒိယသမုဒ္ဒရာတွင် ပင်လယ်ဓားပြနှိမ်နင်းမည့် တပ်ဖြန့်မှုစနစ်ကိုသုံးပြီး ရေကြောင်းအင်အား တိုးချဲ့ရန် ချိန်ညှိချက်တစ်ခုအနေဖြင့် ပင်လယ်ရေကြောင်းသွားလာမှုများကို ထိန်းချုပ်သည့် တပ်ဖြန့်မှုကို ပြုလုပ်လာခြင်းဖြစ်သည်။ အာဖရိကဦးချိုဒေသဟု ခေါ်တွင်သည့် အာဖရိက အရှေ့ဖျားရှိ Djibouti တွင် ၂၀၁၇ ခုနှစ်က ပထမဆုံး ပြည်ပစစ်အခြေစိုက်စခန်း တည်ဆောက်ခြင်းဖြင့် ပိုမိုတည်မြဲအောင် ကြိုးစားခဲ့ခြင်း လည်းရှိသည်။

မည်သို့ပင်ဖြစ်စေ တရုတ်၏ ၂၀၁၅ ကာကွယ်ရေးကြေညာစာတမ်းတွင် ယခုထက်ပင် ပိုမိုပြောင်ကျစွာ ဖော်ပြ ထားပြီးဖြစ်သည်။ ထိုစာတမ်း၌ “ကုန်းမြေကို ပိုင်သည်နှင့် ပင်လယ်ပြင်ကို ပိုင်စိုးရမည်ဆိုသည့် ရှေးရိုးစွဲ ယုံကြည်ချက်ကို စွန့်လွှတ်ရမည်။ ပင်လယ်ပြင်နှင့် သမုဒ္ဒရာများကို စီမံခြင်း၊ ရေကြောင်းအခွင့်အရေးနှင့် အကျိုးစီးပွားများ ကာကွယ်ခြင်းတို့ကိုသာ အာရုံစိုက်အလေးထားရန် အရေးအကြီးဆုံးဖြစ်ကြောင်း၊... (တရုတ်သည်) မိမိနိုင်ငံကို ရေကြောင်း အင်အားကြီးနိုင်ငံတစ်ခုအဖြစ် တည်ဆောက်ရန် မဟာဗျူဟာမြောက် အားပေးထောက်ပံ့နိုင်ရေး ရှေးရှု၍ နိုင်ငံတကာ ရေကြောင်းပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်မည်ဖြစ်သည်။” ဟု ဖော်ပြထားသည်။

၁၉၆၂ ခုနှစ်တွင် တိုက်ပွဲဖြစ်ပြီးနောက် တရုတ်နှင့်အိန္ဒိယအကြား အငြင်းပွားဖွယ် နယ်စပ်တစ်ခုအဖြစ် နယ်နိမိတ် ကန့်သတ်ထားသည့် ဟိမဝန္တာတောင်တန်းဒေသ၏ အခြေအနေမှာ ယခုအခါ အလွန် တင်းမာနေပြီး နှစ်ဘက်လုံးအတွက် သွေးစွန်းသော ထိပ်တိုက်တွေ့ဆုံမှုအထိ ဖြစ်ပွားသွားစေနိုင်သည်။ ဟိမဝန္တာ တောင်တန်းဒေသ တင်းမာမှုနှင့် မတူသည့် အခြေအနေမှာ အိန္ဒိယသမုဒ္ဒရာအရေး ဖြစ်သည်။ အမေရိကန် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဤရေပြင်သည် အာရှစစ်အေးတိုက်ပွဲ၏ ရှေ့တန်းစစ်မြေပြင်အဖြစ်သို့ မြန်မြန်ဆန်ဆန် ပြောင်းလဲလာနေသည်။

အမေရိကန်အခြေစိုက် နိုင်ငံတကာရေကြောင်းလုံခြုံရေး စင်တာအတွက် ၂၀၂၀ စက်တင်ဘာလက ထွက်ရှိခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် ယူကေအခြေစိုက် အကြံပေးအဖွဲ့ Corbett ရေကြောင်းမူဝါဒ လေ့လာရေးစင်တာ (Corbett Center for Maritime Policy Studies) အဖွဲ့ဝင်တစ်ဦးဖြစ်သူ David Scott က ယခုကဲ့သို့ အနှစ်ချုပ် ဖော်ပြထားသည်။

“၂၀၁၀ နှစ်လွန်ကာလများအတွင်း အိန္ဒိယသမုဒ္ဒရာတွင် ကျင့်သုံးလျက်ရှိသည့် အိန္ဒိယ၏ မဟာဗျူဟာ သုံးရပ်မှာ ‘ရေတပ်-ရေကြောင်း အခြေခံအဆောက်အဦ (အခြေစိုက်စခန်းနှင့် အထောက်အကူပြု ဝန်ဆောင်မှုများ) တည်ဆောက်ခြင်း၊ အင်အားထူထောင်ရေးအတွက် လိုအပ်သည့် အဆောက်အဦများ တည်ဆောက်ခြင်းနှင့် တရုတ်အရေးစိုးရိမ်သည့် အင်အားစုများနှင့် ဆက်ဆံရေး ခိုင်မာအားကောင်းအောင် ဆောင်ရွက်ခြင်း’ တို့ဖြစ်ကြသည်။”

အဆိုပါအင်အားစုများသည် Quad ဟု အများသိကြသည့် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျ လေးနိုင်ငံလုံခြုံရေး ညှိနှိုင်းဆွေးနွေးပွဲတွင် အိန္ဒိယ၏ မဟာမိတ်နိုင်ငံများဖြစ်လာနိုင်သည်။ လေးနိုင်ငံ လုံခြုံရေးအဖွဲ့အား တရုတ်အန္တရာယ်ကို တုံ့ပြန်မှု တစ်ခုအနေဖြင့် ဒေသတွင်း အင်အားကြီးတစ်ခုအသွင် အဆင့်မြင့် အလွတ်သဘော မဟာဗျူဟာမြောက်အဖွဲ့ အဖြစ် ဖွဲ့စည်းထားရခြင်းဖြစ်သည်။

ဤအဖွဲ့ကို ၂၀၀၇ ခုနှစ်တွင် ထိုအချိန်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကနဦးအစပြုခဲ့သည်။ တစ်နှစ်အကြာတွင် ထိုကာလ သြစတေးလျဝန်ကြီးချုပ်အသစ် Kevin Rudd သည် နိုင်ငံ၏ အဓိက ကုန်သွယ်ဘက်နိုင်ငံဖြစ်သည့် တရုတ်နှင့် ဆက်ဆံရေး မပျက်ပြားလိုသည့်အတွက် အဖွဲ့က နှုတ်ထွက်ခဲ့ရာမှ အဖွဲ့ကြီးလည်း ပြိုလဲခဲ့သည်။

တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများကို အားလုံးသိမြင်လာသည့်နောက် ၂၀၁၇ ခုနှစ်က မနီလာတွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်း အဝေးတွင် ခေါင်းဆောင်လေးဦး သီးခြားတွေ့ဆုံခဲ့သည့်အချိန်၌ Quad အဖွဲ့သည် တစ်ကျော့ပြန် အသက်ဝင်လာခဲ့သည်။

အိန္ဒိယနှင့် အမေရိကန်တို့ ၁၉၉၂ ခုနှစ်နောက်ပိုင်းမှစပြီး နှစ်နိုင်ငံရေတပ်လေ့ကျင့်မှုများ ပြီးနောက် အိန္ဒိယသည် အမေရိကန်၏ “အဓိက ကာကွယ်ရေးမိတ်ဖက်” အဖြစ် ၂၀၁၆ ခုနှစ်တွင် သတ်မှတ်ခံရသည်။ မကြာမီပင် အိန္ဒိယသည် တောင်တရုတ်ပင်လယ်တွင် အမေရိကန်-ဂျပန် တိုက်ခိုက်ရေးတပ် အဖြစ် ပူးတွဲဆောင်ရွက်ရန် စစ်သင်္ဘောအုပ်စုတစ်စုကို စေလွှတ်ခဲ့သည်။
အိန္ဒိယသည် အမေရိကန်၊ ဂျပန်နှင့် အခြားဒေသတွင်း မဟာမိတ်များနှင့် Malabar အမည်ရ စစ်ရေး လေ့ကျင့်မှုများတွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်ပြီး ထိုနိုင်ငံများနှင့် နီးကပ်သော ဆက်ဆံရေး ရှိထားသည်။

Quad အဖွဲ့တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအရေး ဆွေးနွေးရန် ပြီးခဲ့သည့်နှစ် မတ်လ အတွင်း အွန်လိုင်းမှတစ်ဆင့် ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး နယူးဇီလန်၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ တာဝန်ရှိသူများနှင့်လည်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ ဒေသတွင်း တင်းမာမှုများတိုးမြင့်လာသည့်အချိန် တွေ့ဆုံခြင်းဖြစ်ရာ ကျန်းမာရေး အကျပ်အတည်းသည် အစီအစဉ်၏ တစ်ခုတည်းသော အကြောင်းအရာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။

အိန္ဒိယသမုဒ္ဒရာတွင် တရုတ်၏ အကွက်ရွှေ့မှုများသည် အလုံးစုံမျှော်လင့်ထားသကဲ့သို့ မဖြစ်ခဲ့ပေ။ ၂၀၀၁ ခုနှစ် အစောပိုင်းတွင် အိန္ဒိယသည် ယင်း၏ ပထမဆုံးနှင့် တစ်ခုတည်းသော ကြည်း၊ ရေ၊ လေတပ်များပူးတွဲ တာဝန်ထမ်းဆောင်သည့် Andaman and Nicobar Command စစ်ဌာနချုပ်ကို တည်ထောင်ခဲ့ပြီး အိန္ဒိယ ကုန်းမြေအရှေ့ပိုင်းပင်လယ်ပြင်ရှိ မဟာဗျူဟာ အကျိုးစီးပွားများ ကို ကာကွယ်ရန်နှင့် အထူးအားဖြင့် တရုတ်၏ ရေကြောင်းလှုပ်ရှားမှုများကို စောင့်ကြည့်ရန် ရည်ရွယ်ခဲ့သည်။

ကျွန်းရှိ မဟာဗျူဟာအရ အရေးပါသည့် အဆောင်အယောင်များမှလွဲ၍ အိန္ဒိယ၏ ပင်မရေတပ်အခြေစိုက် စခန်းများသည် မော်လဒိုက်ကျွန်းမြောက်ပိုင်းရှိ ကျွန်းဆွယ်တစ်ခုဖြစ်သည့် Lakshadweep ၏ အရှေ့နှင့် အနောက်ပိုင်း ကမ်းရိုးတန်းတစ်လျှောက်ရှိ စခန်းများတွင် တည်ရှိသည်။

အိန္ဒိယသည် အိန္ဒိယသမုဒ္ဒရာတွင်း သြစတြေးလျ၏ ပိုင်နက်တစ်ခုဖြစ်သည့် ကော့စကိုကျွန်း (ကီလင်ကျွန်း) အသုံးပြုခွင့်ရရေးကိုလည်း သြစတြေးလျနှင့် ဆွေးနွေးနေသည်။ အိန္ဒိယ၏ ရှေ့ခြေလှမ်းတစ်ဆင့်မှာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော သုံးစီး တည်ဆောက်ရန်နှင့် ကိုယ်ပိုင်ရေတပ်အခြေစိုက်စခန်းများကို အဆင့်မြှင့်တင်ရန်ဖြစ်သည်။

အိန္ဒိယ၏သမားရိုးကျလွှမ်းမိုးမှုကို တွန်းလှန်မည့် တရုတ်၏ လုပ်ရပ်များကို ဖယ်ရှားရေးအတွက် အိန္ဒိယ၏ ဆောင်ရွက်ချက်များ အားလုံးအောင်မြင်နိုင်သလား ဆိုသည်မှာ ပြောရန် စောလွန်းနေသေးသည်။ မည်သို့ပင်ဖြစ်စေ တိုက်ပွဲခေါ်သံအတွက်ကတော့ ဟိမဝန္တာကုန်းမြင့်များမှသည် အိန္ဒိယသမုဒ္ဒရာ ရေပြင်အထိ လမ်းကြောင်း ဆွဲထားပြီးဖြစ်သည်။

တရုတ်နိုင်ငံသည် အိန္ဒိယနှင့် နယ်နိမိတ်ကို ဖုန်းဆိုးကျောက်ဆောင် သို့မဟုတ် အခြားတစ်နေရာ တစ်နေရာ သတ်မှတ်သင့်-မသင့်ကို အသည်းအသန် စိုးရိမ်နေမည်မဟုတ်ပေ။ သို့သော်လည်း ပြီးခဲ့သည့်နှစ်က ဟိမဝန္တာတွင် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းသည် အိန္ဒိယကို ဟန်ချက်ပျက်အောင် ဖိအားပေးလုပ်ဆောင်လို သည့်သဘောကို ပြနေသည်။

အိန္ဒိယ၏ ယခုသီတင်းပတ်အတွင်း တုံ့ပြန်မှုများကို ကြည့်ပြန်လျှင်လည်း ဟိမဝန္တာနယ်စပ်တစ်ကြောတွင် ရန်စမှုများ ဆက်လုပ်နေပါက တရုတ်ကိုစစ်ရေးအရ ရင်ဆိုင်ရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း မြင်သာနေသည်။

တရုပ်၏ တုံ့ပြန်မှုသည်လည်း အလားတူပင်ဖြစ်သည်။ ဧပြီလအတွင်းက တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ပြောရေးဆိုခွင့်ရှိသူက အိန္ဒိယနှင့် ၎င်း၏ အမေရိကန်ဆက်ဆံရေးကို ပြင်းထန်စွာ စတင်တိုက်ခိုက် ပြောဆိုခဲ့သည်။

“အိန္ဒိယဟာ အမေရိကန်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုအောက်မှာ သားကောင်ဖြစ်နေပြီ။ … ခံရသူဖြစ်နေပြီး အမေရိကန်ရဲ့ တရုတ်ဆန့်ကျင်ရေး စစ်ရထားမှာ တွဲလောင်းပါနေတဲ့ အမေရိကန်နဲ့ သူ့အပေါင်းအပါတွေရဲ့ အကျိုးစီးပွားလည်း ပျက်စီးတော့မယ်” ဟု သူက ပြောသည်။

အိန္ဒိယအတွက် ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုတစ်ခုမှာ ကိုဗစ်-၁၉ ကပ်ရောဂါအတွက် အပြစ်တင်ရမည်မှာ တရုပ်မဟုတ်ဘဲ အိန္ဒိယသာဖြစ်သည်ဟူ၍ တရုပ်သတင်းစာတစ်စောင်မှ စာရေးသူများက မေလအတွင်း တညီတညွတ် တည်းရေးသားခဲ့ကြခြင်း ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီနှင့် သုံးစွဲသူအကောင့်ချိတ်ထားသည့် တရုတ်အင်တာနက်စာမျက်နှာ Weibo တွင် မေလ ၁ ရက်နေ့က တင်ထားသည့် ပို့စ်တစ်ခု၌ “တရုတ်တွင်မီးညှိပုံနှင့် အိန္ဒိယတွင်မီးညှိပုံ” ဟူသည့်စာသားဖြင့် အိန္ဒိယတွင် ကိုဗစ်ဖြင့်သေဆုံးသူများ၏ အလောင်းများကို မီးသင်္ဂြိုလ်သည့်ပုံအား တရုတ်၏ဒုံးပျံ လွှတ်တင်နေပုံနှင့် ယှဉ်လျက် ဖော်ပြထားသည်။

နောက်ပိုင်းတွင် ထိုပုံကိုဖြုတ်ချခဲ့သော်လည်း ပွဲအစဖြစ်သည့် စစ်အေးတိုက်ပွဲအသစ်တစ်ခုတွင် အင်အားကြီး ပြိုင်ဘက်နှစ်နိုင်ငံကြား အပြင်းအထန်ရန်လိုမှုများ ပိုမိုဖြစ်လာသည့်အနေအထားကို ဖော်ပြနေခြင်းပင် ဖြစ်သည်။

နောက်ပိုင်းတွင် ထိုပုံကိုဖြုတ်ချခဲ့သော်လည်း ဤလုပ်ရပ်သည် ယခုမှဇာတ်လမ်းစသည့် စစ်အေးတိုက်ပွဲသစ် တစ်ရပ်တွင် အင်အားကြီး ပြိုင်ဘက်နှစ်နိုင်ငံအကြား ရန်လိုမုန်းတီးမှုများ မြင့်တက်လာသည့် အခြေအနေအား အရှိအနေအထားအတိုင်း ထင်ဟပ်ပြသနေခြင်းပင် ဖြစ်ပေသည်။

မေမိုး
(Asia Times တွင်ဖော်ပြထားသည့် ဆောင်းပါးရှင် Bertil Lintner ၏ China-India: contours of a conflict to come ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။)

Author: DMG