ပလတ်စတစ်အစား စက္ကူအိတ်သုံးတာ အဖြေမှန်ဟုတ်ရဲ့လား

ကမ္ဘာ့လူမုန်းအများဆုံး ပစ္စည်းတွေထဲမှာ ပလတ်စတစ်အိတ်တွေလည်း ပါမယ်ထင်ပါတယ်။ ဒါပေမဲ့ ပြောင်းလဲလာတဲ့ကမ္ဘာ့ရာသီဥတုကို ပုံဖော်ရာမှာ စက္ကူအိတ်တွေ ချည်အိတ်တွေဟာ ပလတ်စတစ်အိတ်ထက် ပိုဆိုးတယ်ဆိုတာတော့ လူတွေ သတိထားမိကြမယ် မထင်ပါဘူး။

By စောသန္တာအေး 12 Jan 2020

ဓာတ်ပုံ - World Atlas

ကမ္ဘာ့လူမုန်းအများဆုံး ပစ္စည်းတွေထဲမှာ ပလတ်စတစ်အိတ်တွေလည်း ပါမယ်ထင်ပါတယ်။ ဒါပေမဲ့ ပြောင်းလဲလာတဲ့ကမ္ဘာ့ရာသီဥတုကို ပုံဖော်ရာမှာ စက္ကူအိတ်တွေ ချည်အိတ်တွေဟာ ပလတ်စတစ်အိတ်ထက် ပိုဆိုးတယ်ဆိုတာတော့ လူတွေ သတိထားမိကြမယ် မထင်ပါဘူး။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်း ပြောလာကြပြီဆိုရင် ကျွန်မတို့ဟာ ပလတ်စတစ်အိတ်တွေကိုပဲ တကယ့်အန္တရာယ်ကြီးအဖြစ် လက်ညှိုးထိုး ပြောဆိုလေ့ရှိကြပါတယ်။

တကယ်တော့ ပလတ်စတစ်အိတ်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဦးတည်ပြီး တီထွင်ခဲ့တာဆိုရင် လူတွေ အံ့သြကြမယ် ထင်ပါတယ်။

ပလတ်စတစ်ကို ဆွီဒင်လူမျိုး စတန်ဂုစတက်တူလန်ဆိုသူက ၁၉၅၉ ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။ ဒီတီထွင်မှုကြောင့် သူ့ကို လူအများက ချီးကျူးခဲ့ကြပါတယ်။ / ဓာတ်ပုံ - BBC

ပလတ်စတစ်ကို ဆွီဒင်လူမျိုး စတန်ဂုစတက်တူလန်ဆိုသူက ၁၉၅၉ ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။ ဒီတီထွင်မှုကြောင့် သူ့ကို လူအများက ချီးကျူးခဲ့ကြပါတယ်။

ဟိုတုန်းကတော့ လူတွေက စက္ကူအိတ်တွေ သုံးကြတာပါ။ ဒီအိတ်တွေ ထုတ်လုပ်ဖို့ သစ်ပင်တွေအများအပြား ခုတ်လှဲရတာဆိုတော့ ကမ္ဘာကြီးအတွက် မကောင်းတာ သေချာတာပေါ့။ ဒါနဲ့ပဲ စတန်တစ်ယောက် နှစ်နဲ့ချီတာရှည်ခံမယ့် အိတ်ကို တီထွင်ဖို့စိတ်ကူး ရလာပါတယ်။
“ဒီအိတ်တွေဟာ ပေါ့ပါးမယ်၊ နှစ်နဲ့ချီ မပျက်စီးဘဲတာရှည်ခံမယ်၊ ဒါဆို အထပ်ထပ်အခါခါ ပြန်သုံးလို့ရမယ်၊ ဒါဆို အိတ်ထုတ်လုပ်ဖို့ သစ်ပင်တွေလည်း အများအပြား ခုတ်စရာမလိုတော့ဘူး၊ ဒီနည်းနဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်မယ်” ဆိုတာ သူ့ရဲ့မူလစိတ်ကူး ဖြစ်ပါတယ်။

ဓာတ်ပုံ - AP

လူတွေ ပလတ်စတစ်အိတ်တွေကို ခုလိုမျိုး လွယ်လွယ်သုံးပြီး လွှင့်ပစ်နေကြတာဟာ သူ့အဖေရဲ့ မူလစိတ်ကူးနဲ့ တလွဲဖြစ်နေတယ်လို့ စတန်ရဲ့သား ရာအူးတူလန်က ပြောပါတယ်။
“ကျွန်တော်တို့က ဒီနောက်ပိုင်းမှ ကိုယ့်အိတ်ကိုယ်ယူသွားတဲ့ အလေ့အထလုပ်ဖို့ တိုက်တွန်းနေကြတာ။ အဖေက ၁၉၇၀ ကျော် ၈၀ လောက်တည်းက အိတ်သယ်သွားတဲ့အလေ့ ရှိနေပြီ။” လို့ သူကပြောပါတယ်။

ပြဿနာက ပလတ်စတစ်အိတ်တွေဟာ အရမ်းလွယ်လွယ်ကူကူနဲ့ ရနိုင်တဲ့အတွက် လူတွေက တကူးတက သိမ်းဆည်းမနေကြတော့ပဲ သုံးပြီး လွယ်လွယ်လွှင့်ပစ်လိုက်ကြတာ ပါပဲ။ ပလတ်စတစ်အိတ်ကို တစ်ခါသုံးအတွက် ဖန်တီးခဲ့တာ မဟုတ်ပေမယ့် တစ်ခါသုံးပဲ ဖြစ်လာခဲ့ပါတယ်။ ဒီနေ့ကမ္ဘာကြီးမှာ ကြုံနေရတဲ့ ပလတ်စတစ်စွန့်ပစ်မှု ပြဿနာရဲ့ အဓိကအကြောင်းရင်းက ဒါပါပဲ။

ဓာတ်ပုံ - Deutsche Welle

နိုင်ငံတော်တော်များများမှာ ပလတ်စတစ်အိတ်သုံးရင် ပိုက်ဆံပေးရပါတယ်။ ပိုက်ဆံပေးရရင် သုံးချင်တော့မှာ မဟုတ်ဘူးဆိုတဲ့ စိတ်ကူးနဲ့ ပေါ်လာတဲ့ဥပဒေပါ။

တောင်အာဖရိကမှာဆိုရင် ဒီကိစ္စကို တော်တော်လေး အလေးထားဆောင်ရွက်နေတာ တွေ့ရပါတယ်။ ကင်မရွန်း၊ ရဝမ်ဒါ၊ တောင်အာဖရိက၊ အီသီယိုးပီးယားအပါအဝင် ၁၅ နိုင်ငံထက်မနည်း ပလတ်စတစ်သုံးစွဲမှုကို ပိတ်ပင်တာ ဒါမှမဟုတ် အခွန်ကောက်တာတွေ စီစဉ်ထားပါတယ်။ ကင်ညာမှာဆိုရင် ပလတ်စတစ်အိတ်နဲ့ ပစ္စည်းသယ်ရင် ထောင်ဒဏ်အပြစ်ပေးနိုင်ပြီး ထုတ်လုပ်ရောင်းချရင် ငွေဒဏ် ဒေါ်လာ ၃၀,၀၀၀ ဝန်းကျင် (သို့မဟုတ်) ထောင်ဒဏ် ၄ နှစ်အထိ အပြစ်ပေးနိုင်ပါတယ်။ လက်ရှိမှာတော့ အာရှ၊ ဥရောပ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်မှာ ပလတ်စတစ်အိတ် သုံးစွဲမှုထိန်းချုပ်ရေးအတွက် မူဝါဒတွေ အမျိုးမျိုး ချမှတ်ဆောင်ရွက်နေကြပါတယ်။

ဒီလိုပုံစံအမျိုးမျိုးနဲ့ ထိန်းချုပ်လာတော့ လူတွေဟာ ပလတ်စတစ်အိတ်ကို စွန့်ခွာပြီး စက္ကူအိတ်တွေ ချည်အိတ်တွေဘက် လှည့်လာကြပါတယ်။ ဒါပေမဲ့ ဒီအိတ်တွေကရော စင်းလုံးချောအဖြေမှန် ဟုတ်ရဲ့လား။

“စက္ကူအိတ်တွေထုတ်လုပ်တာက စွမ်းအင်သုံးစွဲမှု ပိုများတယ်၊ လုပ်ငန်းခွင်မှာ ရေအမြောက်အများ အသုံးပြုရတယ်။ ဒီအိတ်တွေက ပိုလည်းလေးတဲ့အတွက် ထုတ်လုပ်တဲ့နေရာအပေါ် မူတည်ပြီး ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုတွေ၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေလည်း ရှိသေးတယ်။ ချည်အိတ်တွေက ပိုတောင်ဆိုးသေးတယ်။ ချည်ထုတ်လုပ်ဖို့ ဝါဂွမ်းကို ရေအမြောက်အမြား အသုံးပြုစိုက်ပျိုးရတယ်။” လို့ တာရှည်ခံစွန့်ပစ်ပစ္စည်း ကျွမ်းကျင်သူ ပရောဖက်ဆာ မာဂရက်ဘိတ်က ပြောပါတယ်။

ပလတ်စတစ်အိတ် စက်ရုံ / ဓာတ်ပုံ - American Plastic Mfg.

အခြားတစ်ဘက်မှာကျတော့ ပလတ်စတစ်အိတ်တွေဟာ ထုတ်လုပ်ရတာ အရမ်းကို လွယ်ကူပါတယ်။ ထုတ်လုပ်ရေးကုန်ကျစရိတ် အလွန်နည်းသလို စွမ်းအင်သုံးစွဲမှုလည်း နည်းပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပလတ်စတစ်သုံးစွဲမှုကို လျှော့ချချင်လို့ စက္ကူအိတ်ကို သုံးချင်ရင်လည်း သုံးနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါသုံး ပလတ်စတစ်အိတ် တစ်လုံးရဲ့ တစ်ကြိမ်သုံးစွဲမှုဟာ စက္ကူအိတ်တစ်အိတ်ကို အနည်းဆုံး သုံးကြိမ်သုံးစွဲမှုနဲ့မှ ညီမျှပါတယ်။ ချည်အိတ်ဆိုရင်တော့ အနည်းဆုံး ၁၃၁ ကြိမ်သုံးစွဲမှ တစ်ခါသုံးပလတ်စတစ်အိတ် တစ်လုံးကို တစ်ကြိမ်သုံးစွဲနှုန်းနဲ့ ညီမျှပါတယ်။

ဓာတ်ပုံ - BBC

ဒါဆိုရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်ဖို့ ဘာအိတ်အမျိုးအစားကို သုံးရမှာလဲ။

အဖြေကတော့ ကိုယ့်မှာရှိနေပြီးသားအိတ်ကိုပဲ ထပ်တလဲလဲ အသုံးပြုဖို့ဖြစ်ပါတယ်။ အိတ်ပြဲသွားရင် ဖာထေးပြီး ရတဲ့အထိ ဆက်သုံးဖို့၊ မရတော့ရင် Recycle လုပ်ဖို့ပါပဲ။

စောသန္တာအေး
(ကိုးကား - BBC, World Atlas, Study)

ဗီဒီယိုများ