နေရောင်ခြည်က ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်သလား

နေရောင်ခြည်က ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်သလား။ အမေရိကန်အစိုးရ အိမ်ဖြူတော်က ထုတ်ပြန်ချက်မှာတော့ သေစေနိုင်တယ် ပြောတာပါပဲ။ ဒါပေမဲ့ သိပ္ပံပညာရှင်တချို့ကတော့ သတိနဲ့ချင့်ချိန်ကြဖို့ တိုက်တွန်းထားပါတယ်။

By Foreign Desk 25 Apr 2020

(သရုပ်ဖော်ပုံ - Express)

နေရောင်ခြည်က ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်သလား။ အမေရိကန်အစိုးရ အိမ်ဖြူတော်က ထုတ်ပြန်ချက်မှာတော့ သေစေနိုင်တယ် ပြောတာပါပဲ။ ဒါပေမဲ့ သိပ္ပံပညာရှင်တချို့ကတော့ သတိနဲ့ချင့်ချိန်ကြဖို့ တိုက်တွန်းထားပါတယ်။

ယခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကြေညာချက်ကို အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဌာန အရာရှိတစ်ယောက်က ပြောကြားလိုက်တာပါ။ ဧပြီလ ၂၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သမ္မတထရမ့်ရဲ့ ကိုရိုနာအရေး နေ့စဉ်သတင်းစာရှင်းလင်းပွဲ အပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ နေရောင်ခြည်အောက်မှာ ဗိုင်းရပ်စ်ရဲ့ အသက်ရှင်ရပ်တည်နိုင်စွမ်းဟာ အံ့သြဘနန်း ကျဆင်းသွားကြောင်းကိုလည်း ပြောကြားသွားပါတယ်။

ဒါပေမဲ့ ဒီလေ့လာချက်တွေကို ဘယ်လိုဆောင်ရွက်ခဲ့သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မပြောခဲ့တဲ့အတွက် ပညာရှင်တွေဟာ ခေါင်းကုတ်နေကြရပါတယ်။

“တစ်ယောက်ယောက်က တစ်နေရာရာမှာ လေ့လာချက်တစ်ခု လုပ်ခဲ့ပုံပါပဲ” လို့ တက္ကဆက်ပြည်နယ် တက်ဆာကာနာမှာရှိတဲ့ တက္ကသိုလ် (Texas A&M University) ရဲ့ ဇီဝသိပ္ပံလေ့လာရေးဌာန အကြီးအကဲ ဘင်ဂျမင် နူးမန်းက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။
“’ဒီလေ့လာချက်ကို ဘယ်လိုဆောင်ရွက်ခဲ့သလဲ သိရရင်ကောင်းမယ်” လို့ သူကဆိုပါတယ်။

ယခုတွေ့ရှိမှုကို ပြောကြားခဲ့တဲ့ အရာရှိ ဝီလျံဘရိုင်ယန်ကတော့ ဒီလေ့လာချက်ကို မေရီလန်းပြည်နယ်မှာရှိတဲ့ အမျိုးသား ဇီဝကာကွယ်မှုလေ့လာရေးနဲ့ တန်ပြန်ရေးအစီအမံများ ဆောင်ရွက်ရေးဌာနမှာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားပါတယ်။

နေရောင်ခြည်အောက်က သံမဏိပေါ်မှာရှိနေတဲ့ ဗိုင်းရပ်စ်ဟာ နှစ်မိနစ်အတွင်းမှာ သူ့ရဲ့နဂိုအရွယ်အစားရဲ့ ထက်ဝက်အထိ ကျုံ့သွားတယ်လို့ သူကပြောပါတယ်။ အပူရှိန် ၂၁ နဲ့ ၂၄ ဒီဂရီ ဆဲလ်စီးယပ်အကြား၊ လေထုတွင်းစိုထိုင်းထ ၈၀ ရာခိုင်းနှုန်းမှာဖြစ်ပါတယ်။ အမှောင်ထဲမှာဆိုရင်တော့ ဗိုင်းရပ်စ်ဟာ ၆ နာရီကြာ အသက်ရှင်နိုင်တာပါ။

ကြေညာချက်အရ ဆိုရင်တော့ ဗိုင်းရပ်စ်ဟာ အပူရှိန် ၂၁ နဲ့ ၂၄ ဒီဂရီ ဆဲလ်စီးယပ်အကြား၊ စိုထိုင်းဆ ၂၀ ရာနှုန်းရှိတဲ့ လေထုထဲမှာ ရှိနေစဉ်အတွင်း သူ့ရဲ့သက်တမ်းထက်ဝက်ဟာ တစ်မိနစ်ခွဲမျှသာရှိပါတယ်။ အမှောင်ထဲမှာဆိုရင် တစ်နာရီကြာ ပမာဏဖြစ်ပါတယ်။

ဒါပေမဲ့ ဒီသတင်းထူးဟာ အသေးစိတ်ဖော်ပြချက်တွေ မပါရှိတဲ့အတွက် ကျွမ်းကျင်သူတွေအဖို့တော့ ဒီတွေ့ရှိချက်ကို လေ့လာဆန်းစစ်ဖို့ အဆင်မပြေဖြစ်နေရပါတယ်။

“သိပ္ပံပညာရှင်တစ်ယောက် အနေနဲ့ပြောရရင်တော့ အမှန်တကယ်လေ့လာချက်နဲ့ ကိန်းဂဏန်းအချက်အလက်တွေကို ကြည့်ချင်တာပေါ့” လို့ ကူးစက်ရောဂါပိုး ပြန့်ပွားခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာ ပညာရှင် ခရစ်ဘွန် ချီဖဲလ်ဗေးက အေအက်ဖ်ပီသတင်းဌာနကို ဖြေကြားပါတယ်။

နေရောင်မှာ ခရမ်းလွန်ရောင်ခြည် ပါဝင်တဲ့အတွက် ရောဂါဖြစ်ပွားစေတဲ့ပစ္စည်းတွေ ကိုင်တွယ်အသုံးပြုရာမှာ အရေးပါတယ်ဆိုတာ ပညာရှင်တွေ လက်ခံထားပြီးသားဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကဆိုရင်လည်း ဖွံ့ဖြိုးဆဲနိုင်ငံအချို့က လူတွေအနေနဲ့ ဘုံဘိုင်ကရေကို သောက်မယ်ဆိုရင် နေရောင်အောက်မှာ ငါးနာရီလောက် ထားပြီးရင် သောက်လို့အဆင်ပြေတယ်လို့ အကြံပြုထားတာတွေ ရှိပါတယ်။

ဒါပေမဲ့ ရောဂါပိုးတိုင်းဟာ တစ်ပုံစံတည်း တုံ့ပြန်ကြတာတော့ မဟုတ်ပါဘူး။

နေရောင်ခြည်မှာ အမျိုးအစားမတူတဲ့ ခရမ်းလွန်ရောင်ခြည်တွေ ပါဝင်ပါတယ်။ ထိတွေ့မှုများရင် အသားရောင်ညိုမဲပြီး အိုမင်းရင့်ရော်စေသလို အရေပြားအပူလောင်ပြီး ကင်ဆာအထိဖြစ်ပွားစေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်-အေ ၊ အန္တရာယ်အများဆုံး ပေးနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်-စီ လို အုပ်စုမျိုးကအစ ပါဝင်ပါတယ်။ ကမ္ဘာ့လေထုထဲကို ရောက်ရှိလာတဲ့ နေရောင်ခြည်ထဲမှာတော့ အေ အုပ်စု အများဆုံးပါဝင်ပြီး စီ အုပ်စု မပါဝင်တော့ပါဘူး။

ဆားစ်ရောဂါနဲ့ ပတ်သက်လို့ ၂၀၀၄ မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာတော့ ခရမ်းလွန်ရောင်ခြည်-အေ အုပ်စုဟာ ဘယ်လောက်ပဲကြာကြာ ထိတွေ့မှုရှိရှိ ဗိုင်းရပ်စ်အပေါ် အကျိုးသက်ရောက်မှု မရှိဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ စီ အုပ်စုကတော့ ဗိုင်းရပ်စ်ကို ၁၅ မိနစ်အတွင်းမှာ အပြီးတိုင် သေဆုံးသွားစေနိုင်စွမ်း ရှိပါတယ်။ ဒီရောင်ခြည်ကို ဓာတ်ခွဲခန်းတွေ ဆေးရုံတွေမှာ ပိုးသတ်ဖို့အသုံးပြုသလို လက်ရှိမှာ တရုတ်ပြည်က ဘတ်စ်ကားတွေမှာလည်း ပိုးသတ်ရာမှာ အသုံးပြုနေကြပါတယ်။

ပုံမှန်နေရောင်ခြည်ဟာ ဗိုင်းရပ်စ်ကို အားပျော့သွားစေနိုင်တယ်ဆိုတဲ့ အချက်ဟာ ဖြစ်နိုင်ခြေတွေရှိပါတယ်။ ပြဿနာက ကျန်းမာရေးဌာနက သိပ္ပံနည်းကျ အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်ခဲ့ခြင်းမရှိတာပါ။

“ဒီလေ့လာချက်တွေကို သူတို့ဘယ်လို ဆောင်ရွက်ခဲ့သလဲဆိုတာ သိရဖို့ တကယ်အရေးကြီးပါတယ်။ မကြာခင်မှာ ထုတ်ပြန်ပေးဖို့ မျှော်လင့်ပါတယ်။” လို့ ပညာရှင်တစ်ဦးက ပြောဆိုပါတယ်။

ယခုတွေ့ရှိမှုဟာ တိကျမှန်ကန်နေခဲ့မယ် ဆိုရင်တောင်မှ နေရောင်ခြည်ရဲ့ အကျိုးသက်ရောက်မှုဟာ အကန့်အသတ်နဲ့ ရှိနေဆဲပါ။ လူတွေဟာ တကယ်တမ်း အိမ်တွင်းမှာထက် အိမ်ပြင်ပမှာ ကူးစက်မှုလျော့နည်းတယ် ဆိုရင်တောင်မှ ကိုယ့်ရှေ့တည့်တည့်မှာ ချောင်းဆိုးတာလို ကိစ္စရပ်မျိုးမှာ နေရောင်ခြည်က ကူညီပေးနိုင်မှာ မဟုတ်ပါဘူး။

အခြားတစ်ဘက်မှာတော့ ခရမ်းလွန်ရောင်ခြည်-ဘီ အုပ်စုဟာ လူရဲ့ ကိုယ်ခံအားကို မြင့်တက်စေပြီး ခန္ဓာကိုယ်တွင်း ဗီတာမင်-ဒီ ကို ပိုမိုထုတ်လုပ်ပေးပါတယ်။

ဒီအချက်အလက်တွေ အကုန်လုံးဟာ သုတေသနလေ့လာချက်တွေ ထပ်မံဆောင်ရွက်ဖို့ လိုနေပါသေးတယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ သမ္မတထရမ့်အကြံပေးသလို ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ ကုသဖို့ ဆိုတဲ့အချက်ကတော့ လက်တွေ့ကျင့်သုံးဖို့ မဖြစ်နိုင်သေးဘူး ဆိုတာပါပဲ။

အစ်စ်အန်ဂလီယာတက္ကသိုလ်ရဲ့ ဆေးပညာပါမောက္ခ ပေါလ်ဟန်းတာကတော့ လက်ရှိအနေအထားမှာ ခရမ်းလွန်ရောင်ခြည်ကို လူနာရဲ့ ခန္ဓာကိုယ်ထဲထိ ရောက်ရှိစေလို့ အကျိုးဖြစ်ထွန်းစေမယ့်အချက် ဘာမှ မရှိသေးဘူးလို့ ဆိုပါတယ်။

ဆက်စပ်ဖတ်ရှုရန်

ဗီဒီယိုများ