ကိုဗစ်ပဉ္စမလှိုင်း မြို့တော်၏ ခုခံနိုင်စွမ်းကို ကျော်လွန်ဟု ဟောင်ကောင်အုပ်ချုပ်ရေးမှူး ပြော

ဟောင်ကောင်သည် ကိုဗစ်ကူးစက်မှုများကို မနိုင်မနင်း ကိုင်တွယ်ဖြေရှင်းနေရသည်ဟု ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက တနင်္လာနေ့တွင် ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

15 Feb 2022

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း။ ဓာတ်ပုံ - Reuters

DMG ၊ ဖေဖော်ဝါရီ ၁၅

ဟောင်ကောင်သည် ကိုဗစ်ကူးစက်မှုများကို မနိုင်မနင်း ကိုင်တွယ်ဖြေရှင်းနေရသည်ဟု ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက တနင်္လာနေ့တွင် ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဟောင်ကောင်တွင် နေ့စဉ်ကူးစက်မှု နှုန်းထားသည် ပြီးခဲ့သည့် နှစ်ပတ်အတွင်း ၁၃ ဆအထိ မြင့်တက်ခဲ့ပြီး အာဏာပိုင်များသည် ပိုမိုဆိုးရွားလာသော ကူးစက်မှုများကို ထိန်းချုပ်နိုင်ရေးအတွက် အပြင်းအထန် ကြိုးပမ်းနေရသည်။ ဖေဖော်ဝါရီလ အစောပိုင်းတွင် တစ်နေ့တာကူးစက်မှု ၁၀၀ ဝန်းကျင်ရှိခဲ့ရာမှ ၁၃ ရက်နေ့တွင် ၁၃၀၀ အထိ ရှိနေပြီဖြစ်သည်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက တနင်္လာနေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပြီး သူမ၏ အုပ်ချုပ်ရေးအဖွဲ့သည် ဆိုးရွားလာသည့် အခြေအနေကို ထိန်းချုပ်ရန်အတွက် တရုတ်အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ထည့်သွင်းဖော်ပြထားသည်။

ဟောင်ကောင်ကို ကိုဗစ်စစ်ဆေးခြင်း၊ ကုသခြင်းနှင့် ကွာရန်တင်းသွင်းခြင်းတို့ ဆောင်ရွက်ပေးမည်ဖြစ်သလို ကိုဗစ်အမြန်စစ်ဆေးရေး ကိရိယာများနှင့် အကာအကွယ်များမှသည် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များအထိ ကူညီပံ့ပိုးပေးမည်ဟု တရုတ်ဘက်က ပြောကြားသည်။

ဟောင်ကောင်တွင် တနင်္လာနေ့၌ ကူးစက်မှုစုစုပေါင်း ၁၅၃၀ အထိ ရှိသည်ဟု ထုတ်ပြန်ရန်ရှိကြောင်း အသံလွှင့်ဌာန TVB က အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ရပ်ကို ကိုးကားပြီး ကြေညာသည်။ ယခုနှုန်းထားအရ ဆိုပါက ဟောင်ကောင်တွင် တစ်နေ့တာကူးစက်မှု စံချိန်တင် အမြင့်ဆုံးပမာဏဖြစ်သည်။

“အခြေအနေက အလွန်အမင်း မနှစ်မြို့ဖွယ် ဖြစ်နေပြီး အုပ်ချုပ်ရေးအဖွဲ့အနေနဲ့လည်း စိုးရိမ်နေသလို ဒီလိုထုတ်ပြောရတာကိုလည်း စိတ်မကောင်းပါ” ဟု ကယ်ရီလမ်းက ဆိုသည်။

ဆေးရုံများတွင် ကုတင်များ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ကိုဗစ်လူနာများဖြင့် ပြည့်နေပြီဖြစ်ကြောင်း မြို့တော် ဆေးရုံအာဏာပိုင်များ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ဟောင်ကောင်တွင် ကိုဗစ်စတင်ချိန်တည်းက လက်ရှိအထိ ကူးစက်မှုစုစုပေါင်းသည် ၂၄၀၀၀ ခန့်ရှိပြီး သေဆုံးသူ ၂၀၀ ကျော်ရှိသည်။

လက်ရှိအချိန်၌ မြို့တော်အတွင်း လူနှစ်ဦးထက် ပိုမိုစုဝေးခွင့် တားမြစ်ထားပြီး စာသင်ကျောင်း၊ ဘုရားကျောင်းနှင့် အားကစားခန်းမများ အပါအဝင် နေရာအများစုကို ပိတ်ထားသည်။ စားသောက်ဆိုင်များသည်လည်း ညနေ ၆ နာရီနောက်ပိုင်း မဖွင့်ရသလို လူအများစုမှာ နေအိမ်များမှ အလုပ်လုပ်နေကြခြင်း ဖြစ်သည်။

ဗီဒီယိုများ