အပစ်ရပ်သက်တမ်း တစ်လထပ်တိုးကြောင်း တပ်မတော်ထုတ်ပြန်

မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်သည်များအား ဆက်လက်ဆွေးနွေး သွားနိုင်ရေးတို့အတွက် ၂၀၂၁ ခုနှစ်၊ မေ ၁ ရက်မှ ၃၁ ရက်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံရပ်စဲ သွားမည်ဖြစ်ကြောင်း လက်ရှိအာဏာသိမ်းယူထားသည့် တပ်မတော်က ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

30 Apr 2021

DMG ၊ ဧပြီ ၃၀

မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်သည်များအား ဆက်လက်ဆွေးနွေး သွားနိုင်ရေးတို့အတွက် ၂၀၂၁ ခုနှစ်၊ မေ ၁ ရက်မှ ၃၁ ရက်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံရပ်စဲ သွားမည်ဖြစ်ကြောင်း လက်ရှိအာဏာသိမ်းယူထားသည့် တပ်မတော်က ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ အပစ်အခတ်ရပ်စဲသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“တပ်မတော်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ ထပ်မံရပ်စဲပေးထားတဲ့ကာလတွေအတွင်း ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” တပ်မတော်က တိုက်တွန်း ထားသည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာသိမ်းယူပြီးနောက်ပိုင်းဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက်ဆိုကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ညှိနှိုင်းရေးကော်မတီ စသည့် ကော်မတီ သုံးရပ်ကို ဖေဖေါ်ဝါရီလအတွင်းက ဖွဲ့စည်းခဲ့သည်။

ယင်းသို့ဖွဲ့စည်းထားသည့် တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လမ်းကြောင်းအတိုင်း (NCA)လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ များနှင် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင်ဆွေးနွေးခြင်း၊ (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ချက်တွင်ပါရှိသည်။

သို့သော် တပ်မတော်အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက်တွင် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ရပ်နားထားမည်ဖြစ်ကြောင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်ကော်မတီ(PPST)မှ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

လက်ရှိမှာ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် NCA လက်မှတ်ရေးထိုးထားသည့် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

တပ်မတော်နှင့် KIA ကြား တိုက်ပွဲများကြောင့် ဒေသခံတစ်သောင်းခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း RFA သတင်းက ဖော်ပြသည်။

ဗီဒီယိုများ