ယူကရိန်းကို ရုရှားဘက်က ကန့်သတ်စစ်ပွဲ ဆင်နွှဲလာခြေရှိဟု အက်စတိုးနီးယား ထောက်လှမ်းရေးပြော

ရုရှားသည် ၎င်း၏ တပ်သားများအား ယူကရိန်းနယ်စပ်တွင် ရွှေ့ပြောင်းနေရာချထားဆဲ ဖြစ်ကာ ကန့်သတ်စစ်ပွဲတစ်ရပ် ဆင်နွှဲလာနိုင်ခြေ ရှိနေကြောင်း အက်စတိုးနီးယား ပြည်ပထောက်လှမ်းရေးဌာန အကြီးအကဲက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

18 Feb 2022

ဓာတ်ပုံ - AP

DMG ၊ ဖေဖော်ဝါရီ ၁၈

ရုရှားသည် ၎င်း၏ တပ်သားများအား ယူကရိန်းနယ်စပ်တွင် ရွှေ့ပြောင်းနေရာချထားဆဲ ဖြစ်ကာ ကန့်သတ်စစ်ပွဲတစ်ရပ် ဆင်နွှဲလာနိုင်ခြေ ရှိနေကြောင်း အက်စတိုးနီးယား ပြည်ပထောက်လှမ်းရေးဌာန အကြီးအကဲက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

ရုရှား၏ တိုက်ခိုက်မှု၌ ဗုံးကြဲခြင်း၊ အချက်အချာနေရာများကို သိမ်းပိုက်ခြင်းတို့ ပါဝင်နိုင်ကြောင်း အက်စတိုးနီးယား ပြည်ပထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး မစ်မာရန်က ပြောကြားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

“လက်ရှိ၌ မိမိတို့၏စစ်တမ်းအရဆိုလျှင် ရုရှားတို့သည် ထိန်းချုပ်ရန် လူအင်အားအများအပြားလိုအပ်နိုင်သော လူဦးရေထူထပ်သည့်မြို့ကြီးများကို ရှောင်ရှားနိုင်သည်။ သို့သော်လည်း မည်သည့်လမ်းကြောင်းမှ ရုရှားတို့ ထိုးဖောက်မည်ကို ရှင်းရှင်းလင်းလင်း သိထားခြင်းမရှိပါ” ဟု ဌာနနှစ်ပတ်လည်အစီရင်ခံစာ မိတ်ဆက်သည့် သတင်းစာရှင်းလင်းပွဲ၌ သူက ပြောသည်။

ဖြစ်နိုင်ခြေ နောက်တစ်ခုမှာ ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားတို့ ထောက်ပံ့ထားသော ခွဲထွက်ရေးဒေသနှစ်ခုတွင် တိုက်ပွဲများ အရှိန်မြင့်လာနိုင်ခြေ ဖြစ်သည်။ ဤအချက်က ဖြစ်နိုင်ခြေ အလွန်များသည်ဟု သူက ပြောသည်။

“ဒီနည်းနဲ့ဆိုရင် ရုရှားက ယုတ္တိရှိရှိငြင်းလို့ရသလို ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း ရှောင်နိုင်မယ်” ဟု မာရန်က ပြောသည်။

“ရုရှားသာ ယူကရိန်းအရေးမှာ အောင်မြင်သွားရင် လာမယ့်နှစ်တွေမှာ ဘောလ်တစ်နိုင်ငံတွေကို ဖိအားတွေထပ်ပေးဖို့ လုပ်လာမှာပဲ” ဟုလည်း သူကပြောသည်။

“စစ်တိုက်ဖို့ခြိမ်းခြောက်ချက်က ပူတင်ရဲ့ အဓိကမူဝါဒလို ဖြစ်လာနေတယ်” ဟုလည်း သူကဆိုသည်။

ရုရှားသည် ယူကရိန်းနယ်စပ်သို့ စစ်မျက်နှာ ၁၀ ခုခန့် ခွဲ၍ ချည်းကပ်လာနေပြီး နေရာချထားသော တပ်ရင်း ၁၀၀ ခန့်၊ စုစုပေါင်း တပ်သားအင်အား ၁၇၀၀၀၀ ခန့်ရှိသည်ဟု ထောက်လှမ်းရေးအကြီးအကဲက ပြောသည်။

ဤအရေအတွက်၌ ယူကရိန်းနိုင်ငံ ပတ်ပတ်လည်တွင် ချထားသော ရုရှားအင်အားသာမက ဘယ်လာရုစ်နိုင်ငံ၌  စစ်ရေးလေ့ကျင့်ရန်ပို့ထားသော ရုရှားတပ်အင်အားလည်း ပါဝင်သည်။

ရုရှား-ဘယ်လာရုစ် စစ်ရေးလေ့ကျင့်မှုသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သော်လည်း ရုရှားတပ်ဖွဲ့ဝင် အချို့မှာ ဘယ်လာရုစ်တွင် ဆက်ရှိနေမည့် အနေအထားဖြစ်နေသဖြင့် နေတိုးမဟာမိတ်နိုင်ငံများအတွက် အထူး စိုးရိမ်ဖွယ်ရာ ဖြစ်လျက်ရှိသည်။

ဗီဒီယိုများ