မြန်မာအပေါ် ဖိအားပေးမှုမရှိသည့် အာဆီယံကို ဘလင်ကင် ဝေဖန်

ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာစစ်အစိုးရ ပြန်လည်လျှောက်လှမ်းစေရေးအတွက် လုံလောက်သည့်ဖိအား မပေးမှုအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အာဆီယံနိုင်ငံများအား ဝေဖန်လိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

12 Jul 2022

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်အား တွေ့ရစဉ်။ ဓာတ်ပုံ - AP

DMG ၊ ဇူလိုင် ၁၃

ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာစစ်အစိုးရ ပြန်လည်လျှောက်လှမ်းစေရေးအတွက် လုံလောက်သည့်ဖိအား မပေးမှုအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အာဆီယံနိုင်ငံများအား ဝေဖန်လိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘန်ကောက်တွင် ဇူလိုင်လ ၁၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဘလင်ကင်က မြန်မာနိုင်ငံတွင် ဖိနှိပ်ချုပ်ချယ်မှုများသည် ၁၈ လနီးပါးအထိ ကြာမြင့်ခဲ့ပြီဖြစ်ကာ စိတ်မကောင်းဖွယ်ရာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်အပေါ် မြန်မာ့အိမ်နီးချင်း နိုင်ငံများက ဖိအားပေးမှုများ မပြုလုပ်ကြသည့်အပေါ်တွင်လည်း စိတ်ပျက်မိကြောင်း ဘလင်ကင်က ပြောသည်။

“အပြုသဘောဆောင်တဲ့ တိုးတက်မှု ဘာမှမမြင်ရဘူးလို့ ပြောလို့ရတာကတော့ စိတ်မကောင်းစရာပါပဲ” ဟု သူက သတင်းထောက်များကို ပြောကြားသည်။

“အခြားတစ်ဘက်မှာတော့ မြန်မာလူထုဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ဆက်လက်ရင်ဆိုင်နေရတာကို ကျွန်တော်တို့ မြင်နေရပါတယ်” ဟု သူကပြောသည်။

ဘုံသဘောတူညီချက်ငါးရပ်ကို မြန်မာဘက်က ဆောင်ရွက်လာအောင် ကြိုးပမ်းနေသည့် အာဆီယံအဖွဲ့ကိုလည်း ဘလင်ကင်က ဝေဖန်ပြောကြားမှုများ ပြုလုပ်ခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးသည် မြန်မာစစ်တပ်အနေဖြင့် တာဝန်ယူမှုရှိလာအောင် ဆောင်ရွက်ရန် လိုအပ်ပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ပေးရန်၊ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန်၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းရန် တောင်းဆိုရန်လိုအပ်သည်ဟုလည်း သူကပြောသည်။

ဝန်ကြီးဘလင်ကင်သည် အင်ဒိုနီးရှားတွင်ကျင်းပသည့် G20 ထိပ်သီးအစည်းအဝေး တက်ရောက်ပြီးနောက် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ