- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
- လက်နက်ကိုင်တပ်ဖွဲ့အချို့ လူမျိုးရေးအစွဲပြု၍ ဖြိုခွဲနေကြောင်း စစ်ကောင်စီ လက်ဝေခံ ပါတီများ အပြစ်ဆို
- AA ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦး ဒဏ်ရာရ
ငြိမ်းချမ်းရေးအတွက် မြန်မာစစ်တပ် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း စင်္ကာပူပြော
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အဆုံးသတ်ရေးအတွက် မြန်မာစစ်တပ်ဘက်က ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
13 May 2021

DMG ၊ မေ ၁၃
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အဆုံးသတ်ရေးအတွက် မြန်မာစစ်တပ်ဘက်က ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
မြန်မာစစ်တပ်အနေဖြင့် ဖိနှိပ်မှုများကို လျှော့ချပြီး အတိုက်အခံများနှင့် ဆွေးနွေးလာအောင် အာဆီယံနိုင်ငံများကလည်း ဆက်လက်တွန်းအားပေးသင့်ကြောင်း သူက ပြောသည်။
ပြီးခဲ့သည့်လက ဂျာကာတာတွင် ကျင်းပသည့် မြန်မာ့အရေး အာဆီယံအစည်းအဝေးတွင် အချက်ငါးချက် တောင်းဆိုခဲ့သည်။ အဆိုပါတောင်းဆိုချက်များတွင် အကြမ်းဖက်မှုများ လျှော့ချရေး ပါဝင်သော်လည်း မြန်မာနိုင်ငံ၌ လက်ရှိအချိန်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် သေဆုံးသူ အရေအတွက်မှာ နေ့စဉ်နှင့် အမျှ မြင့်တက်နေဆဲ ဖြစ်သည်။
“ဒီကိစ္စက လွယ်ကူတဲ့ လုပ်ငန်းစဉ်တော့ မဟုတ်ပါဘူး။ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှုကို လိုအပ်ပါလိမ့်မယ်” ဟု စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှနန်က ပြောသည်။ လွှတ်တော်မေးခွန်းများကို ဖြေကြားရာ၌ မြန်မာစစ်တပ်အား တပ်မတော်ဟု သုံးနှုန်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
“အာယီယံသဘောတူညီချက်ကို မြန်မာစစ်တပ် လိုက်နာအောင် အာဆီယံဘက်က တညီတညွတ်တည်း ဆက်လက် တိုက်တွန်းဖို့ လိုပါလိမ့်မယ်၊ အထူးသဖြင့် ဖိနှိပ်မှုတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး သက်ဆိုင်ရာ အင်အားစုတွေအားလုံးနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ပါ” ဟု သူကပြောသည်။
ဘာလာကရစ်ရှန်၏ ပြောကြားချက်များသည် ဂျာကာတာတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးက တောင်းဆိုချက်များကို မြန်မာစစ်တပ်က လိုက်နာမှု မရှိခြင်းအပေါ် အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်ခုက ပထမဆုံး လူသိရှင်ကြား ပြောကြားချက် ဖြစ်သည်။
အာဆီယံအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော ထိန်းသိမ်းခံထားရသူများ လွတ်မြောက်ရေးအတွက် တောင်းဆိုသင့်သည်ဟုလည်း ဘာလာကရစ်ရှနန်က ပြောသည်။
မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးရန် အာဆီယံအဖွဲ့ဝင်နိုင်ငံ အချို့က သီးခြားတောင်းဆိုမှုများ ရှိသည်။ သို့သော် အာဆီယံအစည်းအဝေး၏ သဘောတူကြေညာချက်တွင်မူ နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးရန် ထည့်သွင်း တောင်းဆိုထားခြင်း မရှိပေ။
ထို့အပြင် အာဆီယံက စေလွှတ်မည့် မြန်မာ့အရေး အထူးကိုယ်စားလှယ် လာရောက်ခွင့်ပြုရေး ကိုလည်း ပြည်တွင်း တည်ငြိမ်မှုမရသေးမီ သဘောတူမည်မဟုတ်ဟု မြန်မာစစ်တပ်က ပြောထားသည်။