ဂျက်လေယာဉ်ဖြင့် ကြားဖြတ်ဟန့်မှု ပြုလုပ်ပြီးနောက် ဩစတေးလျအား ပြင်းထန်သောအကျိုးဆက်များ ရင်ဆိုင်ရနိုင်သည်ဟု တရုတ်သတိပေး

တရုတ်နိုင်ငံမှ တိုက်လေယာဉ်တစ်စင်းသည် တောင်တရုတ်ပင်လယ်ပြင်တွင် ဩစတြေးလျ၏ သူလျှိုလေယာဉ်များထဲမှ တစ်စင်းကို အန္တရာယ်ရှိစွာ ကြားဖြတ်ဟန့်တားခဲ့သည်ဟု  စွပ်စွဲပြောကြားခဲ့သော ဩစတေးလျအား တရုတ်က “အပြုအမူများကို ဆင်ခြင်ရန်”နှင့် မဟုတ်ပါက “ပြင်းထန်သောအကျိုးဆက်များ”ကိုရင်ဆိုင်ရနိုင်ကြောင်း ဇွန်လ ၆ ရက်နေ့တွင် သတိပေးလိုက် သည်။

08 Jun 2022

ကောင်းကင်ယံ၌ သရုပ်ပြနေသည့် ဂျေ-၁၆ တိုက်လေယာဉ်တစ်စီးအား ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရိုက်ကူးထားသောပုံ။ ဓာတ်ပုံ - AFP

DMG ၊ ဇွန် ၈

တရုတ်နိုင်ငံမှ တိုက်လေယာဉ်တစ်စင်းသည် တောင်တရုတ်ပင်လယ်ပြင်တွင် ဩစတြေးလျ၏ သူလျှိုလေယာဉ်များထဲမှ တစ်စင်းကို အန္တရာယ်ရှိစွာ ကြားဖြတ်ဟန့်တားခဲ့သည်ဟု  စွပ်စွဲပြောကြားခဲ့သော ဩစတေးလျအား တရုတ်က “အပြုအမူများကို ဆင်ခြင်ရန်”နှင့် မဟုတ်ပါက “ပြင်းထန်သောအကျိုးဆက်များ”ကိုရင်ဆိုင်ရနိုင်ကြောင်း ဇွန်လ ၆ ရက်နေ့တွင် သတိပေးလိုက် သည်။

၂ဝ၁၆ ခုနှစ် ဟိတ်ဆုံးဖြတ်ချက်တွင် ပယ်ချထားသော်လည်း တရုတ်က ၎င်း၏ ပိုင်နက်အဖြစ် အခိုင်အမာ ပြောဆိုထားသည့် တောင်တရုတ်ပင်လယ်အတွင်း ထောက်လှမ်းရေးလေယာဉ်များ ပျံသန်းလုပ်ဆောင်ခြင်းသည် အထူးအဆန်းမဟုတ်ကြောင်း သြစတြေးလျက စောဒကတက်ခဲ့သည်။
တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် အမေရိကန်နှင့်သာမက ၎င်းဒေသတွင် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို အခိုင်အမာ တောင်းဆိုထားသော ၎င်း၏ မဟာမိတ်များနှင့်ပါ တင်းမာမှုများ မြင့်တက်လာစေခဲ့သည်။

ပြီးခဲ့သောလနှောင်းပိုင်းတွင် တရုတ် ဂျေ-၁၆ တိုက်လေယာဉ်တစ်စင်းသည် သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့မှ အမှုထမ်းများ စစ်ရေးလေ့ကျင့်နေစဉ် P-8 ထောက်လှမ်းရေးလေယာဉ်ကို “အန္တရာယ်များသည့်” အပြုအမူဖြင့် ကြားဖြတ်ဟန့်တားခဲ့ကြောင်း သြစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချက်မာလက်စ်က တနင်္ဂနွေနေ့တွင် ပြောကြားသည်။

တရုတ်ဘက်ကမူ မိမိတို့အနေဖြင့် “လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ကို အကြောင်းပြ၍ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို မည်သည့်နိုင်ငံမှ ထိပါးခွင့်မပြုကြောင်း” တနင်္လာနေ့တွင် တုံ့ပြန်ပြောကြားခဲ့သည်။

" သြစတြေးလျနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေး အကျိုးစီးပွားနှင့် အဓိက အကျိုးစီးပွားများကို လေးနက်စွာ လေးစားလိုက်နာရန်နှင့် ကြီးလေးတဲ့ အကျိုးဆက်များကို ဖြစ်ပေါ်စေသည့် မှားယွင်းတဲ့ တွက်ချက်မှုများကို ရှောင်ရှားရန်အတွက် သတိရှိရှိ ပြောဆိုလုပ်ဆောင်ရန် တရုတ်နိုင်ငံက တိုက်တွန်းလိုက်သည်" ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ဩစတြေးလျနိုင်ငံမြောက်ဘက် ရေပြင်ရှိ ဩစတြေးလျ၏ ကာကွယ်ရေးလေယာဉ်များအနက် လေယာဉ်တစ်စင်းအပေါ်သို့ တရုတ်စစ်တပ်၏ စစ်ဘက်အဆင့် လေဆာရောင်ခြည် ကျရောက်မှုအား ယခင်အစိုးရလက်ထက်က “ခြိမ်းခြောက်မှု”ဟု ရည်ညွှန်းပြောကြားခဲ့မှုနောက်ပိုင်း ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ