- စစ်တွေတွင် လူငယ် ၄ ဦးကို စစ်ကောင်စီနှင့် ALP တို့ ဖမ်းဆီး
- တက္ကသိုလ်ကျောင်းသားများကို စစ်ကောင်စီက စစ်သင်တန်းပေးနေမှုအပေါ် ဗကသ ဆန့်ကျင်
- ချင်းတောင်တွင် စစ်ဘေးရှောင်များ ဝမ်းရောဂါဖြစ်ပွားမှုမြင့်တက်နေ၊ သေဆုံးသူ ၄ ဦးထိရှိလာ
- ကျောက်ဖြူတွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ
- စစ်တွေတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ မိသားစုဝင်များ ရွှေ့ပြောင်း
အိန္ဒိယသမုဒ္ဒရာ၌ အင်အားပြိုင်ဆိုင်မှု အရှိန်မြင့်လာကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး ပြောကြား
သင်္ဘောအစင်းရေ ၃၇၀ ကျော်ဖြင့် ကမ္ဘာ့အကြီးဆုံးရေတပ်ကို ဦးဆောင်ကွပ်ကဲနေသော တရုတ်နိုင်ငံသည် ၎င်းတို့၏ ဟိမဝန္တာနယ်စပ်တလျှောက်၌ ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် အိန္ဒိယတပ်ဖွဲ့ဝင် ၂၄ ဦးကို ကျဆုံးစေခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံအကြား ဆက်ဆံရေးယိုယွင်းသွားသလို အိန္ဒိယအတွက်လုံခြုံရေးမှာ စိုးရိမ်စရာဖြစ်လာခဲ့သည်။
16 Jan 2025

DMG ၊ ဇန်နဝါရီ ၁၆
အိန္ဒိယသမုဒ္ဒရာဒေသတွင် နိုင်ငံတကာအင်အားပြိုင်ဆိုင်မှု ပြင်းထန်လာနေကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရတ်ဂျ်နတ်ဆင်းက ဇန်နဝါရီ ၁၅ ရက်နေ့တွင် ပြောကြားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဓိကကျသည့် အဆိုပါ ကုန်သွယ်မှုလမ်းကြောင်းတွင် ရေတပ်အင်အားခိုင်မာရေးသည် အိန္ဒိယ၏ အကြီးမားဆုံးဦးစားပေးဖြစ်ကြောင်းလည်း ရတ်ဂျ်နတ်ဆင်းက ပြောကြားကြောင်း ရိုက်တာက ဖော်ပြသည်။
ဆင်းက မည်သည့်နိုင်ငံဟု အမည်တပ်ပြောဆိုခြင်း မရှိခဲ့သော်လည်း လေ့လာသူများကမူ ဆင်း ရည်ညွှန်းသည်မှာ တရုတ်ဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။
သင်္ဘောအစင်းရေ ၃၇၀ ကျော်ဖြင့် ကမ္ဘာ့အကြီးဆုံးရေတပ်ကို ဦးဆောင်ကွပ်ကဲနေသော တရုတ်နိုင်ငံသည် ၎င်းတို့၏ ဟိမဝန္တာနယ်စပ်တလျှောက်၌ ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် အိန္ဒိယတပ်ဖွဲ့ဝင် ၂၄ ဦးကို ကျဆုံးစေခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံအကြား ဆက်ဆံရေးယိုယွင်းသွားသလို အိန္ဒိယအတွက်လုံခြုံရေးမှာ စိုးရိမ်စရာဖြစ်လာခဲ့သည်။
ဗြိတိန်နှင့် အမေရိကန်တို့သည်လည်း အိန္ဒိယသမုဒ္ဒရာရှိ ဒီယေဂို ဂါစီယာကျွန်းတွင် ပူးတွဲ စစ်အခြေစိုက်စခန်းတစ်ခု ရှိသည်။
ဆွေးနွေးပွဲများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးသည့်နောက်၌ အောက်တိုဘာလတွင် သဘောတူညီမှု ရရှိခဲ့အပြီးတွင် တရုတ်နှင့် အိန္ဒိယတပ်များသည် မျက်နှာချင်းဆိုင် နေရာနှစ်ခုမှနေ၍ ပြန်လည်ဆုတ်ခွာခဲ့ကြသည်။
သို့သော်လည်း အိန္ဒိယစစ်တပ်အကြီးအကဲက “အငြားပွားဖွယ်ရာ အခြေအနေများမှာ အတိုင်းအတာတစ်ခုအထိ” ဆက်ရှိနေသေးကြောင်း ယခုသီတင်းပတ်အတွင်း သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ သီရိလင်္ကာနှင့် ပါကစ္စတန်နိုင်ငံများတွင် လုပ်ဆောင်လာသော ရင်းနှီးမြှုပ်နှံမှုများနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများမှ တဆင့် အိန္ဒိယ၏ပတ်ဝန်းကျင်တွင် တရုတ်၏သြဇာလွှမ်းမိုးမှု ကြီးထွားလာချိန်၌ အိန္ဒိယသည် တရုတ်ကိုတန်ပြန်ရန် ကြိုးပမ်းမှုများရှိလာခဲ့သည်။
နယူးဒေလီသည် ၂၀၃၅ ခုနှစ်တွင် သင်္ဘောအစီးပေါင်း ၁၇၅ စင်းပါဝင်သည့် အားကောင်းသော ရေတပ်အင်အားဖြစ်လာစေရန်အတွက် တိုးမြှင့်တည်ဆောက်ရန် စီစဉ်နေသည်။ လေ့လာသူများကမူ တစ်နှစ်လျှင် စစ်သင်္ဘော ၄ စီးသာ တည်ဆောက်နိုင်သော အိန္ဒိယသည် တစ်နှစ်လျှင် စစ်သင်္ဘော ၁၄ စင်း နီးပါး တည်ဆောက်နေသည့် တရုတ်နိုင်ငံနှင့် နှိုင်းယှဉ်ပါက တည်ဆောက်နိုင်စွမ်း နှေးကွေးလွန်းလှသည်ဟု ဆိုထားသည်။