နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၁၀ ဦးအား ဥရောပသမဂ္ဂ ဒဏ်ခတ်အရေးယူ

မြန်မာစစ်တပ်က ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၁၀ ဦးနှင့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီး နှစ်ခုအား ဒဏ်ခတ်အရေးယူသည့် စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း ဥရောပသမဂ္ဂ (အီးယူ) က ဧပြီလ ၁၉ ရက်နေ့တွင် ကြေညာလိုက်သည်။

By Foreign Desk 20 Apr 2021

ဓာတ်ပုံ - Reuters

DMG ၊ ဧပြီ ၂၀

မြန်မာစစ်တပ်က ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၁၀ ဦးနှင့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီး နှစ်ခုအား ဒဏ်ခတ်အရေးယူသည့် စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း ဥရောပသမဂ္ဂ (အီးယူ) က ဧပြီလ ၁၉ ရက်နေ့တွင် ကြေညာလိုက်သည်။

အသစ်ထပ်မံ အရေးယူလိုက်သူ ၁၀ ဦးမှာ ဖဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွှန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ ဦးဂျန်ဖန်နော်တောင် (Jeng Phang Naw Htaung)၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးစောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးချစ်နိုင်(စိတ်ပညာ) တို့ပါဝင်သည်။

ယခုထပ်မံ၍ ဒဏ်ခတ်အရေးယူလိုက်သူများသည် မြန်မာ့ ဒီမိုကရေစီအရေးနှင့် တရားဥပဒေစိုးမိုးရေးကို မျက်ကွယ်ပြုခဲ့ကြသလို ဖိနှိပ်သည့် ဆုံးဖြတ်ချက်များနှင့် ပြင်းထန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများ ဖြစ်သည်ဟု အီးယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ဥရောပသမဂ္ဂက ကနဦး ဒဏ်ခတ်အရေးယူထားသူ ၂၅ ဦးရှိပြီး အသစ်ထပ်မံဖြည့်စွက်လိုက်သူများ ကိုပါ ထည့်တွက်ပါက ၁၅ ဦး ရှိသွားပြီဖြစ်သည်။

အီးယူက ဒဏ်ခတ်အရေးယူလိုက်သည့် စီးပွားရေးလုပ်ငန်း နှစ်ခုမှာ မြန်မာ့စီးပွားရေးဦပိုင်နှင့်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ဖြစ်သည်။

စစ်တပ်က ပိုင်ဆိုင်ထားသည့် အဆိုပါကုမ္ပဏီကြီးနှစ်ခုသည် မြန်မာစစ်တပ်အတွက် အကျိုးအမြတ်များ ရှာဖွေပေးနေကြောင်း အီးယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာစစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ” ကို အီးယူနိုင်ငံများက တညီတညွတ်တည်း ရှုတ်ချလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုကဲ့သို့ အရေးယူမှုသည် “လက်ရှိလမ်းကြောင်း အတိုင်း ဆက်လက်လျှောက်လမ်းပါက ထပ်လောင်း ဆုံးရှုံးမှုများသာ ခံစားရမည်ဖြစ်သလို တရားဝင်အစိုးရအဖြစ် မည်သည့်အခါမျှ အသိအမှတ်ပြု ခံရမည်မဟုတ်” ကြောင်း စစ်ခေါင်းဆောင်များကို သတင်းစကား ပါးလိုက်ခြင်းဖြစ်ကြောင်းလည်း အီးယူ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဗီဒီယိုများ