ရုရှားအတွက် ယူကရိန်းစစ်ပွဲတွင်သုံးရန် လက်နက်များ မြောက်ကိုရီးယား ပေးပို့ခဲ့ကြောင်း အမေရိကန်ပြော

မြောက်ကိုရီးယားသည် ကွန်တိန်နာအလုံးပေါင်း ၁၀၀၀ ကျော်ဖြင့် လက်နက်ခဲယမ်းများကို ရုရှားအတွက် ပေးပို့ခဲ့သည်ဟု အိမ်ဖြူတော်က အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပြောကြားလိုက်သည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ယခုကဲ့သို့ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

By Admin 14 Oct 2023

ဓာတ်ပုံ - CNN
ဓာတ်ပုံ - CNN

DMG ၊ အောက်တိုဘာ ၁၄
မြောက်ကိုရီးယားသည် ကွန်တိန်နာအလုံးပေါင်း ၁၀၀၀ ကျော်ဖြင့် လက်နက်ခဲယမ်းများကို ရုရှားအတွက် ပေးပို့ခဲ့သည်ဟု အိမ်ဖြူတော်က အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပြောကြားလိုက်သည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ယခုကဲ့သို့ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
“DPRK က ရုရှားအတွက် စစ်လက်နက်ကိရိယာတွေ ထောက်ပံ့နေခြင်းကို ကျွန်တော်တို့ ရှုတ်ချပါတယ်။ ဒီလက်နက်တွေကို ယူကရိန်းမြို့များကို တိုက်ခိုက်ဖို့၊ ယူကရိန်းအရပ်သားတွေကို သတ်ဖြတ်ဖို့အပြင် ရုရှားရဲ့ တရားမဝင်စစ်ပွဲအတွက်ပါ အသုံးပြုမှာဖြစ်ပါတယ်” ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာ ပြောခွင့်ရ ဂျွန်ကာဘီက သတင်းထောက်များကို ပြောကြားသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ပြီးခဲ့သည့်လက ရုရှားနိုင်ငံသို့ သွားရောက်ပြီး သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံခဲ့သည်။ ဤတွေ့ဆုံမှုနှင့်အတူ လက်နက်ထောက်ပံ့ရေး သဘောတူညီချက်များ ရှိလာနိုင်ခြေကို ကိယက်ဗ်နှင့် မဟာမိတ်နိုင်ငံများအကြား စိုးရိမ်ပူပန်မှုများ ထိုစဉ်က ရှိခဲ့သည်။
အိမ်ဖြူတော်ကထုတ်ပြန်သည့် အချက်အလက်များအရ စက်တင်ဘာလ ၁ ရက်နှင့် အောက်တိုဘာလ ၁ ရက်ကြားတွင် မြောက်ကိုရီးယားနိုင်ငံ နာဂျင်းမြို့မှ ရုရှားနိုင်ငံ ဒူနေးမြို့အထိ ရေလမ်းကြောင်းမှတစ်ဆင့် ကွန်တိန်နာအလုံးရေ အများအပြား ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပစ္စည်းများအား ဒူနေးမှ တစ်ဆင့် မိုင် ၁၈၀ ခန့်ကွာဝေးသည့် ယူကရိန်းနယ်စပ်တွင်ရှိသော ရုရှားမြို့ တီခိုရပ်စ် (Tikhoretsk) အထိ ရထားလမ်းကြောင်းဖြင့် ပို့ဆောင်ခဲ့သည်။
ယခုထောက်ပံ့မှုများအတွက် ပြုံယမ်းဘက်ကလည်း ရုရှားထံမှ တိုက်လေယာဉ်၊ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်၊ သံချပ်ကာကား၊ ဒုံးကျည်ထုတ်လုပ်ရေး ကိရိယာများသို့မဟုတ် အခြားသော အဆင့်မြင့်နည်းပညာများ အပါအဝင် စစ်ရေးအကူအညီများ ရရှိရန် မျှော်လင့်ထားကြောင်း ဂျွန်ကာဘီက ပြောသည်။ 
ရုရှားသည် ယခုနှစ်တွင် လက်နက်ကျည်အရေအတွက်ကို ၂ သန်းခွဲအထိ တိုးမြှင့်ထုတ်လုပ်ခဲ့သော်လည်း စစ်မြေပြင်တွင် လိုအပ်ချက်အတွက် လုံလောက်မှုမရှိသေးကြောင်း လေ့လာသူများက ခန့်မှန်းကြသည်။ ရုရှားတပ်များသည် လက်ရှိ၌ နေ့စဉ် လက်နက်ကျည် ၆၀၀၀၀ ခန့် ပစ်ခတ်လျက်ရှိသည်ဟု ယူကရိန်းဘက်က ခန့်မှန်းထားသည်။

ဗီဒီယိုများ