အမေရိကန်စစ်စခန်းအသစ်များ ခွင့်ပြုမှုအပေါ် ဖိလစ်ပိုင်ကို တရုတ်သတိပေး

အမေရိကန်သည် ဖိလစ်ပိုင်တွင် စစ်အခြေစိုက်စခန်း ၅ နေရာရှိထားသည်။ ယခု ဖိလစ်ပိုင်သို့ ရောက်ရှိစဉ်၌ နောက်ထပ် အသစ် ၄ နေရာအတွက် နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများက သဘောတူခဲ့ကြသည်။

By Admin 04 Feb 2023

အမေရိကန်စစ်စခန်းအသစ်များ ခွင့်ပြုမှုအပေါ် ဖိလစ်ပိုင်ကို တရုတ်သတိပေး

တောင်တရုတ်ပင်လယ်ရှိ အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စီးပေါ်၌ တိုက်လေယာဉ်သုံးစင်း ရပ်နားထားသည်ကို ၂၀၂၃ ဇန်နဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

ဖိလစ်ပိုင်မြေပေါ်၌ နောက်ထပ် အမေရိကန်အခြေစိုက် စစ်စခန်းအသစ် ၄ ခု ခွင့်ပြုလိုက်သည့်အပေါ် တရုတ်အစိုးရက ဖိလစ်ပိုင်ကို သတိပေးလိုက်ကြောင်း South China Morning Post သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မနီလာရှိ တရုတ်သံရုံးက သောကြာနေ့ထုတ်ပြန်သည့် ကြေညာချက်၌ အမေရိကန်ထံတွင် ‘အမြတ်ထုတ်ခံ’ ဖြစ်ခြင်းကို ရှောင်ရန် ထည့်သွင်း ပြောကြားထားသည်ကို တွေ့ရသည်။ တင်းမာမှုများ မြင့်တက်လာခြင်းနှင့် ပတ်သက်၍  ဖိလစ်ပိုင်နှင့် အမေရိကန်တို့၏ ကြာသပတေးနေ့ ပူးတွဲကြေညာချက်၏ တာဝန်ဖြစ်ကြောင်းလည်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကိုယ်ကျိုးစီးပွားနှင့် အလုံးစုံအောင်နိုင်ရေး ခံယူချက်တို့ဖြင့် အမေရိကန်ပြည်ထောင်စုသည် ဒေသတွင်း၌ စစ်ရေးဖြန့်ကြက်မှုကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ၎င်း၏ လုပ်ရပ်များက ဒေသတွင်းတင်းမာမှုကို မြင့်တက်စေသလို ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုလည်း အလေးမထားခြင်း ဖြစ်သည်” ဟု တရုတ်သံရုံးက ပြောကြားသည်။

အမေရိကန်သည် ဖိလစ်ပိုင်တွင် စစ်အခြေစိုက်စခန်း ၅ နေရာရှိထားသည်။ ယခု ဖိလစ်ပိုင်သို့ ရောက်ရှိစဉ်၌ နောက်ထပ် အသစ် ၄ နေရာအတွက် နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများက သဘောတူခဲ့ကြသည်။

အမေရိကန်အခြေစိုက် စခန်းအများစုမှာ ထိုင်ဝမ်နှင့် အနီးဆုံးအနေအထားတွင် ရှိနေသည့် လူဇွန်ကျွန်းတွင် တည်ရှိသည်။ 

အာရှတွင် တရုတ်သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန်ရည်ရွယ်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် အာရှတစ်ခွင်၌ ခရီးလှည့်လျက်ရှိသည်။ 

အာရှဒေသတွင် တရုတ်သည် အရှေ့နှင့် တောင်တရုတ်ပင်လယ် ရေပြင်များ၌ စစ်ရေးဖြန့်ကြက်မှုများ တိုးမြှင့်ပြုလုပ်လာနေပြီး အမေရိကန်ကလည်း တန်ပြန်ထိန်းညှိမှုများ ရှိနေသဖြင့် နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လျှက်ရှိသည်။ အင်အားကြီးနှစ်နိုင်ငံ အကြား တင်းမာမှုနှင့်အတူ အာရှနိုင်ငံများအနေဖြင့်လည်း တစ်ဘက်ဘက်သို့ ရွေးချယ်လာအောင် ဖိအားပေးခံရမှုများ ရှိလာမည်ကို စိုးရိမ်လျက်ရှိကြသည်။

ဗီဒီယိုများ