တရုတ်ထောက်လှမ်းရေးပူပေါင်း အမေရိကန်ဝေဟင်၌ ပျံသန်းနေဟု ပင်တဂွန်ပြော

ပူပေါင်းသည် လွန်ခဲ့သည့် နှစ်ရက်ခန့်တည်းက အမေရိကန် လေပိုင်နက်ထဲသို့ ဝင်လာခဲ့ခြင်းဖြစ်ကာ  အမေရိကန် ထောက်လှမ်းရေးဘက်က ထိုစဉ်တည်းက စောင့်ကြည့်နေခြင်း ဖြစ်သည်။

By Admin 04 Feb 2023

တရုတ်ထောက်လှမ်းရေးပူပေါင်း အမေရိကန်ဝေဟင်၌ ပျံသန်းနေဟု ပင်တဂွန်ပြော

အမေရိကန်ပြည်ထောင်စု မွန်တားနားပြည်နယ် ဘီလင်မြို့ပေါ်မှ ပျံသန်းသွားသည့် လေပူပေါင်းအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - AP

အမေရိကန်ပြည်ထောင်စု ဝေဟင်၌ ပျံသန်းနေသော တရုတ်ထောက်လှမ်းရေးပူပေါင်းဟု ယူဆရသည့်အရာကို ခြေရာခံစောင့်ကြည့်နေကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

အဆိုပါပူပေါင်းအား သမ္မတဂျိုးဘိုင်ဒန်က ပစ်ချလိုက်ရန် ပြောကြားသော်လည်း ပူပေါင်းမှ အပျက်အစီးများက အများပြည်သူအပေါ် အန္တရာယ်ရှိကောင်းရှိမည် ဖြစ်သဖြင့် မပစ်ရန် အကြီးတန်းအကြံပေးများက အကြံပြုထားကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

ပူပေါင်းသည် အရေးကြီးသည့် လေတပ်စခန်းများ၊ မြေအောက် စခန်းများ၌ မဟာဗျူဟာဒုံးကျည်များ တည်ရှိရာ အမေရိကန် အနောက်မြောက်ပိုင်းတွင် အမြင့်မှ ပျံသန်းနေခြင်း ဖြစ်သည်ဟု အကြီးတန်းကာကွယ်ရေး အရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားသည်။

“ဒီပူပေါင်းက ထောက်လှမ်းဖို့ရည်ရွယ်ချက်နဲ့ ရှိနေတာ ရှင်းပါတယ်။ လက်ရှိ သူ့ရဲ့ လမ်းကြောင်းမှာလည်း အရေးပါတဲ့ စခန်းနေရာတွေ ရှိနေတာပါ” ဟု အမည်မဖော်လိုသူ အရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ဖြေကြားသည်။

ပူပေါင်းသည် လွန်ခဲ့သည့် နှစ်ရက်ခန့်တည်းက အမေရိကန် လေပိုင်နက်ထဲသို့ ဝင်လာခဲ့ခြင်းဖြစ်ကာ  အမေရိကန် ထောက်လှမ်းရေးဘက်က ထိုစဉ်တည်းက စောင့်ကြည့်နေခြင်း ဖြစ်သည်။

မွန်တားနားပြည်နယ်ပေါ်၌ အဆိုပါပူပေါင်း ရောက်ရှိနေစဉ်၌ တိုက်လေယာဉ်များသည် အနီးကပ်သွားရောက် စစ်ဆေးလေ့လာခဲ့သည်။

လက်ရှိအချိန်အထိ အဆိုပါပူပေါင်းသည် အမေရိကန် ဝေဟင်၌ ပျံသန်းနေဆဲဖြစ်ကာ အမေရိကန်ထောက်လှမ်းရေးက တောက်လျှောက် စောင့်ကြည့်နေဆဲဖြစ်ကြောင်း ပင်တဂွန်ပြောခွင့်ရ ပက်ရိုက်ဒါက အတည်ပြုသည်။

၎င်းသည် ပုံမှန်လေယာဉ်များ ပျံသန်းသည့် အမြင့်ထက် ပိုမြင့်သည့်နေရာမှ ပျံသန်းနေခြင်း ဖြစ်သဖြင့် မြေပြင်လူထုအတွက် စစ်ရေး သို့မဟုတ် အခြားသော တိုက်ရိုက် အန္တရာယ် ဖြစ်စေမှုတစ်စုံတစ်ရာ မရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ