သမ္မတဘိုင်ဒန်နှင့် ပြီးခဲ့သောသီတင်းပတ်က တွေ့ခဲ့သည့် ဆော်ဒီမင်းသားနှင့် ပူတင်တို့ လောင်စာဆီအရေး ဆွေးနွေး


23 Jul 2022

ရုရှားသမ္မတ ဗလာဒီမာပူတင်။ ဓာတ်ပုံ - Reuters
 
DMG ၊ ဇူလိုင် ၂၃
 
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မန်တို့သည် ဇူလိုင်လ ၂၁ ရက်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး ရေနံထုတ်လုပ်သောနိုင်ငံများအဖွဲ့ (OPEC) နှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရေး၏ အရေးပါမှုကို အလေးထားဆွေးနွေးခဲ့ကြောင်း ကရင်မလင်က ပြောကြားလိုက်သည်။
 
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဆော်ဒီသို့ အလည်အပတ်လာရောက်ပြီး အိမ်ရှေ့မင်းသားနှင့် တွေ့ဆုံခဲ့ပြီးနောက် ခြောက်ရက်အကြာ၌ ယခုကဲ့သို့ ပူတင်၏ ပြောဆိုဆွေးနွေးမှု ရှိလာခြင်းဖြစ်သည်။ ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်များ လှုပ်ခတ်နေချိန်၌ ဆော်ဒီသည် ဝါရှင်တန်အတွက်သာမက မော်စကိုအတွက်ပါ အရေးပါသောနေရာတွင် ရှိနေကြောင်းကို ဤအချက်က မီးမောင်းထိုးပြလျက်ရှိသည်။
 
“လက်ရှိ ကမ္ဘာ့လောင်စာဆီဈေးကွက် အနေအထားကို အသေးစိတ် သုံးသပ်ခဲ့သည်။ OPEC+ ၏ မူဘောင်အတွင်း ထပ်မံ၍ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကိုလည်း အလေးထားပြောကြားခဲ့သည်” ဟု ကရင်မလင်က ဆိုသည်။
 
“ဤဖွဲ့စည်းပုံဖြင့် ပါဝင်လည်ပတ်နေကြသော နိုင်ငံများသည် ကမ္ဘာ့စွမ်းအင်ဈေးကွက်၏ လိုအပ်သော ဟန်ချက်နှင့် တည်ငြိမ်မှုကို ထိမ်းသိမ်းရေးတာဝန်အား အပြောင်းအလဲမရှိဘဲ ထမ်းဆောင်လျက်ရှိကြသည်ကို ဝမ်းမြောက်စွာဖြင့် မှတ်တမ်းတင်အပ်ပါသည်” ဟု ကရင်မလင်က ထုတ်ပြန်သည်။
 
ဘိုင်ဒန်သည် ပြီးခဲ့သည့်သီတင်းပတ်တွင် အရှေ့အလည်ပိုင်းခရီးစဉ်ကို အဆုံးသတ်ခဲ့သော်လည်း ဆော်ဒီ၏ ရေနံဈေးလျှော့ချရေးအတွက် ထုတ်လုပ်မှု တိုးမြှင့်မည့်အကြောင်းကို တစ်စုံတစ်ရာ ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
 
အမေရိကန်-အာရပ် ထိပ်သီးအစည်းအဝေးတွင် ရေနံအရေးကို ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
 
OPEC+ အဖွဲ့အနေဖြင့် ဈေးကွက်အခြေအနေကို ဆက်လက်လေ့လာဆန်းစစ်ပြီး လိုအပ်သလို ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားထားသည်။

ဗီဒီယိုများ