ရုရှားအရာရှိများ အီရန်သို့သွားပြီး ဒရုန်းများကြည့်ရှုခဲ့ဟု အမေရိကန်ပြော

ရုရှားအရာရှိများသည် တိုက်ခိုက်ရေးဒရုန်းများကို ကြည့်ရှုရန်အတွက် မကြာသေးမီကမှ အီရန်ရှိ လေယာဉ်ကွင်းတစ်ခုသို့ သွားရောက်ခဲ့ကြသည်ဟု ယုံကြည်ရကြောင်း အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန်က ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြောကြားလိုက်သည်။

18 Jul 2022

ဓာတ်ပုံ - Kyiv Post

DMG ၊ ဇူလိုင် ၁၈

ရုရှားအရာရှိများသည် တိုက်ခိုက်ရေးဒရုန်းများကို ကြည့်ရှုရန်အတွက် မကြာသေးမီကမှ အီရန်ရှိ လေယာဉ်ကွင်းတစ်ခုသို့ သွားရောက်ခဲ့ကြသည်ဟု ယုံကြည်ရကြောင်း အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန်က ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြောကြားလိုက်သည်။

အီရန်သည် ရုရှားကို ဒရုန်းရာပေါင်းများစွာ ထောက်ပံ့ရန် ပြင်ဆင်နေပြီး ၎င်းတို့အနက် လက်နက်သယ်ဆောင်ပစ်ခတ်နိုင်သော ဒရုန်များလည်း ပါဝင်ကာ ရုရှားစစ်တပ်ကို အီရန်ဘက်က အသုံးပြုနည်းများပါ သင်ပေးရန် စီစဉ်နေကြောင်း အမေရိကန်ပြည်ထောင်စုက ယခုသီတင်းပတ် အစောပိုင်းတည်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ သိထားရသလောက် ဆိုရင်တော့ ရုရှားကိုယ်စားလှယ်အဖွဲ့ ဒီလိုကြည့်ဖို့ အီရန်ကိုသွားတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်” ဟု ဂျိတ်ဆာလီဗန်က ကြေညာချက်တစ်စောင်တွင် ထည့်သွင်းပြောကြားထားသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူဆိန်အာမီယာအဗ္ဗဒူလာဟီအန်ကမူ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးအား ဇူလိုင်လ ၁၅ ရက်နေ့က ဖုန်းဖြင့်ဆက်သွယ်ပြီး အမေရိကန်၏ စွပ်စွဲချက်များ မဟုတ်မမှန်ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းစစ်ပွဲတွင် အသုံးပြုရန် ရုရှားအား အီရန်တို့က ဒရုန်းများ ထောက်ပံ့နေသည် ဆိုသော အမေရိကန်၏ စွပ်စွဲချက်သည် အခြေအမြစ်မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

အမေရိကန်သမ္မတဘိုင်ဒန်သည် အီရန်နှင့် ရုရှားတို့ ဆက်ဆံရေး အားကောင်းလာမှုအပေါ် ထောက်ပြပြီး အာရပ်နိုင်ငံများအနေဖြင့် ယူကရိန်းအရေးတွင် ပိုမိုခိုင်မာသည့် ရပ်တည်ချက်များ ထားရှိကြရန် ဖိအားပေးလျက်ရှိသည်။

ရုရှားနှင့် စွမ်းအင်နှင့် စီးပွားရေး ကူးဆက်ဆက်ဆံမှုများ ရှိထားသည့် ပင်လယ်ကွေ့နိုင်ငံများကမူ အမေရိကန်၏ ဖိအားပေးမှုကို ငြင်းဆန်ကာ ရုရှား-ယူကရိန်းအရေးတွက် တစ်ဘက်ဘက်မှရပ်တည်ရန် ငြင်းဆိုထားကြသည်။

ဗီဒီယိုများ