အမေရိကန်သည်လည်း တရုတ်ဝေဟင်သို့ ပူပေါင်းများစေလွှတ်ခဲ့သည်ဟု တရုတ်ဘက်က ပြန်စွပ်စွဲ

တရုတ်သည် ကမ္ဘာတစ်ဝန်းတွင် ထောက်လှမ်းရေး ပျံသန်းရေးယာဉ်များ စေလွှတ်လျက်ရှိကြောင်း အမေရိကန်၏ ပြောကြားချက်အပေါ် ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

By Admin 14 Feb 2023

အမေရိကန်တိုက်လေယာဉ်ဖြင့် ပစ်ချလိုက်သည့် တရုတ်ပူပေါင်း၏ အပျက်အစီးများကို ဆယ်ယူနေစဉ်။ ဓာတ်ပုံ - AFP
အမေရိကန်တိုက်လေယာဉ်ဖြင့် ပစ်ချလိုက်သည့် တရုတ်ပူပေါင်း၏ အပျက်အစီးများကို ဆယ်ယူနေစဉ်။ ဓာတ်ပုံ - AFP

အမေရိကန်သည် တရုတ်ပိုင်နက်ထဲသို့ ပူပေါင်းများ စေလွှတ်ခဲ့သည်ဟု တရုတ်ဘက်က စွပ်စွဲပြောကြားလိုက်သည်။ တရုတ်သည် ကမ္ဘာတစ်ဝန်းတွင် ထောက်လှမ်းရေး ပျံသန်းရေးယာဉ်များ စေလွှတ်လျက်ရှိကြောင်း အမေရိကန်၏ ပြောကြားချက်အပေါ် ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

“တခြားနိုင်ငံတွေရဲ့ ဝေဟင်ပိုင်နက်ထဲကို တရားမဝင် ခိုးဝင်တာဟာ အမေရိကန်အတွက်လည်း အထူးအဆန်းတော့ မဟုတ်ပါဘူး” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝန်ဝမ်ဘင်က တနင်္လာနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ပြီးခဲ့တဲ့ တစ်နှစ်တည်းမှာကိုပဲ အမေရိကန်ပူပေါင်းတွေဟာ တရုတ်အာဏာပိုင်တွေရဲ့ တရားဝင်ခွင့်ပြုချက်  ဘာမှမရှိဘဲ တရုတ်ပြည်ပေါ်ကနေ ၁၀ ကြိမ်ထက်မနည်း တရားမဝင် ပျံသန်းခဲ့ပါတယ်” ဟု သူကပြောသည်။

ဝါရှင်တန်ကမူ တရုတ်၏ပြောကြားချက်ကို “မှားယွင်း”ကြောင်း အသည်းအသန် ငြင်းဆိုသလို တရုတ်သည်သာ သူလျှိုပူပေါင်းများ ခိုးကြောင်ခိုးဝှက် ပျံသန်းနေခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောကြားသည်။

“တရုတ်သည်သာ အမေရိကန်အပါအဝင် တိုက်ကြီး ၅ တိုက်က နိုင်ငံပေါင်း ၄၀ ကျော်ရဲ့ အချုပ်အခြာအာဏာကို ဖောက်ဖျက်ပြီး အမြင့်ပျံ စောင့်ကြည့်ရေးပူပေါင်းတွေနဲ့ ထောက်လှမ်းရေးသတင်းစုဆောင်းတဲ့ အစီအစဉ်ကို ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် အက်ဒရီယန်ဝပ်ဆင်က တွစ်တာပေါ်တွင် ပြောကြားထားသည်။

အမေရိကန်၏ ပူပေါင်းကျူးကျော်မှုများကို မည်ကဲ့သို့ ဖြေရှင်းခဲ့သနည်းဟု မေးရာ ဝန်ဝမ်ဘင်က ဘေဂျင်းအနေဖြင့် “တာဝန်သိစိတ်ရှိရှိဖြင့် ပရော်ဖက်ရှင်နယ်ဆန်ဆန် ဖြေရှင်းခဲ့” သည်ဟု ဆိုသည်။ 

“တရုတ်ဝေဟင်ထဲ ခိုးဝင်နေတဲ့ အမေရိကန်ရဲ့ အမြင့်ပျံပူပေါင်းတွေ အကြောင်းကို ပိုသိချင်ရင် အမေရိကန်ဘက်ကို မေးကြည့်ကြပါလို့ပဲ ပြောချင်ပါတယ်” ဟုလည်း သူကပြောကြားသည်။

ဗီဒီယိုများ