- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ပဋိပက္ခအရှိန် မြင့်တက်လာနေသည့် သီရိလင်္ကာတွင် ဆိုရှယ်မီဒီယာအသုံးပြုခွင့် ပိတ်ပင်
သီရိလင်္ကာနိုင်ငံတွင် တနင်္ဂနွေနေ့မှ စတင်၍ ဖေ့စ်ဘုတ်နှင့် တွစ်တာအပါအဝင် ဆိုရှယ်မီဒီယာများ အသုံးပြုခွင့်ပိတ်ပင်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
04 Apr 2022

DMG ၊ ဧပြီ ၄
သီရိလင်္ကာနိုင်ငံတွင် တနင်္ဂနွေနေ့မှ စတင်၍ ဖေ့စ်ဘုတ်နှင့် တွစ်တာအပါအဝင် ဆိုရှယ်မီဒီယာများ အသုံးပြုခွင့်ပိတ်ပင်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သီရိလင်္ကာသည် စားနပ်ရိက္ခာ၊ လောင်စာဆီနှင့် အခြားအရေးပါသော အခြေခံလိုအပ်ချက်များ ပြတ်လပ်မှုဒဏ်ကို အပြင်းအထန် ရင်ဆိုင်နေရသည်။ ဈေးနှုန်းများ မတန်တဆ မြင့်တက်နေသလို လျှပ်စစ်မီးသုံးစွဲမှု မလုံလောက်ခြင်းကိုလည်း ရင်ဆိုင်နေရသည်။
စီးပွားရေးအကျပ်အတည်း ကြီးထွားလာမှုနှင့်အတူ ဆန္ဒပြမှုများ အရှိန်မြင့်လာခြင်းကို ထိန်းချုပ်ရန် သမ္မတဂိုတာဘာယာရာဂျာပါဆာသည် သောကြာနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
မြို့တော်ကိုလံဘိုရှိ သမ္မတအိမ်ရာသို့ ဆန္ဒပြသူ ရာပေါင်းများစွာ ဝင်ရောက်ရန်ကြိုးပမ်းခဲ့ပြီး နောက်တစ်ရက်တွင် ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။ အရေးပေါ်အခြေအနေ ကြေညာချက်သည် တနင်္လာနေ့နံနက်အထိ အသက်ဝင်မည်ဖြစ်သည်။
သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်အရ အင်တာနက်ကုမ္ပဏီများက ပိတ်ပင်ထားသည့် ဆိုရှယ်မီဒီယာများတွင် ဖေ့စ်ဘုတ်၊ တွစ်တာ၊ ယူကျူ့၊ အင်တာဂရမ်နှင့် WhapsApp တို့လည်း ပါဝင်သည်။
“ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတွေဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ အသုံးပြုခွင့်ကို ယာယီပိတ်ပင်ထားမှာ ဖြစ်ပါတယ်” ဟု အစိုးရထောက်ခံသည့် အာဒါဒီရာနာ အသံလွှင့်ဌာနက ကြေညာခဲ့သည်။
ကိုလံဘိုအနီးတစ်ဝိုက်တွင် ဆန္ဒပြသူ ရာပေါင်းများစွာသည် ညမထွက်ရအမိန့်ကို အံတုပြီး စနေနေ့ညက ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြကာ ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြသည်ဟု ရဲနှင့် ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
လက်ရှိအချိန်၌ နိုင်ငံတစ်ဝန်းတွင် စစ်တပ်အင်အားကို ဖြန့်ကြက် နေရာချထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကိုလံဘိုတွင် အရေးပေါ်ဥပဒေများ ထုတ်ပြန်မှုနှင့် ပတ်သက်၍ အနောက်နိုင်ငံများမှ သံတမန်များက စိုးရိမ်ပူပန်မှုများ ပြသခဲ့သလို မိမိတို့အနေဖြင့် ဖြစ်စဉ်များအပေါ် အနီးကပ် စောင့်ကြည့်နေကြောင်းလည်း ပြောကြားသည်။