သမ္မတထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်ကြော်ငြာအား Facebook ဖြုတ်ချ

Facebook လူမှုကွန်ယက်သည် အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်ကြော်ငြာတစ်ခုအား ကြော်ငြာခွင့်မပြုဘဲ ပြန်လည်ဖြုတ်ချခဲ့ကြောင်း AFP သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။

By Foreign Desk 07 Mar 2020

ထရမ့်၏ကြော်ငြာသည် မလိမ့်တပတ်ကြော်ငြာဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဌ ပီလိုဆီက ပြောကြားလိုက်ပြီး နာရီပိုင်းအကြာတွင် Facebook ကယင်းကို ဖြုတ်ချလိုက်ခြင်းဖြစ်သည်။ Photo Credit - AFP

Facebook လူမှုကွန်ယက်သည် အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်ကြော်ငြာတစ်ခုအား ကြော်ငြာခွင့်မပြုဘဲ ပြန်လည်ဖြုတ်ချခဲ့ကြောင်း AFP သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။

သမ္မတထရမ့်၏ ကြော်ငြာသည် လာမည့်အပတ်တွင် အမေရိကန်ပြည်သူအများစုအတွက်စတင်တော့မည့် ၂၀၂၀ သန်းခေါင်စာရင်းနှင့်ပတ်သက်ပြီး ထင်ယောင်ထင်မှားဖြစ်စေနိုင်သည့်အတွက် ကြော်ငြာခွင့်မပြုခြင်းဖြစ်ကြောင်း Facebook မှထုတ်ပြန်သည့် ကြေညာချက်တစ်စောင်ထဲတွင်ဖော်ပြထားသည်။

သမ္မတထရမ့်၏ ကြော်ငြာသည် ဆယ်စုနှစ်တစ်ခုတွင် တစ်ကြိမ်သာပြုလုပ်သော သန်းခေါင်စာရင်းကောက်ယူမှုနှင့် ပတ်သက်ပြီး ထင်ယောင်ထင်မှားဖြစ်စေနိုင်သော မလိမ့်တပတ်ကြော်ငြာဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဌ ပီလိုဆီ က ပြောကြားလိုက်ပြီး နာရီပိုင်းအကြာတွင် Facebook က ထရမ့်၏ကြော်ငြာကိုဖြုတ်ချလိုက်ခြင်းဖြစ်သည်။

သမ္မထရမ့်၏မဲဆွယ်ကြော်ငြာတွင် ၂၀၂၀ လွှတ်တော်ဆိုင်ရာခရိုင်သန်းခေါင်စာရင်းကောက်ယူမှုမှာပါဝင်ဖို့ သင့်အား သမ္မတထရမ့်မှအလိုရှိသည်ဟု ဖော်ပြထားပြီး စစ်တမ်းဖြေဆိုပါ ဟူသောအနီရောင်ခလုတ်တစ်ခုလည်းပါဝင်ကာ ယင်းကိုနှိပ်လိုက်ပါက နိုင်ငံရေးပါတီများတွင်ပါဝင်ပတ်သက်မှု၊ လာမည့်ရွေးကောက်ပွဲအတွက် ထရမ့်ကို ထောက်ခံခြင်း ရှိ၊မရှိ စသည့်မေးခွန်းများနှင့်အခြားမေးခွန်းကိုဖြေဆိုရမည့် website တစ်ခုသို့ရောက်ရှိသွားသည်ကိုတွေ့ရသည်။

ထိုကြော်ငြာနှင့်အလားသဏ္ဍာန်တူ စစ်တမ်းများပါဝင်သောစာများကို အမေရိကန်ပြည်ထောင်စုတဝမ်းဖြန့်ဝေခဲ့သည် ကိုလည်းတွေ့ရသည်။

ထရမ့်၏ ထိုကဲ့သို့သော ရွေးကောက်ပွဲမဲဆွယ်လှုံ့ဆော်ကြော်ငြာများကြောင့် အချို့အမေရိကန်ပြည်သူများသည် ၎င်းတို့အနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှုတွင် အချက်အလက်များဖြည့်သွင်းပြီးသွားပြီဟု အမှတ်မှားပြီး တကယ်တမ်း သန်းခေါင်စာရင်းကောက်ယူချိန်တွင် မဖြည့်သွင်းတော့ခြင်းမျိုး ဖြစ်ပေါ်နိုင်ဖွယ်ရှိနေခြင်း ဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူရေးဗဟိုဌာနမှ အရာရှိများကလည်း သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်ပြီး ပြည်သူများ ထင်ယောင်ထင်မှားဖြစ်နိုင်သည့် အွန်လိုင်းနှင့် အခြားပုံစံနှင့်ကြော်ငြာခြင်းများအတွက် အထူးသတိပေး ထားပြီးဖြစ်သည်။

သမ္မတထရမ့်၏ Facebook မဲဆွယ်ကြော်ငြာအများအပြားကို အင်္ဂါနေ့ကတည်းက သမ္မတထရမ့်နှင့် ဒုသမ္မတမိုက်ခ်ပန့်စ် တို့၏ တရားဝင် Facebook Page များမှတစ်ဆင့် စတင်ကြော်ငြာခဲ့ခြင်းဖြစ်ပြီး Facebook မှကြာသာပတေးနေ့တွင် ဖြုတ်မချမီအချိန် အတွင်း လူပေါင်း ထောင်နှင့်သောင်းနှင့်ချီကာမြင်တွေ့သွားခဲ့ပြီးဖြစ်သည်။

ဗီဒီယိုများ