အမေရိကန်က ကူညီထားသည့် ပစ်မလွဲဒုံးကျည်များကြောင့် ယူကရိန်းစစ်ပွဲ ရလဒ်များ အပြောင်းအလဲရှိလာ

ယူကရိန်းစစ်တပ်ကို အကူအညီပေးထားသည့် အမေရိကန်လုပ် ပစ်မလွဲဒုံးကျည်များသည် တိုက်ပွဲများတွင် အထူးအင်အားတစ်ရပ် ဖြစ်လာနေကြောင်း ကျွမ်းကျင်သူများ၏ ပြောကြားချက်များကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

16 Jul 2022

ဓာတ်ပုံ - AFP

DMG၊ ဇူလိုင် ၁၆

ယူကရိန်းစစ်တပ်ကို အကူအညီပေးထားသည့် အမေရိကန်လုပ် ပစ်မလွဲဒုံးကျည်များသည် တိုက်ပွဲများတွင် အထူးအင်အားတစ်ရပ် ဖြစ်လာနေကြောင်း ကျွမ်းကျင်သူများ၏ ပြောကြားချက်များကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယူကရိန်းစစ်တပ်သည် ရုရှားကိုရင်ဆိုင်ရာတွင် အဆိုပါဒုံးကျည်များကို ဇွန်လတည်းက စတင်အသုံးပြုလာခြင်းဖြစ်သည်။

ယူကရိန်းသည် ဇွန်လလယ်ခန့်မှစ၍ Himars (ဟီမား) တာဝေးပစ်ဒုံးကျည်စနစ်များကို အသုံးပြုကာ အရေးပါသည့် ရုရှား လက်နက်ဂိုဒေါင်များနှင့် ကွပ်ကဲရေးဌာန ၂၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့သည်။ အဆိုပါနေရာများသည် ရှေ့တန်းစစ်မျက်နှာနှင့် အလွန်ဝေးသောနေရာတွင် ရှိနေသဖြင့် ယခင်က ပုံမှန်လက်နက်ကြီးများဖြင့် ပစ်ခတ်ရန် လက်လှမ်းမမီခဲ့သည့် နေရာများဖြစ်သည်။

ဆိုရှယ်မီဒီယာပေါ်၌ တွေ့ရသည့် ဗီဒီယိုများတွင် ရုရှားထိန်းချုပ်ထားသည့် လူဟန့်စ်၊ နိုဗာခါကော့ဗ်ကာနှင့် အခြားနေရာများရှိ လက်နက်တိုက်များတွင် အထူးရှည်လျားသည့် ပေါက်ကွဲမှုကြီးများ မြင်တွေ့ရသည်။ ဤအချက်က အမေရိကန်လုပ် ဟီမားဒုံးကျည်များ၏ တိကျမှုနှင့် ပြင်းအားကို ဖော်ပြနေခြင်းလည်း ဖြစ်သည်။

“ကျူးကျော်သူတွေဟာ ခေတ်မီလက်နက်ကြီးတွေအကြောင်းကို ကောင်းကောင်း ခံစားနေကြရပါပြီ။ ကျွန်တော်တို့ရဲ့ မြေပေါ်မှာ သူတို့အတွက် လုံခြုံတဲ့နေရာ ရှိမှာမဟုတ်ပါဘူး” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးက ပြောသည်။

သို့သော်လည်း ဤလက်နက်အသစ်များသည် ကုထုံးအမှန်မဟုတ်ကြောင်း ကျွမ်းကျင်သူများက သတိပေးကြသည်။ ယူကရိန်းအနေဖြင့် ရုရှားကို တွန်းလှန်တိုက်ခိုက်ရန်အတွက် နောက်ထပ်လက်နက်များ လိုအပ်ပြီး ရေဒါစနစ်များနှင့် ပေါင်းစပ်အသုံးပြုရန် လိုအပ်သည်ဟု သူတို့က ထောက်ပြသည်။

HIMARS ဟု အတိုကောက်ခေါ်ကြသည့် M142 High Mibility Artillery Rocket System သည် ပေါ့ပါးပြီး အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်သည်။ ဒုံးကျည်များသည် မိုင် ၅၀ ခန့်အကွာအဝေးအထိ ပစ်ခတ်နိုင်ပြီး GPS စနစ်ဖြင့် ထိန်းကျောင်းထားသည့် ပဲ့ထိန်းဒုံးများဖြစ်သည်။

တစ်ကြိမ်လျှင် ဒုံးကျည် ၆ စင်း သယ်ဆောင်နိုင်သည့် HIMARS ဒုံးကျည်ပစ်စင် ၄ ခုကို အမေရိကန်က ယူကရိန်းအား ဇွန်လတွင် ပေးခဲ့သည်။ လက်ရှိအချိန်တွင် ယူကရိန်းသည် ဒုံးကျည်ပစ်စင် ၁၂ ခုရှိထားပြီး ဒုံးကျည် ရာပေါင်းများစွာ ပိုင်ဆိုင်ထားသည်။

ဟီမားဒုံးကျည်များသည် အနိမ့်ပျံပြီး မြန်ဆန်သဖြင့် ရုရှားတို့၏ ဒုံးကျည်ကာကွယ်ရေးစနစ်က အလွယ်တကူ တားဆီးခြင်း မပြုနိုင်ပေ။ ဒုံးကျည်ပစ်စင်များသည်လည်း အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်သဖြင့် ရုရှားတို့ဘက်က တည်နေရာရှာဖွေပြီး ဖျက်ဆီးရန် အခက်အခဲရှိသည်။

ဗီဒီယိုများ