ရပ်ဝန်းနှင့်လမ်းစီမံကိန်းအတွက် ကန်ဒေါ်လာ ၁၀၀ ဘီလျံကျော် ထပ်မံသုံးစွဲမည်ဟု တရုတ်သမ္မတ ကြေညာ

စီမံကိန်းအတွက် အဓိကကျသည့် လုပ်ငန်းရှင်များ၊ တရုတ်ဖွံ့ဖြိုးရေးဘဏ်နှင့် သွင်းကုန်-ထုတ်ကုန် ဘဏ်များသည် ထပ်ဆောင်းချေးငွေ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံရရှိမည်ဟု ရှီကျင့်ဖျင်က ပြောကြားသည်။

By Admin 19 Oct 2023

 ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က တရုတ်ပြည် ဘေဂျင်းမြို့တော်တွင် ကျင်းပသည့် ရပ်ဝန်းနှင့်လမ်းစီမံကိန်း ၁၀ နှစ်ပြည့်ဖိုရမ်၌ အဖွင့်မိန့်ခွန်း ပြောကြားနေသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်။ ဓာတ်ပုံ - Reuters
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က တရုတ်ပြည် ဘေဂျင်းမြို့တော်တွင် ကျင်းပသည့် ရပ်ဝန်းနှင့်လမ်းစီမံကိန်း ၁၀ နှစ်ပြည့်ဖိုရမ်၌ အဖွင့်မိန့်ခွန်း ပြောကြားနေသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်။ ဓာတ်ပုံ - Reuters

DMG ၊ အောက်တိုဘာ ၁၉

ရပ်ဝန်းနှင့်လမ်း စီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံကျော် ထပ်မံ၍ ရင်းနှီးမြှုပ်နှံမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားကြောင်း စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အောက်တိုဘာလ ၁၈ ရက်နေ့က ကျင်းပသည့် ရပ်ဝန်းနှင့်လမ်းစီမံကိန်း (BRI) ၁၀ နှစ်ပြည့် ဖိုရမ်၌ ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဘေဂျင်းတွင်ကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၁၃၀ မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ ဤဆွေးနွေးပွဲသည် ၂၀၁၃ ခုနှစ်တွင် BRI စီမံကိန်း စတင်ဆောင်ရွက်မှု ဖိုရမ်နောက်ပိုင်း ဘေဂျင်းက ဧည့်ခံကျင်းပသည့် အကြီးဆုံး ဆွေးနွေးပွဲကြီးလည်း ဖြစ်သည်။

စီမံကိန်းအတွက် အဓိကကျသည့် လုပ်ငန်းရှင်များ၊ တရုတ်ဖွံ့ဖြိုးရေးဘဏ်နှင့် သွင်းကုန်-ထုတ်ကုန် ဘဏ်များသည် ထပ်ဆောင်းချေးငွေ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံရရှိမည်ဟု ရှီကျင့်ဖျင်က ပြောကြားသည်။

BRI အတွက် နှစ်ဘက်လုံးက တရုတ်ယွမ် ၃၅၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၄၇.၉ ဘီလျံ) ဘဏ္ဍာငွေထောက်ပံ့မှု အခွင့်အရေး ရရှိမည်ဖြစ်သလို စီမံကိန်းအတွက် ချေးငွေထုတ်ပေးရေး အဖွဲ့ ဖြစ်သော ပိုးလမ်းမ ရံပုံငွေ (Silk Road fund) အတွက် ထပ်ဆောင်းပံ့ပိုးငွေ ယွမ်ငွေ ၈၀ ဘီလျံ ရရှိမည်ဖြစ်သည်။

ရပ်ဝန်းနှင့်လမ်းစီမံကိန်းသည် တရုတ်၏ ရေလမ်းကြောင်း သြဇာချဲ့ထွင်ရေးအတွက် ရှီကျင့်ဖျင်အားထုတ်မှု၏ ဗဟိုချက်မဖြစ်သည်။ အဆိုပါစီမံကိန်း၏ ကမ္ဘာတစ်ဝန်းရှိ လုပ်ငန်းနယ်ပယ်များတွင် အမေရိကန်ဒေါ်လာ ၂ ထရီလီယံအထိ ရင်းနှီးမြှုပ်နှံထားကြောင်း တရုတ်က ပြောကြားထားသည်။

အဆိုပါစီမံကိန်းကို ထောက်ခံအားပေးသူများက ကမ္ဘာ့တောင်ဘက်ခြမ်းတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အရင်းအမြစ်များ ဆောင်ကြဉ်းပေးလာသည်ဟုဆိုကာ အမွှမ်းတင်ထောက်ခံကြသည်။ အခြားတစ်ဘက်တွင်လည်း ဆင်းရဲနိုင်ငံများကို ကြွေးမြီဒဏ်ဖြင့် နာလန်မထူနိုင်အောင် ပြုလုပ်သည်ဟုဆိုကာ ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။

ဗီဒီယိုများ