မြွေပူရာကင်းမှောင့်

စစ်ကောင်စီနှင့် အေအေတို့သည် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးလုပ်ငန်းစဉ်များကို တရားဝင်အနေအထားမျိုးဖြင့်ပင် ဆောင်ရွက်လျက်ရှိသည်။ စစ်ကောင်စီကတော့ ဤလုပ်ငန်းစဉ်တွင် မျက်နှာစာအားလုံး၌ အရှုံးသာ ကြုံရဖွယ်ရှိနေသည်။

By Admin 01 Jun 2023

မုန်တိုင်းဘေးရှောင် မြေပုံဒေသခံများကို ULA/AA က ကူညီပို့ဆောင်မှုများ လုပ်ဆောင်နေစဉ်။
မုန်တိုင်းဘေးရှောင် မြေပုံဒေသခံများကို ULA/AA က ကူညီပို့ဆောင်မှုများ လုပ်ဆောင်နေစဉ်။

၂ နှစ်ကျော် ကြာခဲ့ပြီဖြစ်သော စစ်ရေးဖိနှိပ်မှုနှင့် ပြည်တွင်းစစ်အပြင် ၂၀၀၈ နာဂစ်မုန်တိုင်းနောက်ပိုင်း အပြင်းထန်ဆုံး သဘာဝဘေးအန္တရာယ် မိုခါမုန်တိုင်း ပြီးခဲ့သောမေလ ၁၄ ရက်၌ နိုင်ငံအနောက်ပိုင်းကို စုတ်ပြတ်သတ်သွားအောင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းတို့ကို တွေ့မြင်ရသည်မှာ မြန်မာ၏ကံကြမ္မာက ထပ်ပြီးဆိုးရွားလာနိုင်စရာ မရှိတော့ဟုပင် အထင်ရောက်စေသည်။

ကမ်းရိုးတန်းတစ်လျှောက် ဒီရေလှိုင်းများနှင့်အတူ တစ်နာရီလေတိုက်နှုန်း ကီလိုမီတာ ၂၀၀ ကျော်ဖြင့် တိုက်ခတ်ခဲ့သော အဆင့် ၅ (CAT-5) မိုခါမုန်တိုင်းသည် အဓိကအားဖြင့် စစ်တွေ၊ ရသေ့တောင်မြို့နယ်များနှင့် အနီးတစ်ဝိုက် ဒေသများကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်။ မုန်တိုင်းမိုခါသည် ရခိုင်ပြည်နယ်အလယ်ပိုင်းကို ဖြတ်သန်းကာ ချင်းပြည်နယ်၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင်း ဝင်ရောက်ခဲ့ပြန်သဖြင့် ရေကြီးရေလျှံမှုများအပြင် ပြင်းထန် သောလေပြင်းများနှင့်လည်း ကြုံတွေ့စေခဲ့သည်။

ရက်အတန်ကြာကတည်းက ကြိုတင်သတိပေးပြီး အရပ်သားများအား ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ကြပြီးနောက် မုန်တိုင်းအပါ် ပြန်ပြီးတုံ့ပြန်မှုများက အလွန်နှေးကွေးခဲ့ပါသည်။ သေဆုံးသူအရေအတွက် တိတိကျကျမသိရသေးသလို အချိန်အတိုင်းအတာ တစ်ခုအထိတော့လည်း ဖြစ်လာနိုင်ဖို့ မလွယ်ကူသေးပါ။ စစ်အာဏာသိမ်းအစိုးရဖြစ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကမူ ရခိုင်ပြည်နယ်တွင်း သေဆုံးသူအရေအတွက် ၁၄၅ ဦးရှိခဲ့သည်ဟု မေလ ၂၁ ရက်က ထုတ်ပြန်ကြေညာခဲ့ပါသည်။ သို့သော် ဒေသတွင်းသတင်းရင်းမြစ်များကမူ သေဆုံးမှုနှုန်း ပိုမိုမြင့်တက်နိုင် သည်ဟုဆိုကြသည်။ အထူးသဖြင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ မွတ်ဆလင် အသိုင်းအဝိုင်းများကြားတွင် ဖြစ်သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာရသော အပျက်အစီးများကလည်း ကြီးမားပါသည်။ စစ်ကောင်စီကတော့မူ နေအိမ်အလုံးပေါင်း ၁၈၃၀၂၄ လုံး ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး ကျောင်းပေါင်း ၁၃၉၇ ကျောင်း၊ ဆေးရုံနှင့် ဆေးပေးခန်းပေါင်း ၂၂၇ ခု ပျက်စီးခဲ့ကြောင်းနှင့် ဘုန်းကြီးကျောင်းပေါင်း ၅၉ ကျောင်းအပါအဝင် ဘာသာရေးအဆောက်အဦပေါင်း ၁၈၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်းဖြင့် ပြောသည်။ အဆိုပါဘုန်းကြီးကျောင်းများသည် တိုက်ပွဲများ သို့မဟုတ် သဘာဝဘေးဒဏ်အန္တရာယ်များကြောင့် အရပ်သားများ ခိုလှုံရာနေရာအဖြစ် ရံဖန်ရံခါ အသုံးပြုလေ့ရှိ သော ဘုန်းကြီးကျောင်းများဖြစ်ကြသည်။ ဓာတ်အားပြတ်တောက်မှုများလည်း ဖြစ်ပေါ်နေပြီး ရေပေးဝေမှုများ ဆိုးဆိုးရွားရွား ပျက်စီးနေသည်ဟုလည်း သိရပါသည်။

ဆက်လက်ဖြည့်စွက်ရန်ရှိသော အန္တရာယ်များမှာ ရေကြီးမှုကြောင့် မူလနေရာမှ ရွေ့လျားမျောပါနေကြမည့် မြေမြှုပ်မိုင်းများနှင့် ရေမျက်နှာပြင်ပေါ်မှ အဆိပ်ပြင်းမြွေများ ဖြစ်လေသည်။ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင်မူ မြွေကိုက်ခံရမှုသတင်းများ မြင့်တက်နေခဲ့ပြီးဖြစ်သည်။ မုန်တိုင်းမိုခါသာ ကျိန်စာဟုဆိုခဲ့လျှင် အနောက်မြောက်ဘက်တွင်၂ နှစ်ကြာခဲ့သည့် ပြင်းထန်သော စစ်ရေးတိုက်ခိုက်မှုများနှင့် နှစ်ပေါင်းများစွာ စစ်ဘေးစစ်ဒဏ်ခံစားနေခဲ့ရသည့် ရခိုင်ပြည်နယ်မှ အရပ်သားများအား ပိုမိုဆိုးရွားသွားစေရန် ကျိန်စာတိုက်နေသကဲ့သို့ပင်။

စစ်ကောင်စီအနေဖြင့်ကတော့ အပျက်အစီး၊ အဆုံးအရှုံးမှုများကို ပြန်လည်တုံ့ပြန်ရန် လေဆိပ်၊ သင်္ဘောနှင့် ကားလမ်းများမှတစ်ဆင့် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်နိုင်ရန် အခိုင်အမာဆောင်ရွက်နေကြောင်း လူထုကို ပုံရိပ်ပြသထားသည်။ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းအောင် သည် ထိခိုက်ပျက်စီးခဲ့ရသော စစ်တွေမြို့သို့ရောက်ရှိလာပြီး ၎င်း၏ခရီးစဉ်အတွင်း "ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံစားခဲ့ရသော ဘင်္ဂလီများအား ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း" နိုင်ငံပိုင်မီဒီယာခေါင်းစီးတွင် ဖော်ပြထားလေသည်။

စစ်ကောင်စီ၏အမိန့်အမှတ် ၃၄/၂၀၂၃ တွင်မူ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၈ မြို့နယ်တွင် "ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် တာဝန်များ" ကို တပ်မတော်မှ အကြီးတန်းအရာရှိများအား တာဝန် ပေးအပ်ထားသည်ဟု ဖော်ပြထားပါသည်။ ဤသည်မှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး ပြန်လည်တည်ဆောက်ရေးနှင့် ဆင်တူပင်ဖြစ်ပြီး သမိုင်းအရဆိုလျှင်မူ စစ်တပ်၏ အဆိုပါဖော်ပြချက်က ယေဘုယျအားဖြင့်တော့ ဖိနှိပ်ချုပ်ချယ်မှုများနှင့် အပြောကျယ်သော အကျင့်ပျက်ခြစားမှုများဆီ ဦးတည်သွားစေလိမ့်မည် ဆိုသည်ပင်။ မြန်မာနိုင်ငံ၏ အခြားသောနေရာများအားလုံးလိုလိုကဲ့သို့ပင် ရခိုင်နှင့်ချင်းပြည်နယ်တို့တွင်လည်း စစ်အုပ်ချုပ်ရေးအပေါ် ယုံကြည်မှုဆိုသည်က မရှိသလောက်ပင် နည်းပါးပါသည်။

ရခိုင်ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့်လည်း ၎င်းတို့အုပ်ချုပ်ရေးယန္တရားနယ်ပယ်ကို ချဲ့ထွင်နေသော်လည်း နှေးကွေးနေပြီး ယခုအခါမှာတော့ အတားအဆီးဖြစ်လာသည်။ စစ်ကောင်စီ၏ ပြန်လည်ထူထောင်ရေး ကြိုးစားမှုများက လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထိပ်တိုက်တွေ့လာနိုင်ချေရှိသည်။

ရက္ခိုင့်တပ်တော်အေအေနှင့် ၎င်း၏အရပ်ဘက်နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် (ULA) သည် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ (Cyclone Mocha ERRCA) ကို ပြီးခဲ့သော မေလ ၁၄ ရက်ကပင် ဖွဲ့စည်းခဲ့ပြီး ဖြစ်လေသည်။

ပင်လယ်ပြင်ကိုကျော်ဖြတ်ပြီး မိုခါမုန်တိုင်း ကုန်းတွင်းပိုင်းသို့ မဝင်ရောက်ခင်ကပင် ရက္ခိုင့်တပ်တော်က အရပ်သား ၁၀၀၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်သည်။ ၎င်းကပင် ရက္ခိုင့်တပ်တော်အနေဖြင့် လွန်ခဲ့သောနှစ်များကတည်းက ၎င်းတို့ပိုင်နက်နယ်မြေများအပေါ် စီမံခန့်ခွဲနိုင်မှုဩဇာကို မည်ကဲ့သို့ချဲ့ထွင်ခဲ့သနည်း ဆိုသည်ကို ဖော်ပြနေသော ဥပမာတစ်ခုဖြစ်လေသည်။ ၎င်းတို့၏ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ (APA) ကိုလည်း ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ မြို့နယ်အများအပြားသို့ ဖြန့်ကျက်ထားပြီး သဘာဝဘေးအန္တရာယ် ကျရောက်ပြီး နောက်ပိုင်း ကယ်ဆယ်ရေးနှင့် အနာဂတ်ပြန်လည် နေရာချထားရေးများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် အသင့်ရှိနေပါသည်။

AA/ULA အနေဖြင့် ၎င်းတို့၏ နှစ်ရှည်လများမိတ်ဖက်များဖြစ်ခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းများထံမှ အကူအညီများ ရရှိခဲ့ပြီးဖြစ်သည်။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထံမှ ကျပ်သိန်း ၃၀၀၀၊ မြန်မာအမျိုးသားဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် အမျိုးသားညီညွတ် ရေးအစိုးရ NUG တို့ထံမှ ကျပ်သိန်း ၁၀၀၀ စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထံမှ ကျပ်သိန်း ၅၀၀ ရရှိခဲ့သည်။

အထူးသဖြင့် ဗဟိုအာဏာပိုင်များ၏ မမျှတသောထောက်ပံ့ကူညီမှုများနှင့် ရင်ဆိုင်နေရသည့် ယခုလိုအချိန်မျိုးတွင် AA အနေဖြင့် ပြည်သူလူထု၏ ကျယ်ပြန့်ရက်ရောသော ထောက်ပံ့မှုများနှင့်အတူ သဘာဝဘေးအန္တရာယ် အမြဲကျ ရောက်နေရသည့် အရပ်သားပြည်သူများ၏ ရက်ရက်ရောရော လှူဒါန်းမှုများကိုသာ ပေါင်းရုံးအသုံးပြုနိုင်မည်ဖြစ်သည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီများအနေဖြင့် နေပြည်တော်မှ အရာရှိများနှင့်အတူ လူသိ ရှင်ကြား အကူအညီပေးနိုင်ရေးနှင့် အရေးပေါ်ထောက်ပံ့ရေး ပစ္စည်းများဖြင့် ထောက်ပံ့ကူညီနိုင်ရန် ကြိုတင်ပြင် ဆင်မှုများဆောင်ရွက်နေသော်ငြား အပြည့်အဝ ဝင်ရောက်ခွင့်မရသေးပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ မေလ ၂၁ ရက်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ " ရခိုင်နှင့်ချင်းပြည်နယ်များတွင် မုန်တိုင်းဒဏ်ခံစားခဲ့ရသော လူမှုအသိုင်းအဝိုင်း အားလုံးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ရေး သီတင်းနှစ်ပတ်တာ ဖြန့်ဖြူးရေး အသေးစိတ် အစီအစဉ်များကို မကြာခင် အသိပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်သောခွင့်ပြုချက်များ စောင့်ဆိုင်းနေရချိန်မှာပဲ အစားအသောက်နှင့် အရေးပေါ်ထောက်ပံ့ကယ်ဆယ်ရေး ပစ္စည်းများအား လက်လှမ်းမီသလောက် ဖြန့်ဖြူးနိုင်ရေး အတွက် ဦးစားပေးဆောင်ရွက်နေကြောင်း" ဖော်ပြထားသည်။

အကယ်၍ စစ်ကောင်စီနှင့် ၂ နှစ်ကြာ အဆင့်မြင်ထိတွေ့ဆက်ဆံမှုများ ပုံမှန်ပြုခဲ့နောက်မှတောင် ကုလသမဂ္ဂ အနေဖြင့် လိုအပ်သောအရေးပေါ် အကူအညီများဖြန့်ဖြူးရန် စစ်အာဏာပိုင်များထံမှခွင့်ပြုချက်ကို ချက်ချင်းလက် ငင်းမရခဲ့သည်ရှိသော် မေးစရာမေးခွန်းမှာ ကုလသမဂ္ဂက မြန်မာနိုင်ငံမှာ ခုထိ ဘာကြောင့်ရှိနေသေးတာလဲ. .ဟူ၍ ပင်။ အဓိကအားဖြင့် စစ်မက်ဖြစ်ပွားရာ ပဋိပက္ခဇုန်များဆီဝင်ရောက်ခွင့်ကို ကုလသမဂ္ဂအား နှစ်ပေါင်းများစွာတား မြစ်ခဲ့သော်လည်း မုန်တိုင်းမိုခါကတော့ အမျိုးသားရေးအန္တရာယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီနှင့် နိုင်ငံရေးအရဆက်ဆံ မှုများမရှိသင့်ပေ။

ယခုလိုသဘာဝဘေးအန္တရာယ် ကျရောက်ချိန်မျိုးဆိုလျှင် ကုလသမဂ္ဂသည် ၎င်း၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ် (HRP) တွင် အလှူငွေနည်းပါးလျက်ရှိကြောင်း အမြဲလိုလို ပြောဆိုလေ့ရှိသည်။ ၂၀၂၃ ခုနှစ် အတွက် HRP တွင် အမေရိကန်ဒေါ်လာ ၇၆၄ သန်းနီးပါးရှိမည်ဟု ခန့်မှန်းထားပါသည်။ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီး နောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ လိုအပ်ချက်ကြီးမားကြောင်း သံသယဖြစ်ဖွယ်မရှိပါ။ သို့သော် ၎င်းလိုအပ်ချက်များအတွက် အဓိကအပြစ်တင်ရမည်မှာ အရပ်သားများနှင့် တော်လှန်ရေးအင်အားစုများကို ရက်စက်စွာ ဖြိုခွင်းနေသော မြန်မာစစ်တပ်၏ လှုပ်ရှားမှုများသာ ဖြစ်သည်။

ဆိုင်ကလုန်းမုန်တိုင်းအပေါ် လေးဖင့်သောတုံ့ပြန်မှုက ကုလသမဂ္ဂအတွက် အရေးကြီးသော အရှိတရားတစ်ခုကို မီးမောင်းထိုးပြနေသည်။ အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း သိသိသာသာ ထင်ရှားလာနေသည်မှာ နိုင်ငံတစ်ဝန်း ၎င်းတို့ရုံးထိုင်ထားသည့် မည်သည့်နေရာ အနီးအနားတွင်မှ ၎င်းတို့ကို လိုအပ်မနေဆိုသော အချက်ပင် ဖြစ်လေသည်။

UNCT (The United Nation Country Team) အနေဖြင့် မရှိမဖြစ်လိုအပ်သော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများသာ ချန်ထားပြီး ကျန်သည့် ဆောင်ရွက်ချက်များကို ဖယ်ရှားသင့်သည်။ မြန်မာနိုင်ငံတွင် ရှိနေရန် မလိုအပ်သော ဖွံ့ဖြိုးရေးဆိုင်ရာ အေဂျင်စီများအတွက် ရန်ပုံငွေများ ဖြုန်းတီးပစ်နေသည်ဆိုလျှင်မူ HRP ၏ရန်ပုံငွေမှာ ၁၀ ရာခိုင်နှုန်းသာရှိသောကြောင့် ကုလသမဂ္ဂအနေဖြင့် ညည်းညူရွဲ့စောင်းနေဖို့ မသင့်ပေ။ အလှူရှင်များကလည်း အိုချာ(OCHA) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၊ ကလေးများနှင့် ဒုက္ခသည်များဆိုင်ရာ အေဂျင်စီများကဲ့သို့သော ကျန်ရှိနေသေးသည့် လက်တစ်ဆုပ်စာ အရေးပေါ်အေဂျင်စီများထံသို့သာ တွန်းအားပေးလှူဒါန်းသင့်သည်။

နိုင်ငံတကာ အကူအညီပေးရေးဆိုင်ရာ စီမံခန့်ခွဲသူများသည် မဖြစ်စလောက်သာ ပိုမိုကောင်းမွန်ကြောင်း မုန်တိုင်းအပေါ် တုံ့ပြန်ဆောင်ရွက်ချက်များက ပြသလျက်ရှိသည်။ စစ်ကောင်စီထိန်းချုပ်ထားသော နယ်မြေများတွင် ဆက်လက်လုပ်ကိုင်ရန် ဆုံးဖြတ်ထားသူများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ၎င်းတို့ဆန္ဒရှိသလောက် တောင်းဆိုနိုင်သော်လည်း ၎င်းတို့သည် စစ်အာဏာရှင်များနှင့် တက်တက်ကြွကြွပူးပေါင်းနေပြီး စစ်ကောင်စီထံ စာရင်းသွင်းမှတ်ပုံတင်ခြင်းအားဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာတွင် ကြားနေခြင်းကို ချိုးဖောက်နေခြင်းသာ ဖြစ်လေသည်။

သို့သော်လည်း ဤအချက်များက အရပ်ဘက်အဖွဲ့အစည်းများနှင့် အမျိုးမျိုးသောအေဂျင်စီများမှ မြန်မာ့ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများကို လျော့ပါးသွားစေလိမ့်မည်တော့ မဟုတ်ပေ။ လစာနှစ်ပြားတစ်ပဲဖြင့် ပြည်တွင်းဝန်ထမ်းများက အရေးပေါ်လုပ်ငန်းများကို ခက်ခက်ခဲခဲ ဆောင်ရွက်နေရချိန်၌ အားလပ်ရက်အပြည့်ရသော ရန်ကုန်ရှိ နိုင်ငံခြားသားများက ၎င်းတို့ပင်ပန်းသမျှကို မျက်နှာဝင်ယူနေကြသည်။

ပြီးစလွယ် လူမျိုးရေးခွဲခြားသောယူဆချက်များတွင် ဘေးဥပဒ်များအမြဲပါဝင်နေလေ့ရှိပါသည်။ ထိုသူများသည် ကုလသမဂ္ဂတွင် လစာပိုပေးထားရသော နိုင်ငံခြားသားအခွင့်အရေးသမားများဖြစ်ကြကာ ထိုသူတို့ကသာ ယခု ကဲ့သို့ မုန်တိုင်းအပြီးပြန်လည်အရေးယူဆောင်ရွက်ခြင်းများအပေါ် ကိုင်တွယ်ဖြေရှင်းနိုင်သည် ဆိုသည်ကိုလည်း ကုလသမဂ္ဂအနေဖြင့် ပယ်ချရပေမည်။ အရေးပေါ်အခြေအနေမျိုးတွင် ယခုကဲ့သို့ အကန့်အသတ်ဖြင့်သာ ဝင်ပါနိုင်သည် ဆို်ပါက မေးခွန်းထုတ်စရာ ရှိလာသည်မှာ - ကုလသမဂ္ဂအနေဖြင့် အရေးကြီးသော "အကာအကွယ်ပေးမှု (Protection)" နှင့် " ဘေးထွက်ဆိုးကျိုး မထွက်စေသည့် နည်းလမ်းဖြင့် ပဋိပက္ခကို ကြားဝင်ဖြေရှင်းခြင်း (Conflict Sensitive Programming)” ကို တကယ်တမ်း ဆောင်ရွက်နိုင်ပါမည်လော ဆိုသည့်အချက်ပင် ဖြစ်သည်။

ဒေသခံ ကူညီကယ်ဆယ်ရေး ဝန်ထမ်းများ၏ အရေးပါမှု၊ မြေပြင်ပေါ်တွင် တကယ်အလုပ်လုပ်နေကြပြီး ကျေးဇူးတင်မခံရသော အုပ်စုများဆီသို့ ရန်ပုံငွေများ တိုက်ရိုက်ရောက်သွားစေရန် အလှူရှင်များအနေဖြင့် စိစစ်ရန်လိုအပ်မှုတို့ကို ဤအချက်က မီးမောင်းထိုးပြလျက်ရှိသည်။

ကုလသမဂ္ဂ၏ နိုင်ငံတော်ဗဟိုပြုချဉ်းကပ်စနစ်မှ "စစ်အစိုးရနှင့် အဆက်အသွယ်လုံးဝ ဖြတ်တောက်ရေးဝါဒ" သို့မဟုတ် "Resistance Humanitarianism" နှင့် "စည်းလုံးညီညွတ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝါဒ" သို့မဟုတ် "Solidarity Humanitarianism" ဆီသို့ ပိုပြီးပြောင်းလဲရန် တောင်းဆိုမှုများက အာဏာသိမ်းပြီး ကတည်းက ကြီးထွားလာခဲ့ပါသည်။ စစ်ရေးကိုဆန့်ကျင်ပြီး အကူအညီများဖြန့်ဖြူးရန်အတွက် အစားထိုး နောက်ထပ်နည်းလမ်းများကို မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများတွင် နှစ်ပေါင်းများစွာ ဆက်လက်လုပ်ဆောင်လာခဲ့ ပြီး ယခုအခါမှာတော့ သဘာဝဘေးအန္တရာယ် တုံ့ပြန်မှုများအတွက် လိုက်လျောညီထွေရှိနိုင်သော ကွန်ရက်များ အဖြစ် ပဋိပက္ခဖြစ်ပွားရာ ဒေသများဖြစ်သော စစ်ကိုင်းနှင့်မကွေးတိုင်းဒေသကြီးတို့လို ဒေသများတွင်လည်း သေးငယ်သော်လည်း အရေးပါသောနည်းလမ်းများအဖြစ် ဆက်လက်ဆောင်ရွက်နေပါသည်။

အလှူရှင်များအနေဖြင့်လည်း ချက်ချင်းအရေးယူဆောင်ရွက်နိုင်ရန် ကူညီဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူ ထောင်ရေးအတွက် ရေရှည်ကူညီပံ့ပိုးပေးခြင်းတို့တွင် ဦးစားပေးကိစ္စများနှင့် ပတ်သက်၍လည်း မေးခွန်းထုတ် သင့်သည်။ ဤသို့ဆိုခြင်းက ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသူများအား အကူအညီများ ပေးအပ်မှုကို ရပ်ဆိုင်းလိုက်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ကာ နိုင်ငံတစ်ဝှမ်းမှ အရပ်သားများအပေါ် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသလို လူသားချင်းစာနာ ထောက်ထားမုဆိုင်ရာ အကူအညီများကိုလည်း တားမြစ်နေသည် ဆိုသော အရှိတရားကို ထောက်ပြလိုရင်းသာ ဖြစ်သည်။

အာဏာမသိမ်းခင် ၂၀၁၈ ခုနှစ်မှစတင်ပြီး အေအေနှင့် မြန်မာစစ်တပ်တို့အကြား ပြင်းထန်သောတိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ပြီး ရခိုင်အရပ်ဘက်အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်များကလည်း အရေးပါသော နည်းလမ်းများဖြင့် တိုးတက်လာခဲ့သည်။ လူထုကို ကူညီရာတွင် အဆိုပါအဖွဲ့အစည်းများ၏ လုံခြုံရေးနှင့် ၎င်းတို့ကကူညီပေးနေသောအသိုင်း အဝိုင်းများ၏ ကောင်းကျိူးအပေါ် မထိခိုက်စေသောနည်းလမ်းများဖြင့် ဆောင်ရွက်ရမည် ဖြစ်သလို ပြန်လည်တည်ဆောက်ရေးမှ စစ်ကောင်စီ အမြတ်ထွက်မသွားစေရန်လည်း သေချာ ဆောင်ရွက်ရမည် ဖြစ်သည်။

စစ်ကောင်စီနှင့် အေအေတို့သည် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးလုပ်ငန်းစဉ်များကို တရားဝင်အနေအထားမျိုးဖြင့်ပင် ဆောင်ရွက်လျက်ရှိသည်။ စစ်ကောင်စီကတော့ ဤလုပ်ငန်းစဉ်တွင် မျက်နှာစာအားလုံး၌ အရှုံးသာ ကြုံရဖွယ်ရှိနေသည်။ နိုင်ငံတကာမှ အကူအညီပေးသူများအနေဖြင့်လည်း မုန်တိုင်းဒဏ်သင့်ခဲ့သည့် မြေပြင်တွင် ခက်ခဲပြီး အရေးပါသော လုပ်ဆောင်ချက်များ ထမ်းရွက်နေကြသည့် အဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလ လူပုဂ္ဂိုလ်များအား တိုက်ရိုက်ထောက်ပံ့နိုင်အောင် ၎င်းတို့၏အကူအညီများ မည်ကဲ့သို့ စီးဆင်းမည်ကို အသေအချာ ပြန်လည်သုံးသပ်သင့်ပြီ ဖြစ်သည်။

ဘုန်းမောင်
"David Scott Mathieson" ၏ "Myanmar snakebite by conflict cyclone response" ကို ဆီလျော်အောင် ရေးသားပါသည်။