ပြည်တွင်းနယ်နိမိတ်ကျော်လွန်ပြီး နိုင်ငံတကာအထိ အကျိုးသက်ရောက်နေတဲ့ ရခိုင်ပဋိပက္ခ

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နယ်စပ် ဒေသတွေအပေါ် ကြီးကြီးမားမားထိန်းချုပ်ထားတဲ့ ရက္ခိုင့်တပ်တော် AA နဲ့ မြန်မာစစ်တပ်အကြား ပြီးခဲ့တဲ့လပိုင်းအတွင်း တိုက်ပွဲတွေပြန်ပြီး ဖြစ်ပွားခဲ့တဲ့အတွက် အခြေအနေတွေက ပိုပြီးမတည်မငြိမ် ဖြစ်ခဲ့ရပါတယ်။ လက်ရှိ အပစ်ရပ်ထားပေမယ့် တိုက်ပွဲတွေက အချိန်မရွေးပြန်ဖြစ်လာနိုင်ပါတယ်။ ရက္ခိုင့်တပ်တော်ကို ရင်ဆိုင်နိုင်စွမ်းမရှိတဲ့ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်ထဲကနေ မောင်းထုတ်ခံရနိုင်တဲ့ အနေအထားရှိနေပြီး ဒါက ပိုပြီးကျယ်ပြန့်တဲ့ ဒေသအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

By Admin 11 Dec 2022

ပြည်တွင်းနယ်နိမိတ်ကျော်လွန်ပြီး နိုင်ငံတကာအထိ အကျိုးသက်ရောက်နေတဲ့ ရခိုင်ပဋိပက္ခ

ဓာတ်ပုံ - The New Humanitarian

DMG ၊ ဒီဇင်ဘာ ၁၁

ဘုန်းမောင်ဘာသာပြန်ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီစစ်အာဏာသိမ်းမှုက မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြား ပဋိပက္ခတွေကို ပြန်ပြီးပေါ်ပေါက်လာစေခဲ့ပါတယ်။ ဒီပဋိပက္ခတွေက နယ်စပ်ဖြတ်ကျော် ဂယက်ရိုက်တာတွေရှိခဲ့တဲ့ အပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ပဋိပက္ခတွေကတော့ ပိုပြီးကျယ်ပြန်တဲ့ အကျိုးသက်ရောက်မှုတွေရှိပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ပြည်နယ်တွင်းမှာရှိတဲ့ သူ့ရဲ့အဓိကအကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့အတွက် ရခိုင်ပြည်နယ် ပဋိပက္ခမှာ ပါဝင်နေရသလို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကလည်း တရုတ်ရဲ့မရှေးမနှောင်းမှာပဲ ပါဝင်လာနိုင်ပါတယ်။ ဒီအတွက်ကြောင့်လည်း ကြိုတင်ခန့်မှန်းလို့ မရနိုင်တဲ့ရလဒ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ဒါမှမဟုတ် ဒီထက်ပိုတဲ့ကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ဟာ ရက်စက်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေရဲ့ မြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ဟာ ဒေသခံအမျိုးသားရေးဝါဒီတွေနဲ့ လက်တွဲပြီး မွတ်ဆလင်အများစုပါဝင်တဲ့ လူပေါင်း ၇၀၀၀၀၀ ကျော်ကို တိုင်းပြည်ကနေ အကြမ်းဖက်နည်းလမ်းသုံးပြီး မောင်းထုတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက ကော့ဘဇားဒုက္ခသည်စခန်းမှာ လူပေါင်းတစ်သန်းနီးပါး နေထိုင်နေကြပြီး အဘက်ဘက်မှာ ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ သူတို့ပိုင်နက်အတွင်း နေထိုင်နေကြတဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို ယာယီနေထိုင်သူတွေအဖြစ်သာ သတ်မှတ်ထားပြီး တနည်းမဟုတ်တနည်းနဲ့ သူတို့မူလနေထိုင်ရာ ရခိုင်ပြည်နယ်ကိုသာပြန်ပို့ရမယ်ဆိုတဲ့ အနေအထားကို ခံယူထားပါတယ်။ ဒါပေမယ့်လည်း မြန်မာအာဏာပိုင်တွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေအပေါ် တုံဏှိဘာဝေပါပဲ။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နယ်စပ် ဒေသတွေအပေါ် ကြီးကြီးမားမားထိန်းချုပ်ထားတဲ့ ရက္ခိုင့်တပ်တော် AA နဲ့ မြန်မာစစ်တပ်အကြား ပြီးခဲ့တဲ့လပိုင်းအတွင်း တိုက်ပွဲတွေပြန်ပြီး ဖြစ်ပွားခဲ့တဲ့အတွက် အခြေအနေတွေက ပိုပြီးမတည်မငြိမ် ဖြစ်ခဲ့ရပါတယ်။ လက်ရှိ အပစ်ရပ်ထားပေမယ့် တိုက်ပွဲတွေက အချိန်မရွေးပြန်ဖြစ်လာနိုင်ပါတယ်။ ရက္ခိုင့်တပ်တော်ကို ရင်ဆိုင်နိုင်စွမ်းမရှိတဲ့ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်ထဲကနေ မောင်းထုတ်ခံရနိုင်တဲ့ အနေအထားရှိနေပြီး ဒါက ပိုပြီးကျယ်ပြန့်တဲ့ ဒေသအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့အကျိုးစီးပွားတွေ ရှိနေပါတယ်။ အဓိကအားဖြင့်ကတော့ တရုတ်နိုင်ငံတောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်ကြားက တရုတ်ရဲ့ သယ်ယူပို့ဆောင်ရေးနဲ့ စီးပွားရေးစင်္ကြံကို အကာအကွယ်ပေးရေးဖြစ်ပြီး BRI ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ အသစ် တည်ဆောက်ထားတဲ့ ကျောက်ဖြူဆိပ်ကမ်း၊ ရေနံပိုက်လိုင်းနဲ့ တရုတ်နိုင်ငံတောင်ပိုင်းကြား ချိတ်ဆက်ဖို့စီစဉ် ထားတဲ့ ကားလမ်း၊ ရထားလမ်းတွေလည်းပါဝင်ပါတယ်။

ဒီစီမံကိန်းတွေဟာ သမိုင်းကြောင်းတလျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို ဘင်္ဂလားပင်လယ်အော်တွင်း တိုက်ရိုက်ဝင်ရောက်ခွင့် ပေးလိုက်တာဖြစ်ပြီး ဒေသတွင်းပါဝါချိန်ခွင်လျှာအတွက် အကျိုးသက်ရောက်မှု အများကြီးရှိပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲသစ်တွေပြန်ပြီး ဖြစ်နေတဲ့အတွက် တရုတ်က သူရဲ့အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ ကြိုးစားနေရပါတယ်။ ကျောက်ဖြူစင်္ကြံမှာ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတဲ့အတွက် ရက္ခိုင့်တပ်တော် အေအေကို ငွေကြေးနဲ့လက်နက်ထောက်ပံ့ပြီး တရုတ်က သူ့အကျိုးစီးပွားတွေ ကာကွယ်နိုင်ဖို့ ကြိုးစားနေပါတယ်။ တရုတ်ရဲ့ကြိုးစားမှုတွေက မြန်မာစစ်တပ်အပေါ် လွှမ်းမိုးစေနိုင်သလို သူ့ရဲ့အကျိုးစီးပွားတွေကိုလည်း ကာကွယ်ပေးထား နိုင်ပါတယ်။

ရက္ခိုင့်တပ်တော်ကို ထောက်ပံ့ပေးတဲ့အတွက် တရုတ်မှာ နောက်ထပ်အကျိုးကျေးဇူးတွေလည်း ထပ်ရလာပါသေးတယ်။ အဲဒါကတော့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်ကို ဆက်သွယ်ပေးမယ့် ကုလားတန် စီမံကိန်းပါပဲ။ ရခိုင်ပြည်နယ်မှာ တရုတ်နဲ့ ပြိုင်ဆိုင်နေတဲ့ အိန္ဒိယရဲ့အကျိုးစီးပွားတစ်ခုဖြစ်တဲ့ ကုလားတန်စီမံကိန်းနဲ့ တခြားဆက်စပ် အကျိုးစီးပွားတွေအပေါ် တရုတ်က အကျိုးအမြတ်တစ်စုံတစ်ရာ ရလာနိုင်စရာရှိပါတယ်။

ကုလားတန်စီမံကိန်းမှာ စစ်တွေမှာဆောက်လုပ်မယ် စီမံကိန်းတွေပါဝင်ပြီး အိန္ဒိယနိုင်ငံရဲ့ မီဇိုရမ်ပြည်နယ်ကို ချိတ်ဆက်ပေးမယ့် လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ စီမံကိန်းပြီးစီးသွားရင်တော့ ဒီလမ်းကြောင်းကနေ အိန္ဒိယသမုဒ္ဒရာနဲ့ အိန္ဒိယအရှေ့မြောက်ပြည်နယ်တွေကို တိုက်ရိုက်သွားလာနိုင် ပါလိမ့်မယ်။ အိန္ဒိယရဲ့ တခြားပြည်နယ်တွေနဲ့လည်း တစ်နည်းတစ်ဖုံ ချိတ်ဆက်နေပါသေးတယ်။

ကုလားတန်းစင်္ကြံစီမံကိန်းတွေက အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ပိုင်းပြည်နယ်တွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တွေအတွက် အဓိကမောင်းနင်အား ဖြစ်လာဖို့ ဒေလီက မျှော်လင့်ထားပါတယ်။ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် အိန္ဒိယရဲ့ မှီခိုနေရမှုတွေကိုလည်း လျှော့ချလာနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါက အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဆက်ဆံရေးအတွက် အရေးကြီးတဲ့ဂယက်ရိုက်ခတ်မှုပါပဲ။

ဒါပေမယ့် ကုလားတန်စီမံကိန်းပြီးဆုံးဖို့ အချိန်တွေ နှောင့်နှေးကြန့်ကြာဦးမယ့်ပုံပါပဲ။ ဘာကြောင့်လဲဆိုတော့ ရက္ခိုင့် တပ်တော်က သိပ်မကြာသေးခင်ကပဲ စီမံကိန်းစင်္ကြံတလျှောက်က နယ်မြေတချို့ကို သိမ်းယူနိုင်ခဲ့တဲ့အတွက်ကြောင့်ပါ။ ဒီလိုသိမ်းပိုက်ထားနိုင်တဲ့ ရက္ခိုင့်တပ်တော်အနေနဲ့ အိန္ဒိယနဲ့အပေးအယူလုပ်ဖို့ အာဏာဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ အိန္ဒိယအနေနဲ့ ရက္ခိုင့်တပ်တော်ကိုပဲ အကူအညီပေး အထောက်အပံ့ပေးမလား။ စစ်ကောင်စီကို ပေးနေတဲ့ အကူအညီတွေကိုပဲ လျှော့ချမလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ကလည်း ရခိုင်ပြည်နယ်တွင်းမှာ အရေးပါတဲ့ သူ့ရဲ့အကျိုးစီးပွားတွေရှိနေပြန်ပါတယ်။ ရခိုင်မှာတိုက်ပွဲတွေတိုးလာတဲ့အတွက် မွတ်ဆလင်ဒုက္ခသည်တွေကို နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ပြည်နယ်ပြန်ပို့ရေး မျှော်လင့်ချက်တွေ ပျက်ပြယ်သွားခဲ့ပါတယ်။ မွတ်ဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို မြန်မာ အာဏာပိုင်တွေက ခွင့်ပြုမှာမဟုတ်တဲ့အပြင် စစ်မက်ဖြစ်ပွားနေတဲ့ စစ်ပွဲဇုံဆီကို ဒုက္ခသည်တွေပြန်ပို့တဲ့ ဘင်္ဂလား ဒေ့ရှ်အစိုးရကိုလည်း နိုင်ငံတကာက လက်ညှိုးထိုးကဲ့ရဲ့ပါလိမ့်မယ်။ လာမယ့် အနာဂတ်ကာလတွေမှာ မြန်မာစစ်တပ်ရဲ့ သဘောတူညီမှုနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေနေရပ်ပြန်ပို့ရေးက အလားအလာ နည်းနေပါသေးတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဆက်ဆံရမလွယ်ကူတဲ့ သူရဲ့အိမ်နီးချင်းကို နှစ်ပေါင်းများစွာကြာတဲ့အထိ သတိထားချဉ်းကပ်ခဲ့ပါတယ်။ နယ်စပ်ဖြတ်ကျော်ပြဿနာတွေနဲ့ စစ်ရေးအရှိန် လျှော့ချဖို့ကိုလည်း ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း မကျေနပ်မှုတွေကိုသာ တိုးပြီးတည်ဆောက်ခဲ့သလို တင်းမာတဲ့ တုန့်ပြန်မှုတွေနဲ့အတူ မြန်မာပြဿနာကို ချဉ်းကပ်ဖို့ နည်းလမ်းအသစ်တွေကို ရှာဖွေနေပါတယ်။

ရက္ခိုင့်တပ်တော်အေအေ အနေနဲ့ သူတို့အတွက် လုံခြုံစိတ်ချရမယ့်နေရာတွေကို ရှာထားပြီးဖြစ်ပါတယ်။ အဲဒီနေရာတွေဟာ ဝေးလံခေါင်သီတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွေက တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဆက်နွယ်နေတဲ့ ဒေသတွေဖြစ်တယ်လို့ မြန်မာစစ်တပ်ဘက်က ခိုင်ခိုင်မာမာ ပြောဆိုထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ကတော့ တရားဝင်ငြင်းဆိုထားပါတယ်။ ဒါပေမယ့်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်လာဖို့ ရက္ခိုင့်တပ်တော် အေအေရဲ့ ရည်မှန်းချက်တွေကိုကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ်အပေါ် ဆွဲဆောင်မှုတွေ တိုးလာနိုင်ပါတယ်။ တကယ်တမ်းတော့လည်း ရခိုင်ဒေသကို ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားတဲ့အတွက် မွတ်ဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးမှာ ရက္ခိုင့်တပ်တော်နဲ့ ဆက်ဆံခြင်းကသာ လက်တွေ့ကျတဲ့လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ရက္ခိုင့်တပ်တော်က "မြန်မာမွတ်ဆလင်များ" ဆိုတဲ့အသုံးအနှုန်းနဲ့အတူ သူတို့တွေကို နိုင်ငံသား အခွင့်အရေးပေးဖို့အပြင် ကျန်နေသေးတဲ့ အနာဂတ်အုပ်ချုပ်ရေး ကာလတွေမှာလည်း အတူပါဝင်ခွင့်ပေးမယ်လို့ ကတိပြုထားပါတယ်။ ဒါပေမယ့်လည်း မွတ်ဆလင်အများစုကတော့ ကာလရှည်ကြာ သမိုင်းကြောင်းတလျှောက်က ရခိုင်တွေရဲ့ မွတ်ဆလင်ဆန့်ကျင်ရေး ရခိုင်အမျိုးသားရေးဝါဒကြောင့် ရက္ခိုင့်တပ်တော်ရဲ့ ထုတ်ပြန်ချက်ကို သံသယစိတ်နဲ့သာ ရှုမြင်နေကြပါတယ်။ တကယ်တမ်းတော့ မကြာခင်ကဖြစ်ပွားခဲ့တဲ့ နယ်စပ်ဒေသတွေက ပစ်ခတ်မှုလို မတော်တဆအဖြစ်အပျက်တွေကြောင့် ရက္ခိုင့်တပ်တော် အနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာစစ်တပ်အကြား တင်းမာမှုတွေမှာ ကိုယ်ပိုင်နည်းလမ်းနဲ့ အဆုံးသတ်နိုင်အောင် ကြိုးစားနေတာ တွေ့ရပါတယ်။

ရက္ခိုင့်တပ်တော်အေအေကသာ ရခိုင်ဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် ရေရှည်တည်တံ့တဲ့ တည်ငြိမ်မှုနဲ့ လုံခြုံမှုရှိလာနိုင်မလား ဆိုတာတွေအပြင် ပါဝင်ပတ်သက်နေတဲ့ သက်ဆိုင်သူအားလုံးမှာလည်း ကြီးမားတဲ့ဖိအားတွေ ခံစားလာရပါလိမ့်မယ်။

မြန်မာစစ်တပ်က ဘယ်လိုတုန့်ပြန်မလဲဆိုတာက ခန့်မှန်းရခက်ပါတယ်။ အိန္ဒိယမှာလည်း တရုတ်နဲ့ပေါင်းပြီး ရခိုင်ပြည်နယ်ကို အုပ်ချုပ်မယ့်အုပ်စု မမြင်ရသေးတာက ခိုင်မာတဲ့ အကြောင်းပြချက်တစ်ခုပါပဲ။ လုံးဝလွတ်လပ်ရေး ရသွားတဲ့အခါ ရခိုင်ပြည်နယ်ရဲ့အနေအထားက မှန်းဆလို့မရနိုင်တဲ့ အကျိုးဆက်တွေနဲ့အတူ မြန်မာနိုင်ငံကနေ သီးခြားခွဲထွက်သွားတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံတွင်း ပဋိပက္ခအားလုံးမှာ ဒီအချက်က စောင့်ကြည့်ရမယ့် အချက်တစ်ချက် ဖြစ်လာပါတယ်။

အဓိကကျတဲ့ဇာတ်ကောင်တွေရဲ့ ပါဝါပြိုင်ဆိုင်မှုနဲ့ မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းက လောင်စာတွေအဖြစ်နဲ့ လောင်ကျွမ်းနေတဲ့ ရခိုင်ပြည်နယ်ပဋိပက္ခဟာ မြန်မာနိုင်ငံနယ်နိမိတ်ကို ကျော်လွန်ပြီး နိုင်ငံတကာအတွက်ပါ သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။

ဘုန်းမောင်

“The Interpreter”တွင်ဖော်ပြထားသော “How China, India and Bangladesh could be drawn into Myanmar's conflit” ကို ဆီလျော်အောင်ရေးသားသည်။

ဗီဒီယိုများ