အာဏာသိမ်းမှုနောက်ပိုင်း တစ်ကျော့ပြန်အသက်ဝင်လာသည့် တရုတ်စီမံကိန်းများ
၂၀၁၈ တွင် မြန်မာသည် ရပ်ဝန်းနှင့်လမ်းစီမံကိန်း (BRI) အတွက် နားလည်မှုသဝဏ်လွာကို လက်မှတ်ရေးထိုးခဲ့ကာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံ (CMEC) သည်လည်း BRI မူဘောင်အောက်တွင် အရေးပါသော စီမံကိန်းတစ်ခု ဖြစ်လာခဲ့သည်။ ၎င်းစီမံကိန်းအောက်မှ လုပ်ငန်းများသည် တရုတ်ပြည် ယူနယ်ပြည်နယ် ကူမင်းမြို့ကို မန္တလေးနှင့် ဆက်သွယ်ပြီး ထိုမှတစ်ဆင့် ရန်ကုန်မှသည် ကျောက်ဖြူအထိ ချိတ်ဆက်ရန် ရည်ရွယ်ထားသည်။ ကျောက်ဖြူတွင် ဆိုင်းငံ့ထားသည့် စီမံကိန်းအများအပြားကို ပြန်လည်စတင်နေပြီဖြစ်သလို စီမံကိန်းအသစ်များ အတွက်လည်း လေ့လာမှုများ ပြုလုပ်နေပြီဖြစ်သည်။
18 Dec 2022
ဓာတ်ပုံ - news.cn, ဇယား - Sreeparna Banerjee
မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝခြင်း၊ ပထဝီအနေအထားအရ ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းကမ်းခြေတွင် တည်ရှိခြင်း၊ တရုတ်နှင့် နိုင်ငံနယ်နိမိတ်ချင်း ထိစပ်နေခြင်း စသည်တို့ကြောင့် တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက် အရေးပါသည့် ဒေသတစ်ခုဖြစ်လျက်ရှိသည်။ နိုင်ငံတည်နေရာကြောင့် ၎င်း၏ဆိပ်ကမ်းများမှတစ်ဆင့် လောင်စာဆီများကို ကုန်းတွင်းပိုင်းလမ်းကြောင်းမှနေ၍ ဘေကျင်းအထိ စရိတ်ကျဉ်းကျဉ်းဖြင့် သယ်ဆောင်နိုင်အောင် အထောက်အပံ့ ဖြစ်နေသည်။
ထို့အပြင် တရုတ်သည် မြန်မာအတွက် အရေးပါသည့် စီးပွားရေးကုန်သွယ်ဖက် ဖြစ်သလို ပြည်ပရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံး နိုင်ငံလည်းဖြစ်နေသည်။ မြန်မာနိုင်ငံတွင်း၌ တရုတ်စီမံကိန်း အများအပြားရှိပြီး ၎င်းတို့တွင် ရပ်ဝန်းနှင့်လမ်း စီမံကိန်းအောက်မှ လုပ်ငန်းများလည်း ပါဝင်သည်။ ၁၉၈၈ မှ ၂၀၁၉ ဇွန်လအထိ ခွင့်ပြုခဲ့သည့် တရုတ်ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံအထက်တွင်ရှိသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၆ ရာခိုင်နှုန်းနီးပါး ဖြစ်သည်။
ဒီမိုကရေစီမဆန်မှုနှင့် ဆိုးဝါးသည့် လူ့အခွင့်အရေး ဖောက်ဖျက်မှုများကြောင့် ၁၉၈၈ နောက်ပိုင်း အနောက်နိုင်ငံများက မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီးနောက်တွင် တရုတ်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်နေသည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်လာခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် စစ်တပ်တစ်ပိုင်း အစိုးရအုပ်ချုပ်မှုပုံစံသို့ ကူးပြောင်းခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အပြုသဘောဆောင်သည့် ပြုပြင်ပြောင်းလဲမှုများ ရှိလာသည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံ၏စီးပွားရေး နယ်ပယ်တွင် ဖြေလျှော့မှုများ ပြုလုပ်ခဲ့သည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ခဲ့သည်။ ဤအချက်က မြန်မာကို ၎င်း၏ မိတ်ဘက်များနှင့် အနေဝေးစေခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် တရုတ် ကျောထောက်နောက်ခံ ပေးထားသည့် စီမံကိန်းအများအပြားအပေါ် လူထု၏မကျေနပ်မှုများ ကြီးထွားလာခဲ့ကာ မြစ်ဆုံစီမံကိန်းကို ၂၀၁၁ တွင် ဆိုင်းငံ့ခဲ့ရသည်။ လက်ပံတောင်းစီမံကိန်းကို မကျေနပ်မှုများလည်း မြင့်တက်ခဲ့သည်။ ဤအခြေအနေများကို ထိန်းချုပ်ရန်အတွက် တရုတ်အာဏာပိုင်များသည် တရုတ်ပုံရိပ်ကို ကာကွယ်ရန်နှင့် မြန်မာနိုင်ငံတွင်းရှိ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို အကာအကွယ် ဖြစ်စေရေးအတွက် ၎င်းတို့၏ မူဝါဒများကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ ဘေကျင်းသည် ပြည်တွင်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ပိုမိုဂရုစိုက်လာသလို ၂၀၁၅ ခုနှစ်တွင် ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသည့် အစိုးရတက်လာပြီးနောက်၌လည်း ဒေသခံလူထုများနှင့် ချိတ်ဆက် ဆောင်ရွက်မှုများ ရှိလာခဲ့ကာ လူမှုရေးရာ တာဝန်ယူမှုများ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။
၂၀၁၈ တွင် မြန်မာသည် ရပ်ဝန်းနှင့်လမ်းစီမံကိန်း (BRI) အတွက် နားလည်မှုသဝဏ်လွာကို လက်မှတ်ရေးထိုးခဲ့ကာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံ (CMEC) သည်လည်း BRI မူဘောင်အောက်တွင် အရေးပါသော စီမံကိန်းတစ်ခု ဖြစ်လာခဲ့သည်။ ၎င်းစီမံကိန်းအောက်မှ လုပ်ငန်းများသည် တရုတ်ပြည် ယူနယ်ပြည်နယ် ကူမင်းမြို့ကို မန္တလေးနှင့် ဆက်သွယ်ပြီး ထိုမှတစ်ဆင့် ရန်ကုန်မှသည် ကျောက်ဖြူအထိ ချိတ်ဆက်ရန် ရည်ရွယ်ထားသည်။ ကျောက်ဖြူတွင် ဆိုင်းငံ့ထားသည့် စီမံကိန်းအများအပြားကို ပြန်လည်စတင်နေပြီဖြစ်သလို စီမံကိန်းအသစ်များ အတွက်လည်း လေ့လာမှုများ ပြုလုပ်နေပြီဖြစ်သည်။
အဆိုပါစီမံကိန်းများတွင် အမေရိကန်ဒေါ်လာ ၁.၀၆၅ ဘီလျံတန်ဖိုးရှိသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ဒေါ်လာ ၈.၉ ဘီလျံတန်ဖိုးရှိသည့် ကူမင်း-ကျောက်ဖြူ ရထားလမ်းစီမံကိန်း၊ ဒေါ်လာ ၁.၅ ဘီလျံတန်ဖိုးရှိသည့် ရန်ကုန်မြို့သစ်စီမံကိန်းတို့သာမက အခြားသော စီးပွားရေးဇုန်များလည်း ပါဝင်သည်။
■ တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံ ကို ပြန်အသက်သွင်းခြင်း
ဆိုခဲ့ပါစီမံကိန်းများသည် ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုကြောင့် ကနဦးတွင် နှောင့်နှေးနေခဲ့သည်။ မြန်မာပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှု၊ လူ့အခွင့်အရေး အခြေအနေများ ဆုတ်ယုတ်လာမှု၊ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်လိုသည့် အရပ်သားများက စစ်တပ်ကို ဦးတည်သည့် ဖျက်ဆီးတိုက်ခိုက်မှုများ ပြုလုပ်မှုတို့ကြောင့် ဖြစ်သည်။
လူထုအတွင်း တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်တက်လာမှုနှင့်အတူ တရုတ်စက်ရုံ ၃၂ ရုံအထိ လုပ်ငန်းရပ်ဆိုင်းခဲ့ရသည်။ ဤသို့ဖြစ်ရခြင်းမှာ အဓိကအားဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာကို တရုတ်က အကာအကွယ် ပေးနေသောကြောင့် ဖြစ်သည်။ လက်ရှိတွင် နိုင်ငံရေးမငြိမ်သက်မှုနှင့် လုံခြုံရေး စိုးရိမ်ရမှုတို့ကြောင့် တရုတ်သည် စီမံကိန်းများကို ရှေ့ဆက်လုပ်ကိုင်ရေးတွင် အထူးသတိထားနေသည်ဟု ယုံကြည်ရသည်။ သို့သော်လည်း အာဏာသိမ်းမှု နောက်ပိုင်းတွင် ရပ်ဝန်းနှင့်လမ်း စီမံကိန်းကို တကျော့ပြန် အသက်သွင်းနေခြင်းက တရုတ်အနေဖြင့် လူထုဆန္ဒ မပါဘဲလည်း စစ်အစိုးရနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ထားသည်ကို ဖော်ပြနေသည်။
CMEC စီမံကိန်းများနှင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများသည် အာဏာသိမ်းမှု နောက်ပိုင်း၌ မြန်မြန်ဆန်ဆန်ပင် အကောင်အထည်ပေါ်လာသည်ကို တွေ့ရသည်။ CMEC လက်အောက်ရှိ အရေးပါသော ဖွံ့ဖြိုးရေးစီမံကိန်းများ၏ လုပ်ငန်းကော်မတီ အများအပြားကို ပြန်လည်ဖွဲ့စည်းမှုများ ပြုလုပ်နေခြင်းက ဤအချက်ကို သိသာစေသည်။ တရုတ်သည် မြန်မာနိုင်ငံ၌ နောက်ထပ်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တိုးမြှင့်ကူညီသွားရန်နှင့် ချုံကင်း၌ မြန်မာစစ်အစိုးရအတွက် ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခွင့်ပြုရန် ကတိပေးထားကြောင်း သိရသည်။ တရုတ်ယွမ်ငွေ သန်း ၆၅၀ တန်ဖိုးရှိသည့် ထောက်ပံ့ငွေတစ်ရပ်ကိုလည်း မြန်မာအတွက် ခွင့်ပြုထားသည်။ တရုတ်ဘဏ္ဍာငွေဖြင့် ဓာတ်ငွေ့အရည်စက်ရုံ အသစ်တစ်ရုံ ဆောက်လုပ်ရန် မြန်မာစစ်အစိုးရဘက်က ခွင့်ပြုချက်ပေးထားသည်။
ယခုအရှိန်ရနေပြီဖြစ်သော စီမံကိန်းနှစ်ခုမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းတို့ ဖြစ်သည်။ နှစ်ခုလုံးမှာ ယခင်က ဒေသခံပြည်သူများ ကန့်ကွက်ခဲ့ကြသည့် စီမံကိန်းများဖြစ်သည်။
■ တရုတ်ကြွေးမြီဒုက္ခ
တရုတ်သည် အာဖရိက၊ တောင်အာရှနှင့် အရှေ့တောင်အာရှရှိ ဆောက်လုပ်ရေး စီမံကိန်းများအတွက် ချေးငွေများ ဆယ်စုနှစ်တစ်ခုကျော်ခန့် ထောက်ပံ့ပေးနေခဲ့သည်။ တရုတ်ကြွေးမြီများနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် အနေအထားများကို လာအိုနှင့် သီရိလင်္ကာနိုင်ငံတို့၏ ချေးငွေပြဿနာများက ပိုမိုအားဖြည့်ပေးလျက်ရှိသည်။ တစ်ချိန်တည်းတွင် ဘေကျင်းသည် ကြွေးမြီဆိုင်းငံ့မှုလုပ်ဆောင်ချက်များ (Debt Service Suspension Initiatives - DSSI) တွင် G20 အဖွဲ့ဝင်နိုင်ငံများထက် ပိုမိုကျော်လွန်၍ ဆောင်ရွက်နေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ၂၀၂၂ တွင် ပြောကြားခဲ့သည်။ DSSI အစီအစဉ်ကို ၂၀၂၀ ခုနှစ် မေလတွင် စတင်ခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီပြန်လည်ပေးအပ်ရေး ကိစ္စရပ်များကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဘက် ပူးပေါင်းကျခံသည့် လုပ်ငန်းစဉ်များဖြင့် တက်တက်ကြွကြွ ကူညီသွားမည်ဟုလည်း တရုတ်က ပြောထားသည်။
ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုများတွင် အတိုးများကို လျှော်ပေးခြင်း၊ ကြွေးမြီပေးဆပ်ရေး သဘောတူညီချက်များကို ပြောင်းလဲခြင်းတို့ ပါဝင်သည်။ သို့သော်လည်း နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများကမူ ဤပြောင်းလဲမှုများသည် ပွင့်လင်းမြင်သာမှု ရှိသင့်သလောက်မရှိဟု ဆိုကြသည်။ ဤအချက်ကြောင့် မြီရှင်နိုင်ငံများအနေဖြင့် ကြွေးယူထားသောနိုင်ငံ၏ ပြည်ပကြွေးမြီပမာဏကို စီမံခန့်ခွဲနိုင်ရေးအတွက် ကူညီထောက်ပံ့ရာတွင် လိုအပ်သည့်အချက်အလက်များ ရယူရာ၌ အကန့်အသတ်ဖြင့်သာ ရနိုင်သည်။ ကမ္ဘာ့နိုင်ငံများ၏ ကြွေးမြီပေးဆပ်မှုများကို အကူအညီပေးနေသာ ပြင်သစ်ကလပ်တွင် တရုတ်နိုင်ငံ ပါဝင်ခြင်းမရှိသည်ကို သတိချပ်ရန် အရေးကြီးသည်။ အဆိုပါကလပ်၌ အဖွဲ့ဝင်ဖြစ်ပါက ယခုထက်ပို ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်သည့်အတွက် ဖြစ်သည်။
Exim ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု တရုတ်အေဂျင်စီ တို့ကဲ့သို့ တရုတ်ကြွေးရှင်များသည် G20 အစီအစဉ်အောက်ရှိ နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ကြွေးမြီများအနက် အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံကျော်ကို ပြန်ဆပ်ချိန် ရွှေ့ဆိုင်းပေးခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ နိုင်ငံတကာလေ့လာရေးဌာနမှ တရုတ်အာဖရိကသုတေသန လေ့လာမှုအရ သိရသည်။ သို့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကနဦးသဘောတူညီချက်များ မည်ကဲ့သို့ရှိထားသည်ကို တရုတ်ဘက်က ထုတ်ပြောခြင်းမရှိသည့်အတွက် ကြွေးမြီပမာဏ မည်မျှအထိ လျှော်ပေးခဲ့သည်ကို စိစစ်ရန်မှာမူ အခက်အခဲများ ရှိနေဆဲဖြစ်သည်။
မြန်မာစစ်အုပ်စုသည် တရုတ်၏ ပွင့်လင်းမြင်သာမှု အားနည်းချက်များ၊ ပတ်ဝန်းကျင်ထိခိုက်စေသည့် စီမံကိန်းများ၊ ကြွေးမြီဒုက္ခများနှင့် မစိမ်းပေ။ ယခင်ဖြစ်ရပ်များ၌လည်း မြန်မာအစိုးရသည် ကျောက်ဖြူစီမံကိန်းကဲ့သို့ သဘောတူညီချက်များကို ပြန်လည်ညှိနှိုင်းခြင်းများ၊ သို့မဟုတ် စီမံကိန်းများကို ဆိုင်းငံ့ထားခြင်းများ ရှိခဲ့ဖူးပြီးဖြစ်သည်။ မြန်မာအစိုးရသည် တရုတ်၏ ခြေရာလက်ရာများကို ထိန်းညှိနိုင်အောင် ကြိုးပမ်းသည့်အနေဖြင့် အိန္ဒိယ၊ စင်္ကာပူကဲ့သို့ အိမ်နီးချင်းများ၊ ဂျပန်နှင့် အနောက်အုပ်စုများနှင့် ထိတွေ့ဆက်ဆံခြင်းများလည်း ရှိထားသည်။
သို့စေကာမူ အနောက်နိုင်ငံများနှင့် အာဆီယံမဟာမိတ်များ၏ လက်ရှိတုံ့ပြန်မှုများက မြန်မာကို ဗျူဟာပြောင်းရန် တွန်းပို့လျက်ရှိသည်။ လက်ရှိမြင်နေရသည်မှာကား တရုတ်အပေါ် မှီခိုအားထားမှု ကြီးထွားလာနေခြင်းပင် ဖြစ်သည်။ မြန်မာအာဏာပိုင်များသည် နိုင်ငံစီးပွားရေးကို အသက်သွင်းရန်အတွက် စီမံကိန်းများအား ဆက်လက် အကောင်အထည်ဖော်နေသည့် တစ်ချိန်တည်း၌ ၎င်းတို့အနေဖြင့် ဆုံးရှုံးမှုများကို သေသေချာချာ ထည့်မတွက်ဘဲ ဆောင်ရွက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
ရှီကျင့်ဖျင်က ‘ရာသက်ပန်သမ္မတ’ အဖြစ် လမ်းကြောင်းခင်းနေချိန်၌ မှီခို၊ ထိန်းချုပ်ခံ၊ ကြွေးထူ မြန်မာအတွက်မူ စစ်အုပ်စုသည် သင့်တော်သည့် အနာဂတ်တစ်ရပ် ဖြစ်နိုင်ခြေ ရှိမနေပေ။ သို့အတွက်ကြောင့် မြန်မာနိုင်ငံအတွက် ဒီမိုကရေစီနည်းကျ အပြောင်းအလဲများကို အားဖြည့်ထောက်ပံ့ပေးခြင်း သည်သာလျှင် မြန်မာစစ်အုပ်စုအနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်မည်လား သို့မဟုတ် တရုတ်အပေါ် လုံးလုံးလျားလျား မှီခိုသွားမည်လား ဆိုသည့် အရေးပါသော ရွေးချယ်မှု ပြုလုပ်လာအောင် တွန်းပို့ပေးနိုင်ခြေရှိမည် ဖြစ်ပေသည်။
Observer Research Foundation ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် စာရေးသူ Sreeparna Banerjee ၏ Revamping BRI in post-coup Myanmar ကို မြန်မာပြန်ဆိုပါသည်။ ယခုဖော်ပြချက်များသည် မူရင်းစာရေးသူ ဆရီပါနာဘာနာဂျီ၏ အာဘော်သာဖြစ်ပါသည်။