မြန်မာစစ်အုပ်စုအပေါ် တရုတ်ဘက်က လိုက်လျောပေးနိုင်မည့် အတိုင်းအတာ (၁)

၂၀၂၂ ခုနှစ်နှောင်းပိုင်းကစပြီး  မြန်မာစစ်ကောင်စီအပေါ် ဘေဂျင်း၏အကူအညီများ သိသိသာသာ လျှော့ချလာခဲ့သည်။ မြန်မာစစ်တပ်က ရာဇဝတ်မှုများစွာကျူးလွန်ထားပြီး ၎င်းပြစ်မှုတို့ကိုတာဝန်ခံရန် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးနေခဲ့သော်လည်း ဘေဂျင်းက အစဉ်အမြဲ အကာအကွယ်ပေးခဲ့သည်။

By Admin 15 Mar 2023

သမ္မတ ရှီကျင့်ဖျင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘေဂျင်း၌ ၂၀၁၃ ခုနှစ်တွင် တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ - ဆင်ဟွာ
သမ္မတ ရှီကျင့်ဖျင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘေဂျင်း၌ ၂၀၁၃ ခုနှစ်တွင် တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ - ဆင်ဟွာ

၂၀၂၂ ခုနှစ်နှောင်းပိုင်းကစပြီး  မြန်မာစစ်ကောင်စီအပေါ် ဘေဂျင်း၏အကူအညီများ သိသိသာသာ လျှော့ချလာခဲ့သည်။ မြန်မာစစ်တပ်က ရာဇဝတ်မှုများစွာကျူးလွန်ထားပြီး ၎င်းပြစ်မှုတို့ကိုတာဝန်ခံရန် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးနေခဲ့သော်လည်း ဘေဂျင်းက အစဉ်အမြဲ အကာအကွယ်ပေးခဲ့သည်။ သို့သော်လည်း လက်ရှိအချိန်မှာတော့ စစ်ကောင်စီအပေါ် ဘေဂျင်း၏ကာကွယ်မှုများ လျှော့ချလာခဲ့သလို ဒီမိုကရေစီလိုလားသော အတိုက်အခံများကို နှိမ်နင်းရန် လိုအပ်သောအကူအညီများ ပေးအပ်ခြင်းတို့ကိုလည်း ဘေဂျင်းက လျှော့ချလာခဲ့သည်။ အထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံကဲ့သို့သော နိုင်ငံတကာအသိုင်းအဝိုင်း ရှေ့မှောက်၌ စစ်ကောင်စီအားကာကွယ်ပေး နေရခြင်းဖြင့် ၎င်း၏ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသောကြောင့် ထိုသို့ဆက်ပြီး ကာကွယ်ပေးနေဖို့ ဘေဂျင်းကတွန့် ဆုတ်လာပြီဖြစ်ကြောင်းကိုပါ ဖော်ပြလာခဲ့သည်။

မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ် ကမ္ဘာ့ဖိအားများ တိုးလာနေသည်နှင့်အမျှ စစ်ကောင်စီကို တိုးမြှင့်တိုက်ခိုက်လာနိုင် ဖွယ်ရှိသော အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်များ သို့မဟုတ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအပေါ် အနောက်နိုင်ငံများက တိုးမြှင့်ကူညီလာကြမှာကို ဘေဂျင်းက အထူးသဖြင့် သတိထားနေရသည်။ ထိုသို့သော ကူညီ ထောက်ပံ့မှုများ တိုးမြှင့်လာနေသည်ကို တရုတ်အစိုးရက သိရှိနေပြီး မြန်မာနိုင်ငံ၏ပဋိပက္ခကို ပုံဖော်ရာတွင်  တရုတ်နိုင်ငံက ဩဇာလွှမ်းမိုးထားသော နယ်စပ်ဒေသများမှ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့်ရော စစ်တပ်နှင့်ပါရှိနေသည့် ၎င်း၏မဟာဗျူဟာမြောက် ဆက်ဆံရေးကို အသုံးချဖြင့် ပိုပြီးအားကောင်းလာပေ လိမ့်မည်။

အားလုံးနှင့်ကျောခိုင်းပြီး စစ်တပ်ကို အထောက်အပံ့ပေးနေခြင်းထက် မြန်မာနိုင်ငံတွင်း၌ တရုတ်၏ဩဇာလွှမ်းမိုးမှုများ သိသိသာသာ တိုးမြှင့်လာဖို့အတွက်ဆိုလျှင် ဘေဂျင်းအနေဖြင့် အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်တပ် ဖွဲ့များကိုရော စစ်ကောင်စီကိုပါ တိုးမြှင့်ထောက်ပံ့ရန် ရည်ရွယ်ထားသည်။ ဒီမိုကရေစီလိုလားသော အတိုက်အခံ အင်အားစုများကို အနောက်နိုင်ငံများမှ ကျောထောက်နောက်ခံ ပေးထားသည်ဟု ဘေဂျင်းက နားလည်ထားသည့် အတွက် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ၎င်းတို့နှင့်ဝေးဝေးနေရန် ဘေဂျင်းက တွန်းအားပေးထားပြီး မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား အစဉ်အလာအရ ရှိထားခဲ့သော မဟာမိတ်ဖွဲ့မှုများကိုပါ စိန်ခေါ်နေပေသည်။

မကြာသေးခင်ကမှ အတည်ပြုပြဋ္ဌာန်းခဲ့သော ဘားမားအက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို အမေရိကန်ပြည်ထောင်စုက အကောင်အထည်ဖော်ဖို့ စဉ်းစားနေပြီဖြစ်သည့်အတွက် NUG နှင့် EAO တို့အကြား မဟာမိတ်ဖွဲ့မှုများသည်လည်း ထိပ်တန်းဦးစားပေးရမည့် အရာများ ဖြစ်လာနေပါသည်။ ထိုဥပဒေအောက်တွင် ဖြစ်လာနိုင်ချေရှိသော သက်ရောက်မှုများ၊ မဟာမိတ်ဖွဲ့မှု အလားအလာများနှင့်ပတ်သက်ပြီး အလေးပေးသုံးသပ်သင့်သည်။

■ အာဏာသိမ်းမှုအပေါ် တရုတ်၏ မရိုးသားသော တုန့်ပြန်မှု

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းမှုအပြီး တရုတ်နိုင်ငံ၏ ကနဦးချဉ်းကပ်မှုက စောင့်ကြည့်လှုပ်ရှားရန်ဖြစ်ပြီး မြန်မာစစ်တပ် သို့မဟုတ် NLD တို့နှင့် ဆက်သွယ်ထားသော ပေါင်းကူးတံတားကို မီးရှို့ဖျက်ဆီးပစ်လို ပုံမပေါ်ပေ။ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ပါမည်ဟု ကတိပြုထားသော တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ဒေါ်လာဘီလီယံချီသော မဟာဗျူဟာမြောက် အခြေခံအဆောက်အအုံ စီမံကိန်းများကိုလည်း ဆက်ပြီး ဆောင်ရွက်လိုပုံပေါ်ပါသည်။ မြန်မာစစ်တပ်အာဏာသိမ်းမှုကို "ကက်ဘိနက်အပြောင်းအလဲ" အဖြစ် ရည်ညွှန်းခဲ့ပြီး မြန်မာစစ်တပ် ဝါဒဖြန့်မှုများကိုလည်း တရုတ်မီဒီယာများ၌ ကြက်တူရွေးစာအံ့သကဲ့သို့ ထပ်ခါထပ်ခါ ဖော်ပြနေခဲ့သည်။ တစ်ချိန်တည်းမှာပင် NLD နှင့် တရုတ်ဆက်ဆံရေး အရေးကြီးပုံကိုလည်း ပြည်သူတို့အား သတိပြုလာအောင် ဆောင်ရွက်ခဲ့သေးသည်။

အာဏာသိမ်းပြီးစ သီတင်းပတ်များအတွင်း ဆန္ဒပြသူများအပေါ် မြန်မာစစ်တပ်၏ အကြမ်းဖက်ဖြိုခွဲခဲ့မှုများအား တရုတ်တို့က တက်တက်ကြွကြွ ထောက်ခံခဲ့သဖြင့် မြန်မာပြည်သူတို့တွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်တက်လာခဲ့သည်။ "တရုတ်ဓာတ်ငွေ့ပိုက်လိုင်းတွေကို မီးရှို့ဖျက်ဆီးပစ်မယ်" ဟူသော မြန်မာပြည်သူတို့၏ ခြိမ်းခြောက်မှုများအပြင် တရုတ်အကျိုးစီးပွားများအပေါ် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားပြီးသည့်နောက် ဘေဂျင်း၏ စိုးရိမ်သောကများ မြင့်တက်လာခဲ့သည်။ မြန်မာနိုင်ငံတွင်းမှ တရုတ်တို့၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများကို အကာအကွယ်ပေးရန် စစ်တပ်အပြင် EAO နှင့် NUG တို့အပေါ် ဖိအားတိုးမြှင့်လိုက်ခြင်းဖြင့် တရုတ်တို့က တုန့်ပြန်ခဲ့လေသည်။ အဆိုပါအဖွဲ့အစည်းများက ဘေဂျင်း၏တောင်းဆိုမှုများကို လက်ခံကြောင်းဖြင့် လိုလိုလားလား ပြန်လည်တုန့်ပြန်ခဲ့ကြသည်။ ဒီမိုကရေစီလိုလားသော တော်လှန်ရေးအင်အားစုများက နိုင်ငံတွင်းရှိ တရုတ်တို့၏ မဟာ ဗျူဟာမြောက် အကျိုးစီးပွားကို တိုက်ရိုက်ပစ်မှတ်ထား ခြိမ်းခြောက်နေကြသည်ဟူသော စစ်ကောင်စီ၏ဝါဒဖြန့်ချိမှုကြောင့် ဘေဂျင်းက စိုးရိမ်ထိတ်လန့်နေခဲ့ရသည်။ ထိုအကျိုးစီးပွားများတွင် ဒေါ်လာဘီလီယံပေါင်းများစွာ တန်ကြေးရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလည်းပါဝင်ပြီး ၎င်းက တရုတ်နိုင်ငံအနောက်တောင်ဘက် ပြည်နယ်များသို့ တစ်ခုတည်းသော သဘာဝဓာတ်ငွေ့တင်ပို့မှု အရင်းအမြစ်လည်းဖြစ်သည်။ ၎င်းပိုက်လိုင်းက ယူနန်ပြည်နယ်၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းကျော်လည်း ရှိသည်။

၂၀၂၁ ခုနှစ် ဇွန်လတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ကောင်စီ၏ နိုင်ငံတကာရေးရာ ထိပ်တန်းကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်ကို လက်ခံတွေ့ဆုံခဲ့ပြီး ဘေဂျင်း၏သဘောထားများ သိသိသာသာ ပြောင်းလဲသွားကြောင်း ဖော်ပြခဲ့လေသည်။ တရုတ်ကွန်မြူနစ်ပါတီကလည်း ထိုနှစ် စက်တင်ဘာလတွင် NLD ပါတီနှင့် နောက်ဆုံးအကြိမ် အဖြစ် လူသိရှင်ကြား တွေ့ဆုံဆွေးနွေးခဲ့သည်။ နောက်ပိုင်းမှာတော့ ၎င်းတို့၏ နိုင်ငံတကာမှနိုင်ငံရေးပါတီများနှင့် ထိတွေ့ဆက်ဆံမှုများတွင် NLD ပါတီအားဖိတ်ကြားခြင်းများ ရပ်ဆိုင်းခဲ့သည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ တရုတ်အစိုးရက ၎င်းတို့နှင့် စစ်ကောင်စီဆက်ဆံရေးကို တဖြည်းဖြည်းတိုးမြှင့်လာခဲ့ပြီး မြန်မာနိုင်ငံ၌ တရုတ်တို့ဦးဆောင်သည့် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ(LMC)၏ နိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေး ကိုလည်း ဘေဂျင်းက ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ခြင်းဖြင့် အထွတ်အထိပ် ရောက်လာခဲ့သည်။ တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ(SOEs) နှင့် စစ်ကောင်စီစီးပွားရေးလုပ်ငန်းများ အသစ်ထပ်မံစတင်ခဲ့သလို တရုတ်နိုင်ငံတော်ကောင်စီဝင် ဝမ်ယီ က ၂၀၂၂ ခုနှစ်မကုန်ခင်မှာပဲ LMC ထပ်သီး အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့်  လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများအပါအဝင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်ကောင်စီနှင့် တရုတ်တို့က ပူးတွဲ လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

လူမျိုးတုံးသတ်ဖြတ်မှုများနှင့် ပတ်သက်နေသော စစ်ဗိုလ်ချုပ်ကြီးများနှင့် ဘေဂျင်း၏ နွေးထွေးသောဆက်ဆံရေးက အာဆီယံအတွင်း ကြီးထွားလာနေသော NUG နှင့်တိုက်ရိုက်ဆက်ဆံမှုပြုလုပ်ရန် တောင်းဆိုမှုနှင့် မြန်မာစစ်တပ်နှင့် အဆင့်မြင့်ဆက်ဆံရေးများအား ကန့်သတ်ရန်တောင်းဆိုချက်များနှင့် သိသာစွာပင် ကွဲလွဲနေပါသည်။ တရုတ်နိုင်ငံ၏ အဆင့်မြင့် LMC အစည်းအဝေးများ ကျင်းပခြင်းသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေပြီး အကျပ်အတည်းအတွက် အဖြေရှာနိုင်ရန် ကြိုးစားနေသည့် အဖွဲ့၏ကြိုးပမ်းမှုများကိုလည်း ထိခိုက်စေသဖြင့် အဓိက အာဆီယံနိုင်ငံများ၏ ပြင်းထန်သည့်ဝေဖန်မှုများ ပေါ်ပေါက်လာခဲ့သည်။ တရုတ်အနေဖြင့် အာဆီယံနှင့်ဆက်ဆံရေးကိုပဲ အထိခိုက်ခံမည်လား၊ သို့မဟုတ် စစ်ကောင်စီကိုပဲ ကျောခိုင်းမလားဆိုသော ရွေးချယ်မှုများနှင့် ရင်ဆိုင်လာခဲ့ရသည်။ ထို့နောက်၂၀၂၂ ခုနှစ်နှောင်းပိုင်းကစပြီး ဘေဂျင်းက စစ်ကောင်စီကို ကျောခိုင်းမည့်လမ်းကို ရွေးချယ်ဖို့ ဖြစ်လာခဲ့လေတော့သည်။

မြန်မာနိုင်ငံ၌ ကျင်းပရန်စီစဉ်ထားခဲ့သည့် LMC ထိပ်သီးဆွေးနွေးပွဲအတွက် အစီအစဉ်များကို ဘေဂျင်းကဖျက်သိမ်း ပစ်လိုက်သည်။ ဘေဂျင်းနှင့်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား တင်းမာမှုများ ပို၍များလာခဲ့ပြီး စစ်မြေပြင်တွင် မြန်မာစစ်တပ်၏ စွမ်းဆောင်ရည်များညံ့ဖျင်းမှုနှင့် မတည်ငြိမ်သော စီးပွားရေးဝန်းကျင်က တရုတ်နိုင်ငံမှလိုလားသည့် အခြေခံအဆောက်အအုံချိတ်ဆက်မှုပရောဂျက်များတွင် အဟန့်အတား ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ဘေဂျင်းက ရှင်းရှင်းလင်းလင်း သဘောပေါက်လာခဲ့ပါသည်။
တရုတ်အစိုးရက ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့မှ အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့် စစ်တပ်အကြား ညှိနှိုင်းဆွေးနွေးရန် စဉ်ဆက်မပြတ် ဖိအားပေးနေခဲ့သည်။ စစ်မြေပြင်တွင်အားနည်းပြီး အရည် အချင်းမပြည့်မီသော ရန်သူများနှင့် ၎င်း EAO များရင်ဆိုင်နေကြရပြီး အာဏာမသိမ်းခင် ဆယ်စုနှစ် ၂ ခုအတွင်း EAO ဘက်မှဆုံးရှုံးခဲ့ရသော နယ်မြေများ ပြန်လည်သိမ်းပိုက်ထူထောင်ဖို့ သိသာထင်ရှားသော တိုးတက်မှုများ ရလာခဲ့ကြသည်။

အခြားသောဖြစ်ရပ်များတွင်တော့ "ဝ"ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကဲ့သို့သော EAO များက ဖရိုဖရဲဖြစ်စဉ်များအတွင်း ၎င်းတို့၏ဩဇာ လွှမ်းမိုးနိုင်မှုကို ချဲ့ထွင်နေကြပြီး ခေါင်းဆောင်ပိုင်းနေရာများ၌ မျိုးဆက် အပြောင်းအလဲများ စတင်ရန်အတွက်ပါ ဆောင်ရွက်လာကြသည်။ တစ်ချိန်တည်းမှာပဲ ရှမ်းပြည်နယ်တောင်ပိုင်းမှ ၎င်းတို့ပြိုင်ဘက် ပြည်သူ့စစ်များကို အနိုင်ယူရန်အတွက်ပါ ၎င်းတို့နှင့် မဟာမိတ်များကို ပံ့ပိုးပေးနေကြလေသည်။ အဆိုပါလှုပ်ရှားမှုများက စစ်ကောင်စီအား ပို၍အားနည်းစေခဲ့သည့်အပြင် တိုက်ပွဲစစ်မျက်နှာကို တရုတ်နယ်စပ်နှင့် ဝေးရာသို့ မြောက်ပိုင်း EAOs များကတွန်းပို့ပေးနေပြီး တရုတ်ဩဇာ မြန်မာနိုင်ငံအတွင်းသို့ ပိုပြီးနက်ရှိုင်းစွာ ချဲ့ထွင်လာနေသလို တရုတ်အကျိုးစီးပွားများကိုလည်း မြောက်ပိုင်း EAOs များက တပြိုင်နက်တည်း ဆောင်ရွက်လာကြသည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့မှ ထိန်းချုပ်ထားသော အဓိကနေရာများကို တိုက်ခိုက်ရန်အတွက် မြန်မာစစ်ကောင်စီက ပြင်းထန်သောလေကြောင်း တိုက်ခိုက်မှုများ စတင်ခဲ့လေသည်။ အဆိုပါတိုက်ခိုက်မှုများအား ဖော်ပြပါ EAOs များက အောင်မြင်စွာဖြင့် တန်ပြန် တိုက်ခိုက်မှုများ ဆောင်ရွက်လာနိုင်ခဲ့သည့်အတွက် စစ်ကောင်စီအနေဖြင့် စစ်ရေးအရေရော နိုင်ငံရေးရှုထောင်အရပါ မအောင်မမြင်ဖြစ်ခဲ့ရသည်။ တရုတ်နယ်စပ် တည်ငြိမ်ရေးကိုခြိမ်းခြောက်နေသော မြန်မာစစ်တပ်၏ အားနည်းချက်များကို တရုတ်နိုင်ငံက ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့်ရလိုက်ခြင်းပင်။

■ မြန်မာနိုင်ငံမှာ ဝင်ရောက်စွက်ဖက်နေသူက မည်သူနည်း

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာတော့ တရုတ်နှင့်မြန်မာစစ်တပ်ကြား တင်းမာမှုများ ဆက်ပြီးဖြစ်ပေါ်နေပြီး အဓိကကျ သည့် နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှု ၂ ခုက ဘေဂျင်း၏ တွက်ချက်မှုများအား အပြောင်းအလဲ ဖြစ်စေခဲ့တော့သည်။ ပထမအချက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC)၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်မှုဖြစ်သည်။ ထိုအချက်မှာ ရှေးကတည်းကပင် ဘေဂျင်းက မနှစ်မြို့ခဲ့သောအရာ ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ ပေါ်ပေါ်တင်တင် လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်သောအဖွဲ့များ၏ ဩဇာ လွှမ်းမိုးမှုမြင့်တက်လာနေခြင်းကြောင့် လုံခြုံရေးခြိမ်းခြောက်မှုများ တိုးမြှင့်လာနေသည်။ ၎င်းတို့အပေါ် နိုင်ငံတကာမှ စိတ်ပျက်မှုများတိုးလာနေပြီး မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ပိတ်ပင်မလားဆိုသည့် အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ၁၉၇၁ ခုနှစ်ကစပြီး UNSC တွင် တရုတ်နိုင်ငံမှပထဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာသုံးပြီး အဆိပ်ပင်ရေလောင်းမည့်အစား နောက်ထပ် ရွေးချယ်စရာကိုသာ ရွေးချယ်ခဲ့ပါသည်။

အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်။

ဘုန်းမောင်
“USIP” တွင်ဖော်ပြထားသော “Jason Tower”၏ “The Limits of Beijing's Support for Myanmar's Military” ကို ဆီလျော်အောင် ရေးသားပါသည်။

ဗီဒီယိုများ