မြန်မာစစ်အုပ်စုအပေါ် တရုတ်ဘက်က လိုက်လျောပေးနိုင်မည့် အတိုင်းအတာ (၂)

မြန်မာနိုင်ငံပဋိပက္ခကို တရုတ်အလိုကျ ပုံဖော်နိုင်ရန် အင်အားကြီး EAO များနှင့်ရော စစ်တပ်နှင့်ပါ တရုတ်နိုင်ငံက ဆက်ဆံရေးအပြိုင် တည်ဆောက်နေပြီး တရုတ်နိုင်ငံ၏ အပိုင်းသုံးပိုင်းက မြန်မာစစ်တပ်အတွက် အရေးကြီးသော အသက်သွေးကြောအဖြစ် ပေါ်ထွက်လာခဲ့ပါသည်။

By Admin 18 Mar 2023

သမ္မတ ရှီကျင့်ဖျင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘေဂျင်း၌ ၂၀၁၃ ခုနှစ်တွင် တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ - ဆင်ဟွာ
သမ္မတ ရှီကျင့်ဖျင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘေဂျင်း၌ ၂၀၁၃ ခုနှစ်တွင် တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ - ဆင်ဟွာ

DMG (ဘာသာပြန်ဆောင်းပါး)

ဒုတိယတိုးတက်မှုက အမေရိကန်ပြည်ထောင်စု အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဥပဒေ၏ အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဘားမားအက်ဥပဒေအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါဥပဒေ၏ ထူးခြားချက်မှာ EAOs နှင့် PDFs တို့အား သေစေနိုင်လောက်သော အကူအညီများအား ပံ့ပိုးပေးလိုသည့် အမေရိကန်၏ ရည်ရွယ်ချက်ကို ရည်ညွှန်းသောစကားလုံးများ ပါဝင်နေခြင်းပင်။

နိုင်ငံတကာအသိုင်းအဝိုင်း၏ လုပ်ဆောင်မှုများကို မြန်မာစစ်ကောင်စီက ရှုတ်ချခြင်းဖြင့်တုန့်ပြန်ခဲ့ပြီး ဘေဂျင်း၏ မျက်နှာသာပေးမှုများရရှိရန် စစ်ကောင်စီက အသစ်တစ်ဖန် ကြိုးပမ်းခဲ့ပြန်သည်။ ထိုကြိုးပမ်းမှုတွင် တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်အရေးကဲ့သို့သော ကိစ္စရပ်များ၌ တရုတ်နိုင်ငံအား စစ်ကောင်စီမှ နိုင်ငံရေးအရ အသစ်တစ်ဖန်ထောက်ခံပေးပါမည်ဟု ကတိပြုခြင်းများအပြင် အနောက်နိုင်ငံများက ကျောထောက်နောက်ခံ ပေးထားသော PDFs များက မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ အကြမ်းဖက်မှုများ တိုးမြှင့်တိုက်ခိုက်လာပါသည် ဆိုသော မဟုတ်မမှန်ဝါဒဖြန့်မှုများလည်း ပါဝင်နေလေသည်။

အားနည်းလာနေသော စစ်ကောင်စီက ၎င်းတို့ကို တရုတ်က တိုး၍အကာအကွယ်ပေးရန် ဖော်ပြလာနေသဖြင့် တရုတ်နိုင်ငံက ၎င်း၏ချဉ်းကပ်မှုကို တစ်ဖန်ပြန်ပြီးချိန်ညှိခဲ့သည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာနှောင်းပိုင်းတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အာရှရေးရာအထူးသံတမန်သစ် တိန့်ရှီကျွန်းအား မြန်မာနိုင်ငံသို့ အလျင်အမြန် စေလွှတ်ခဲ့သည်။ ဘေဂျင်းက ၎င်း၏အာရှရေးရာ အထူးသံတမန်ကို ၂၀၁၃ ခုနှစ်ကတည်းက ထိန်းသိမ်းထားရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နွေရာသီမှာတော့ နောက်ဆုံးသံတမန် ဆွန်းကော့ရှန် တိတ်တဆိတ်အနားယူခဲ့ပြီး အသစ်ထပ်မံခန့်အပ်ဖို့ အချိန်ယူရဦးမည်ဟု သံတမန်အသိုင်းအဝိုင်းထံ ဘေဂျင်းက ဆက်သွယ်ပြောဆိုခဲ့သည်။

ယခုခန့်အပ်လိုက်သော သံတမန်သစ်နှင့်ပတ်သက်၍ ကွဲလွဲချက်များစွာတို့တွင် - 

(၁) အဆိုပါသံတမန်သစ် ခန့်အပ်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၌ မတူညီသော ဦးတည်ချက်တစ်ခု ရှိနေခြင်း
(၂) သံတမန်ခန့်အပ်ခြင်းကို တရားဝင်ကြေညာချက် မထုတ်ပြန်ခဲ့ခြင်း
(၃) အထူးသံသည် မြန်မာစစ်တပ်နှင့် ဦးစွာမတွေ့ဆုံဘဲ အင်အားကြီး မြောက်ပိုင်းEAOs နှင့်ဦးစွာတွေ့ဆုံခဲ့ခြင်း တို့လည်း ပါဝင်နေပါသည်။

၎င်းအပြင် အဆိုပါအထူးသံက မြောက်ပိုင်း EAOs များအနေဖြင့် စစ်တပ်နှင့်တွေ့ဆုံညှိနှိုင်း မှုများပြုလုပ်ရန်နှင့် အနောက်နိုင်ငံများက ပေးသောအကူအညီတို့အား ငြင်းပယ်ကြရန်ကိုလည်း ဖိအားပေးခဲ့လေသည်။

တရုတ်သံအမတ်သစ်၏ ဆောင်ရွက်ချက်များက ဘေဂျင်းကလိုလားသည့် မြန်မာ့အရေးဖြေရှင်းရန် ချဉ်းကပ်လမ်းကို မီးမောင်းထိုးဖော်ပြနေပါသည်။ ၎င်းတွင် တရုတ်နယ်စပ်တလျှောက်ရှိ မြောက်ပိုင်းအဖွဲ့အစည်းများနှင့် စစ်တပ်အကြား ကြီးမားသော သဘောတူညီချက်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တရုတ်ကတွန်းအား ပေးနေပါသည်။ ယင်းက တရုတ်နယ်စပ်တလျှောက်၌ အဆိုပါအုပ်စုများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဩဇာကို သိသိ သာသာတိုးမြှင့်စေမှာဖြစ်ပြီး PDFs နှင့် NUG တို့၏မဟာမိတ် EAO များ၏ ကြီးထွားလာနေသော ဩဇာလွှမ်းမိုးမှုကို ကန့်သတ်ရန်ဖြစ်သလို ရွေးကောက်ပွဲအတုကျင်းပဖို့ ကြိုးစားနေသည့် စစ်ကောင်စီကို ထောက်ခံရန်လည်း လှုံ့ဆော်ပေးနေပါသည်။

တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံရှိ တရုတ်၏အရင်းဆုံးမဟာမိတ် UWSA ၏ ပြောင်းလဲလာနေသော ရပ်တည်ချက်ကလည်း တရုတ်လိုလားသော အပေးအယူကိုပြုလုပ်ရန် စစ်တပ်အပေါ်ဖိအားများ တိုးမြှင့်လာစေပါသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလလယ်က ကျင်းပခဲ့သော UWSA ၏နိုင်ငံရေးဆွေးနွေးပွဲ၌ UWSA အနေဖြင့် မြန်မာနိုင်ငံ၏ ဒုတိယအစိုးရဟု ၎င်းတို့ကရှုမြင်ထားသော NUG နှင့်ရော စစ်တပ်နှင့်ပါ ဆက်ဆံရေးကို ဆက်ပြီးထိန်း သိမ်းထားမည်ဟု ကြေညာခဲ့လေသည်။

တရုတ်နိုင်ငံပိုင်လုပ်ငန်းများ၊ ယူနန်ပြည်နယ်အစိုးရနှင့် သံသယဖြစ်ဖွယ် စီးပွားရေးကွန်ရက်များ

မြန်မာနိုင်ငံပဋိပက္ခကို တရုတ်အလိုကျ ပုံဖော်နိုင်ရန် အင်အားကြီး EAO များနှင့်ရော စစ်တပ်နှင့်ပါ တရုတ်နိုင်ငံက ဆက်ဆံရေးအပြိုင် တည်ဆောက်နေပြီး တရုတ်နိုင်ငံ၏ အပိုင်းသုံးပိုင်းက မြန်မာစစ်တပ်အတွက် အရေးကြီးသော အသက်သွေးကြောအဖြစ် ပေါ်ထွက်လာခဲ့ပါသည်။

ပထမတစ်ပိုင်းမှာ မြန်မာနိုင်ငံတွင်းနက် ရှိုင်းစွာရှိနေပြီး မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသည့် တရုတ်နိုင်ငံပိုင် လုပ်ငန်းများဖြစ်သည်။ အကယ်၍ စစ်တပ်ကသာ အနိုင်ရခဲ့ပါမူ ၎င်းတို့အနေဖြင့် အကျိုးအမြတ်ကြီးမားသော စာချုပ်များ ချုပ်ဆိုနိုင်ပေလိမ့်မည်။ အစောပိုင်းစစ်အုပ်ချုပ်ရေး ကာလအတွင်းကပဲ ဈေးကွက်ထဲ ဝင်ရောက်ခဲ့သည့် China Power တရုတ်စွမ်းအင်ကုမ္ပဏီသည် လက်ရှိ အခြေခံအဆောက်အအုံ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပြီး ပရောဂျက်အသစ်များ စတင်လုပ်ဆောင်နေသည့် နိုင်ငံပိုင်လုပ်ငန်းများထဲမှ တစ်ခုဖြစ်လေသည်။
ယင်းတို့ထဲ၌ ရခိုင်ပြည်နယ်မှ သဘာဝဓာတ်ငွေ့မှစွမ်းအင်စီမံကိန်းလည်း ပါဝင်နေပြီး အာဏာသိမ်းပြီး နောက်ပိုင်း ပြီးမြောက်ခဲ့သော စီမံကိန်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါအောင်မြင်မှုနှင့်အတူ China Power တရုတ်စွမ်းအင်ကုမ္ပဏီသည် စစ်ကောင်စီနှင့် စွမ်းအင်သဘောတူညီချက်များစွာကို စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ၆၃ မဂ္ဂါဝပ်ကျော်စွမ်းအားရှိသည့် လျှပ်စစ်စီမံကိန်း အသစ်များကို ပြီးခဲ့သော ၆ လ အတွင်းကပဲ ပုံမှန်ထက်ပိုမြန် သောနှုန်းဖြင့် တည်ဆောက်လည်ပတ်နိုင်ခဲ့သည်။ တရုတ်နိုင်ငံပိုင် သတင်းဌာနနှင့် တရုတ်သံရုံးတို့က အဆိုပါလုပ် ငန်းများကို တရုတ်နိုင်ငံပိုင်လုပ်ငန်းများ၏ “New Normal”အဖြစ် ဖော်ပြနိုင်ရန် အင်နှင့်အားနှင့် မြှင့်တင်ခဲ့ကြလေသည်။

ဒုတိယအပိုင်းက ယူနန်ပြည်နယ်အစိုးရ ဖြစ်သည်။ လက်ရှိဦးဆောင်မှုတွင် မြန်မာစစ်တပ်နှင့် နက်ရှိုင်းသော ပုဂ္ဂိုလ်ရေးအရဆက်ဆံမှုရှိသည့် အကြီးတန်းအရာရှိများပါဝင်နေပြီး မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က အဓိက ကစားသမားနေရာမှာရှိနေပြီး ၎င်းနေရာမှ မည်သည့်အခါတွင်မျှ ထွက်ခွာသွားလိမ့်မည်မဟုတ် ဟုလည်း ယုံကြည်နေကြပါသည်။ အာဏာသိမ်းပြီးပြီးချင်းမှာပဲ ယူနန်ပြည်နယ်အစိုးရက ယူနန်ကုန်သွယ်ရေးဌာနကို ဦးဆောင်ရန် တရုတ်-မြန်မာ စစ်ဘက်ဆက်ဆံရေးတွင် အဓိကျသည့်နေရာမှ ပါဝင်ခဲ့ဖူးသော လီချန်ယန်းကို ခန့်အပ်ခဲ့သည်။ ၎င်းသည် တရုတ်-မြန်မာ ပိုက်လိုင်းစီမံကိန်းအား ကနဦးထောက်ခံခဲ့သူတစ်ဦး ဖြစ်သလို ကိုဗစ်ကာလနောက်ပိုင်း ယူနန်ပြည်နယ် စီးပွားရေးပြန်လည်ထူထောင်နိုင်ရန် နည်းလမ်းများရှာဖွေသည့် ရည်ရွယ်ချက်ဖြင့် မြန်မာစစ်တပ်နှင့် ယူနန်ပြည်နယ်အစိုးရတို့အကြား ချိန်ညှိပေးရန် နောက်ကွယ်က အစပျိုးလုပ်ဆောင်မှုများကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း လီက ယူနန်-မြန်မာ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ရန် ယူနန် ပြည်နယ်အစိုးရအရာရှိများနှင့် မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။

တတိယအပိုင်းမှာ လက်ရှိမြန်မာ့အခြေအနေအတွင်း ကြီးထွားလာသော တရုတ်နိုင်ငံက ပါဝင်ပတ်သက်နေသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအပါအဝင် သံသယဖြစ်ဖွယ် စီးပွားရေးကွန်ရက်များ ဖြစ်သည်။ ၎င်းတို့တွင် လူကုန်ကူးမှုနှင့် အတင်းအဓမ္မ အလုပ်စေခိုင်းမှုလို ရာဇဝတ်ဂိုဏ်းများလည်း ပါဝင်နေသည်။ အာဏာသိမ်းပြီးနောက်ပိုင်း တောင်အာရှအနာဂတ်ကုမ္ပဏီ၊ တရုတ် - မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်  ဖွံ့ဖြိုးမှုမြှင့်တင်ရေး အသင်းနှင့် World Peace Ribbon Association စသည်တို့ ပေါ်ပေါက်လာခဲ့ပြီး စစ်ကောင်စီအပြင် အဓိကကျသော ခရိုနီကုမ္ပဏီများနှင့် နီးကပ်သောဆက်ဆံရေး ရှိကြသည်။ ဘေဂျင်း၏ BRI ဖိုရမ်တွင် ယခင်ကပါဝင်ခဲ့ဖူးသည့် World Peace Ribbon Association သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင်ကျင်းပခဲ့သည့် စီးပွားရေးဆိုင်ရာ နှီးနှောပွဲတစ်ခု၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့လေသည်။

အဆိုပါအင်အားစုများအားလုံးက စစ်ကောင်စီကို ထောက်ပံ့ရေးလမ်းကြောင်း အတွင်းမှနေပြီး  မြန်မာစစ်တပ် အပေါ် ဘေဂျင်း၏ထောက်ပံ့မှု မြင့်မားလာစေရန် ဆောင်ရွက်နေပေသည်။

မြန်မာနိုင်ငံတွင်း ဘေဂျင်းဩဇာလွှမ်းမိုးမှုအပေါ် ဖြစ်နိုင်ချေရှိသော အမေရိကန်၏တုန့်ပြန်မှု

ဘေဂျင်း၏ လက်ရှိအနေအထားများကို ခြုံကြည့်လျှင် ဒီမိုကရေစီလိုလားသော အတိုက်အခံများထက် စစ်တပ်ကိုပို၍ ဦးစားပေးလိုသော အနေအထားပင်။ သို့သော်လည်း ဘေဂျင်းနှင့်စစ်ဗိုလ်ချုပ်များအကြား အက်ကြောင်းများ ထင်လာခဲ့သည်။ အထူးသဖြင့် တရုတ်နယ်စပ်ရှိ EAO များက တရုတ်နယ်စပ်ရှိ စစ်တပ်စခန်းများအပေါ် တိုက်ခိုက်မှုများအား ဘေဂျင်းက သည်းခံနေခြင်းသည် စစ်ကောင်စီအပေါ် ဘေဂျင်း၏ဩဇာလွှမ်းမိုးမှု ပို၍နက်ရှိုင်းလာဖို့ ရည်ရွယ်နေခြင်းပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘေဂျင်း၏ဆောင်ရွက်ချက်များက မြန်မာ့ပဋိပက္ခကို ပို၍ ရှည်ကြာသွားစေနိုင်ပါသည်။ ဒီမိုကရေစီလိုလားသော အင်အားစုများ အားနည်းသွားစေရန် တရုတ်က မြောက်ပိုင်း EAO များနှင့် စစ်တပ် နှစ်ဘက်စလုံးနှင့် ဆက်ဆံရေးတိုးမြှင့်နိုင်ပြီး မြန်မာနိုင်ငံတွင်း အနောက်ဩဇာလွှမ်းမိုးမှုကို စောကြောလာနိုင်သည်။ ထိုသို့ဖြစ်ခဲ့ပါမူ တိုင်းပြည်က တစ်စစီပြိုကွဲသွားနိုင်သည်။

မြန်မာနိုင်ငံအနာဂတ်တွင် ရေရှည်ခိုင်မြဲသည့် ငြိမ်းချမ်းရေး လိုအပ်ချက်အတွက် အခြေခံလိုအပ်ချက်မှာ နိုင်ငံတွင်း ရှိများပြားလှသော EAOs နှင့် PDFs တို့ကို မရှိမဖြစ် လိုအပ်သည်ဆိုသော အဓိကကျသည့်အခန်းကဏ္ဍ ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဘားမားအက်ဥပဒေကလည်း ထိုအချက်ကို ဖော်ပြနေသည်။
မြန်မာနိုင်ငံဆိုင်ရာ ဘားမားအက်ဥပဒေကို အကောင်အထည်ဖော်ဖို့ အမေရိကန်က စဉ်းစားနေချိန်တွင် အားလုံးပါဝင်သော မဟာမိတ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းနိုင်ရေးက အဓိကလိုအပ်ချက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့က အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါသည်။

ဘုန်းမောင်
“USIP”တွင် ဖော်ပြထားသော “Jason Tower”၏ “The Limits of Beijing's Support for Myanmar's Military” ကို ဆီလျော်အောင် ရေးသားပါသည်။

ဗီဒီယိုများ