- အမေရိကန်နှင့် မဟာမိတ်များ ‘ဒရုန်း’သင်္ဘောများ စမ်းသပ်
- ရေဘေးသင့် ဖုံသာချောင်းဒေသတွင် ငှက်ဖျားနှင့် ဝမ်းရောဂါ အဖြစ်များနေ
- ဒုက္ခသည်အရေး အဆုံးမရှိ ထိုင်စောင့်နေ၍မရဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ်ပြော
- လေကြောင်းဗုံးကြဲမှုကြောင့် ရခိုင်တွင် လေးရက်အတွင်း အရပ်သား သေဆုံးဒဏ်ရာရသူ ၂၅ ဦးရှိ
- ဂွတိုက်ပွဲ ပြင်းထန် (ကုလားပြင်ရွာမှ စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေး)
မြန်မာဘက်မှ ကူကီးလက်နက်ကိုင် ၉၀၀ ဝင်လာမည့်သတင်းကြောင့် အိန္ဒိယလုံခြုံရေး တင်းကျပ်
ကျူးကျော်သူကူကီးများသည် တောတွင်းစစ်သင်တန်း တက်ထားသူများ ဖြစ်သလို ဒရုန်းများလည်း သယ်ဆောင်လာကြမည်ဟု ဒေသခံ သတင်းများတွင် ဖော်ပြသည်။
22 Sep 2024
မြန်မာနိုင်ငံဘက်မှ ကူကီးလက်နက်ကိုင် ၉၀၀ ခန့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင်းသို့ ဝင်ရောက်လာမည့် သတင်းများ ထွက်ပေါ်နေသဖြင့် နိုင်ငံ အရှေ့မြောက် နယ်စပ်တလျှောက်တွင် လုံခြုံရေးတပ်များ သတိဖြင့်ကင်းလှည့်လျက်ရှိကြောင်း အိန္ဒိယလုံခြုံရေး အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လက်နက်ကိုင်များဟု ယူဆရသူများ နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာနိုင်ခြေ ရှိသည့်သတင်းများ ဒေသခံ ထောက်လှမ်းရေး ရင်းမြစ်များထံမှ ရရှိထားကြောင်း မဏိပူရ ပြည်နယ်အစိုးရ လုံခြုံရေးအကြံပေး ကူဒစ်ဆင်းက အေအက်ဖ်ပီသို့ အတည်ပြုပြောကြားသည်။
နယ်စပ်စခန်းများတွင် သတိအနေအထားဖြင့် ရှိနေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များသည်လည်း ပူးတွဲစစ်ဆင်ရေးများ လေ့ကျင့်ရန်ရှိသည်ဟု သူကပြောသည်။
ကျူးကျော်သူကူကီးများသည် တောတွင်းစစ်သင်တန်း တက်ထားသူများ ဖြစ်သလို ဒရုန်းများလည်း သယ်ဆောင်လာကြမည်ဟု ဒေသခံ သတင်းများတွင် ဖော်ပြသည်။
မဏိပူရတွင် လူများစုဖြစ်သည့် ကသည်းလူမျိုးများနှင့် ကူကီးလူမျိုးစုများအကြား အဓိကရုဏ်းများ မကြခဏဆိုသလို ဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ခန့် ရှိနေပြီဖြစ်သည်။ ကူကီးများသည် မီဇိုရမ်နယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းမှ ချင်းလူမျိုးများနှင့် မျိုးနွယ်စု အတူတူဖြစ်သည်။
မဏိပူရရှိ ကူကီးကျောင်းသားအဖွဲ့ တစ်ခုကမူ အဆိုပါ သတင်းများသည် မိမိတို့၏ အသိုင်းအဝိုင်းကို အပုပ်ချရန် ဖန်တီးထားသည့် ဝါဒဖြန့်ချိရေးသာဖြစ်သည်ဟု တုံ့ပြန်ပြောဆိုသည်။
“ဒီ ကသည်းခွဲထွက်ရေးဝါဒီတွေကို တိုက်ခိုက်ဖို့ ကျွန်တော်တို့အတွက် ပြင်ပအကူအညီတွေ မလိုပါဘူး” ဟု ကူကီးကျောင်းသားများ အဖွဲ့အစည်းက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
မဏိပူရဒေသတွင် အဓိကရုဏ်းများ အသင့်အတင့် ငြိမ်သက်နေခဲ့ပြီးနောက် ယခုလတွင် တိုက်ခိုက်မှုများ တကျော့ပြန် ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများအတွင်း လက်နက်ကိုင်များသည် ဒုံးကျည်များပစ်ခတ်ခဲ့သလို ဒရုန်များဖြင့်လည်း ဗုံးကြဲချခဲ့သဖြင့် ၁၁ ဦးသေဆုံးခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် ကသည်းလူမျိုးများသည် မြို့တော်အင်ဖာ၌ စုရုံးဆန္ဒပြခဲ့သည်။ တိုက်ခိုက်မှုများအား ကူကီးလက်နက်ကိုင်များက ပြုလုပ်ခဲ့သည်ဟု ၎င်းတို့က ပြစ်တင်စွပ်စွဲသလို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သလို အရေးယူပေးရန်ပါ တောင်းဆိုခဲ့သည်။