အာဏာသိမ်းစစ်ယူနီဖောင်းဝတ်တွေ လွှမ်းမိုးထားတဲ့ ထိုင်းနဲ့မြန်မာ (၁)

By Admin 23 Mar 2023

ဗိုလ်ချုပ်မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ ၂၀၁၇ ခုနှစ်က ဘန်ကောက်တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - Chanat Katanyu
ဗိုလ်ချုပ်မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ ၂၀၁၇ ခုနှစ်က ဘန်ကောက်တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - Chanat Katanyu

DMG (ဘာသာပြန်ဆောင်းပါး)

၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ ထိုင်းနဲ့မြန်မာစစ်တပ်တို့ရဲ့ အာဏာသိမ်းမှုက သက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့ ဒီမိုကရေစီကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့တဲ့ ထိုင်းနဲ့မြန်မာပြည်သူတွေရဲ့ ဆန္ဒပြမှုတွေကို သက်ဆိုင်ရာနိုင်ငံရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အပြင်းအထန်နှိပ်ကွပ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေက အာဏာရှင်စနစ်လမ်းကြောင်းဆီ ကမ္ဘာ့နိုင်ငံတွေကို တွန်းပို့နေပါတယ်။ 

ထိုင်းနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးနဲ့ ငါးနှစ်ကြာအုပ်ချုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ရွေးကောက်ပွဲကလည်း စစ်တပ်ကြီးစိုးတဲ့ ဒီမိုကရေစီနဲ့ဘုရင်စနစ်ကို သက်ဆိုးရှည်စေခဲ့ပါတယ်။ မြန်မာစစ်တပ်အာဏာသိမ်းမှုကလည်း လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး နောက်ဆက်တွဲ သွေးထွက်သံယို ဖြစ်စေတဲ့ဆိုးကျိုးတွေနဲ့ ရင်ဆိုင်နေရတုန်းပါပဲ။
နှစ်နိုင်ငံလုံးမှာ စစ်အာဏာရှင်စနစ်ဩဇာက ရာစုနှစ်များစွာကြာတဲ့အထိ တည်ရှိနေခဲ့ပါတယ်။ ထိုင်းတော်ဝင် ဘုရင့်တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ဟာ နိုင်ငံရဲ့စီးပွားရေးနဲ့ နိုင်ငံရေးကဏ္ဍတို့မှာ နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့ပါ တယ်။ ၁၉၃၂ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ဖြုတ်ချခဲ့သလို ၁၉၄၈ ခုနှစ်မှာတော့ မြန်မာနိုင်ငံလည်း ဗြိတိန်ဆီကနေ လွတ်လပ်ရေးရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့အတွက် စစ်တပ်က ဦးဆောင်လမ်းပြပေးခဲ့ပြီး စည်းလုံးညီညွတ်ဖို့အတွက်လည်း တွန်းအားပေးခဲ့တဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ်ဆိုပြီး နိုင်ငံရေးတရားဝင်မှုကိုပါ မြန်မာစစ်တပ်က ရယူထားပါတယ်။ ဒါကြောင့်လည်း နိုင်ငံရဲ့စီးပွားရေးနဲ့ နိုင်ငံရေးကဏ္ဍတွေမှာ စစ်တပ်အရာရှိတွေ ပါဝင်ငြင်းခုန်ခွင့်ရှိတယ်လို့ စစ်ဗိုလ်ချုပ်တွေက ခံယူထားကြပါတယ်။
၁၉၈၀ ခုနှစ်အတွင်း ထိုင်းနိုင်ငံရဲ့ပြင်းထန်တဲ့ ဂိုဏ်းဂဏစွဲဝါဒကြောင့် အင်အားနည်းသွားတဲ့ ထိုင်းစစ်တပ်က ဘုရင်နဲ့ အာဏာခွဲဝေရယူရတဲ့ အငယ်တန်းအဖွဲ့အစည်းတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒီအချိုးမညီတဲ့ အာဏာခွဲဝေရေး ဖြစ်စဉ်ကြီးက မျက်မှောက်ခေတ်ထိ တိုင်အောင် တည်ရှိနေတုန်းပါပဲ။ ထိုင်းနိုင်ငံမှာလည်း ထိုင်းစစ်တပ်က နိုင်ငံတော်လုံခြုံရေးကို အကာအကွယ်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်သူနဲ့ ဘုရင်စနစ်ကို ထိန်းကျောင်းပေးနေသူအဖြစ် နိုင်ငံရေးအရတရားဝင်မှုကို ရယူထားပါတယ်။

ထိုင်းစစ်တပ်က ၁၄ ကြိမ် အာဏာသိမ်းယူခဲ့ပြီး မြန်မာစစ်တပ်က ၃ ကြိမ် အာဏာသိမ်းယူခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းပြည်သူတွေက တိုက်ရိုက်စစ်အုပ်ချုပ်ရေးအောက်မှာ ၃၂ နှစ်သာ နေခဲ့ရပြီး မြန်မာပြည်သူတွေကတော့ ၄၉ နှစ်ကြာ တိုက်ရိုက်စစ်အုပ်ချုပ်ရေးအောက်မှာ ခံနိုင်ရည်တွေရှိခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံချင်းစီကို “ကာကီဝတ်စုံနဲ့ ပဒေသရာဇ်တွေ ဒါမှမဟုတ် ကာကီစတိုကရေစီတွေ (အရည်အချင်းရှိတဲ့ အရပ်သားတွေ မပါဝင်တဲ့အစိုးရ)က ဦးဆောင်ခဲ့ပါတယ်။ ဒီနိုင်ငံတွေမှာတော့ စစ်တပ်က တခြားသူတွေအပေါ်မှာပါ လွှမ်းမိုးကြီးစိုးလေ့ရှိသလို နိုင်ငံရေးမှာပါ ဝင်ရောက်စွက်ဖက်တာမျိုး ပုံမှန်ပြုလုပ်လေ့ရှိပါတယ်။

ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်နှစ်မျိုးလုံးက ပြည်သူတွေရဲ့စည်းစိမ်ဥစ္စာတွေကို လုယူတာ၊ ငွေညှစ်တာ ဒါမှမဟုတ် တခြားပုံစံတွေနဲ့ အမြတ်ထုတ်အနိုင်ကျင့်တာ စတဲ့နည်းလမ်းတွေပါဝင်တဲ့ အာဏာရှင်ဆန်ဆန် အရင်းရှင်စနစ်ကို ထူထောင်ထားကြပါတယ်။ မာဖီးယားဂိုဏ်းက စီးပွားရေးသမားတွေကို အကာအကွယ်ပေးလေ့ရှိပြီး အဲဒီလို အကာအကွယ်ပေးဖို့အတွက် စီးပွားရေးသမားတွေက မာဖီးယားဂိုဏ်းကို ငွေကြေးတစ်စုံတစ်ရာ ပေးရပါတယ်။ ထိုင်းနဲ့မြန်မာစစ်တပ်တို့ရဲ့ အပြုအမူတွေကလည်း မာဖီးယားဂိုဏ်းဆန်ဆန်ပါပဲ။ ဒီလိုအကာအကွယ်ပေးရာမှာ တော့ သက်ဆိုင်ရာအရာရှိရဲ့ ရာထူးအဆင့်ပေါ်မူတည်ပြီး အဆင့်ဆင့်ကိုလည်း လာဘ်ထိုးရပါတယ်။

တရားဝင် ဒါမှမဟုတ် တရားမဝင်ဆောင်ရွက်နိုင်တဲ့ “ကာကီအရင်းရှင်စနစ်”မှာ စစ်တပ်က လက်ဝါးကြီးအုပ်အနိုင် ကျင့်ခွင့်ကို တရားဝင်ရထားတဲ့အတွက် အဲဒီအခွင့်အရေးကိုအသုံးချပြီး အကြမ်းဖက်မှုတွေ ကျူးလွန်လာကြပါတယ်။ စစ်တပ်က နိုင်ငံတော်ဘတ်ဂျက်ကို ချုပ်ကိုင်ထားနိုင်ပြီး ငွေကြေးအရင်းအမြစ်တွေ ထုတ်ယူတာ လွှဲပြောင်းတာတွေနဲ့ စစ်သားတွေကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့ အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းတွေကို ဖန်တီးပေးပါတယ်။ “ကာကီအရင်းရှင်စနစ်” က အီဂျစ်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေလို ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတွေက ကိုယ့်စစ်တပ်အပေါ် ထိထိရောက်ရောက် မထိန်းချုပ် နိုင်တဲ့နိုင်ငံမျိုးတွေမှာ အများအားဖြင့် ဖြစ်ပွားလေ့ရှိပါတယ်။

ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံစလုံးမှာရှိတဲ့ စစ်တပ်တွေအနေနဲ့ သူတို့နဲ့သက်ဆိုင်တဲ့ ကာကီအရင်းရှင်ဝါဒီတွေရဲ့ ချုပ်ကိုင်ထားမှုတွေကို တိုးမြှင့်လာစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ်ဖြစ်ရပ်မှာတော့ ထိုင်းနဲ့မြန်မာကြား တချို့ ကဏ္ဍတွေမှာ ကွဲပြားမှုတွေရှိခဲ့ပါတယ်။ နိုင်ငံကိုကာကွယ်ဖို့အတွက်သာ သူ့ရဲ့အာဏာကို ပိုပြီးသုံးစွဲခဲ့ရတယ်လို့ ထိုင်းစစ်တပ်အကြောင်းပြခဲ့ပေမယ့် မြန်မာစစ်တပ်ကတော့ သူတို့လိုချင်တာကိုပဲ မရရအောင်ယူခဲ့ပါတယ်။ 

အကျိုးစီးပွားတွေနဲ့ အကာအကွယ်ပေးဖို့တွန်းအားပေးမှုတွေက အီလစ်တွေကိုင်တွယ်ထားတဲ့ ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခတွေအပြင် အီလစ်တွေနဲ့ (အာဏာသိမ်းတာကိုဆန့်ကျင်တဲ့) ရွေးကောက်ခံအစိုးရတွေကြားက ဆက်ဆံရေး ၊ (ထိုင်းနိုင်ငံကိစ္စမှာဆိုရင်) ဘုရင်စနစ်နဲ့အီလစ်တွေကြားက ဆက်ဆံရေး စတာတွေကို ပုံဖော်ပေးခဲ့ပါတယ်။ ဒါတွေအပြင် အရပ်ဘက်အဖွဲ့အစည်းတွေမှာလည်း တိုးတက်တဲ့အမြင် နဲ့ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့ပြီး အပြင်းအထန်နှိပ်ကွပ်ခဲ့ပါတယ်။ ထိုင်း-မြန်မာစစ်တပ်နှစ်တပ်ရဲ့ စီးပွားရေးအကျိုးစီးပွားတွေက နှစ်နိုင်ငံ ဆက်ဆံရေးအပြင် ပြင်ပအင်အားကြီးနိုင်ငံတွေနဲ့ မိမိတို့နှစ်နိုင်ငံရဲ့ ဆက်စပ်ပတ်သက်မှုတွေကိုပါ ထိခိုက်စေခဲ့ပါတယ်။

■ ထိုင်းနိုင်ငံမှာအာဏာသိမ်းခြင်း

၁၉၃၂ ခုနှစ်မတိုင်ခင်က ထိုင်းနိုင်ငံကို Siam လို့ခေါ်ဝေါ်ခဲ့ပြီး မျိုးချစ် စိတ်ပေါ်အခြေခံထားတဲ့စနစ်တစ်ခုဖြစ်တဲ့ ဘုရင်ဗဟိုပြုအရင်းရှင်စနစ် ထွန်းကားခဲ့ပါတယ်။ မြေယာ ၊ ဘတ်ဂျက်နဲ့ ကော်ပိုရေးရှင်းတွေက ဘုရင်ဩဇာ အောက်မှာ ရှိခဲ့ပါတယ်။ အကြွင်းမဲ့ဘုရင်စနစ်ကို စစ်တပ်က ဖြုတ်ချလိုက်ပြီးနောက် စစ်တပ်ကနိုင်ငံရဲ့ထင်ရှားတဲ့ အဓိကနိုင်ငံရေးဇာတ်ဆောင်ဖြစ်လာခဲ့ပါတယ်။ တော်ဝင်မြေအများစုအပါအဝင် ပိုင်ဆိုင်မှုအများစုကိုလည်း ထိန်း ချုပ်ထားတယ်လို့ ယူဆရပါတယ်။ အမြတ်ဝေစု ဒါမှမဟုတ် ဘုတ်အဖွဲ့နေရာတွေအတွက် အပြန်အလှန်အနေနဲ့ (တ ရုတ်လူမျိုးအများစု) ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေ ရေရှည်တည်တံ့အောင် ကူညီထောက်ပံ့ပေးထားပါတယ်။

၁၉၃၈ ခုနှစ်မှာတော့ ထိုင်းနိုင်ငံရဲ့ကာကွယ်ရေးအသုံးစရိတ်က သုံးပုံတစ်ပုံ တိုးလာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်း စစ်တပ်ကြီးစိုးမှုနဲ့ စစ်အေးခေတ်အစောပိုင်းကာလတွေက “ကာကီမြို့တော်”ပေါ်ပေါက်လာဖို့ အတွက် ခိုင်မာတဲ့အကြောင်းပြချက်တွေပါပဲ။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း အရေအတွက်တွေကို ၁၀၀ ကျော်အထိတိုးချဲ့ခဲ့ပြီး စစ်တပ်ကြီးစိုးထားတဲ့ ဦးပိုင်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Taharn ပူးပေါင်းဆောင်ရွက်ရေး ကုမ္ပဏီနဲ့ အမျိုးသားအကျိုး စီးပွားဖွံ့ဖြိုးတိုးတက်မှုကော်ပိုရေးရှင်းတွေက ပုဂ္ဂလိကကုမ္ပဏီများစွာအတွက် အခြေခံအုတ် မြစ်ဖြစ်လာခဲ့ပါတယ်။
၁၉၅၀ ခုနှစ်မှာတော့ ထိုင်းစစ်တပ်က အမေရိကန်ရဲ့စစ်ရေးအကူအညီတွေ စပြီး ရရှိလာခဲ့ပြီး နိုင်ငံတစ်ဝှမ်းမှာ အခြေစိုက်စခန်းတွေ တိုးချဲ့တည်ဆောက်ခဲ့ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်လုံခြုံရေးအတွက် ထိုင်းစစ်တပ်က မြေယာသိမ်းပိုက်ခဲ့ပါတော့တယ်။ နယ်ခြားဒေသတွေကရွာသားတွေက သူတို့ပိုင်ဆိုင်တဲ့မြေယာ တွေအတွက် သင့်တော်တဲ့တန်ကြေး မရခဲ့ကြတဲ့အပြင် နှင်ထုတ်ခံရတာတွေပါ ဖြစ်လာခဲ့ပါတယ်။ 

၁၉၆၅ ခုနှစ်နောက်ပိုင်း ထိုင်းမြောက်ပိုင်းနဲ့အရှေ့မြောက်ပိုင်းတွေမှာ ကွန်မြူနစ်သောင်းကျန်းသူ နှိမ်နင်းရေးစစ်ဆင် ရေးတွေက စစ်တပ်အတွက် သွယ်ဝိုက်တဲ့နည်းနဲ့ မြေယာတွေပိုပြီးသိမ်းပိုက်ဖို့နဲ့ အခြေခံအဆောက်အအုံတွေတည် ဆောက်ဖို့ နောက်ထပ်ဆင်ခြေတွေဖြစ်လာခဲ့ပါတယ်။ ထိုင်းစစ်တပ်ဟာ နယ်စပ်တလျှောက်တောင်တန်းတွေနဲ့ သစ်တောမြေတွေကို ပိုပြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။

၁၉၅၈ ခုနှစ်မှာတော့ ထိုင်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Sarit Thanarat က ဘုရင်စနစ်ရဲ့ပိုင်ဆိုင်မှုအဆောင် အယောင်တွေ ပြန်ပြီးပေးအပ်ခဲ့ပြီးနောက် စစ်တပ်က တော်ဝင်စီးပွားရေးပရောဂျက် ၄၀၀၀ ကျော်ကို ဘုရင်နဲ့စီမံ ခန့်ခွဲတဲ့မိတ်ဘက် ဖြစ်လာခဲ့ပါတယ်။ ကနဦးပိုင်း "လုံခြုံရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေး" စီမံကိန်းတွေကို စစ်တပ် က ၁၉၅၈ ကနေ ၁၉၈၆ ခုနှစ်အထိ ဦးဆောင်ခဲ့ပါတယ်။ ဒီကာလတွေအတွင်း ကာကွယ်ရေးအသုံးစရိတ်တွေ ဆက် တိုက်ကြီးထွားလာနေပြီး ကွန်မြူနစ်သောင်းကျန်းမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် ၁၉၆၅ ကနေ ၁၉၇၁ ခုနှစ်အထိ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတွေနဲ့ စစ်အေးတိုက်ပွဲပုံစံစစ်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ 

၁၉၉၂ ခုနှစ်အထိ ထိုင်းစစ်တပ်က များပြားလွန်းတဲ့ဘတ်ဂျက်ဆိုင်ရာ ကိုယ်ပိုင်စီမံပိုင်ခွင့်ရခဲ့ပြီး လွှတ်တော်ကလည်း ကာကွယ်ရေးလျာထားချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။ အဲဒီနှစ်မှာဖြစ်ပွားခဲ့တဲ့ "အမှောင်လွှမ်းတဲ့မေလ"လို့လူသိ များတဲ့ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုအပြီးမှာတော့ အနည်းငယ်အပြောင်းအလဲဖြစ်လာခဲ့ပါတယ်။ ငြိမ်းချမ်း တဲ့ဒီမိုကရေစီလိုလားသူတွေကို ထိုင်းစစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် လူအများအပြားသေဆုံးခဲ့ရပါတယ်။ ထိုင်းပြည်သူတွေ ၊ မီဒီယာတွေနဲ့ လွှတ်တော်ကလည်း ထိုင်းစစ်တပ်ရဲ့သဘောထားကိုမြင်လိုက်ရတဲ့အတွက် တုန် လှုပ်ခဲ့ကြပါတော့တယ်။ ဒါကြောင့်လည်း စစ်တပ်နဲ့ပတ်သက်တဲ့ ဘတ်ဂျက်လျာထားမှုတွေအပေါ် ပြင်းပြင်းထန် ထန်စိစစ်လာခဲ့ပြီး ရန်ပုံငွေကျဆင်းလာခဲ့ပါတယ်။ ၁၉၉၇ ခုနှစ် အာရှဘဏ္ဍာရေးအကျပ်အတည်းနဲ့ ထိုင်းနိုင်ငံရေး မှာ "အရပ်သားအသွင်ကူးပြောင်းရေး" လှုပ်ရှားမှုတွေကြီးထွားလာတဲ့အတွက် "၁၉၉၇ ပြည်သူ့ဖွဲ့စည်းပုံအခြေခံဥပ ဒေ"မှာ "အရပ်သားအစိုးရ" သဘောထား ရောင်ပြန်ဟပ်နေခဲ့ပါတယ်။

နောက်ပိုင်းဆယ်စုနှစ်တွေမှာတော့ ဝန်ကြီးချုပ်သက်ဆင်ရှင်နာဝပ် က သူ့ရဲ့သစ္စာခံတွေကို အဓိကရာထူးနေရာတွေမှာ ခန့်ထားခဲ့ပြီး ကာကွယ်ရေးဘတ်ဂျက်ကိုလည်း ထိန်းချုပ်ခဲ့ပါတယ်။ သူ့ရဲ့ရာထူးသက်တမ်း (၂၀၀၁-၂၀၀၆) ခုနှစ် တွေအတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေဆီခွဲဝေပေးခဲ့တဲ့ GDP ရဲ့ဝေစုက ၀ ဒဿမ ၄ ရာခိုင်နှုန်းကျဆင်းသွားခဲ့ ပါတယ်။ ၂၀၀၄ ခုနှစ်မှာစတင်ခဲ့တဲ့ မလေး-မွတ်စလင်သောင်းကျန်းမှုတွေကို ထိုင်းနိုင်ငံကကိုင်တွယ်ဖြေရှင်းခဲ့ရပြီး ကာကွယ်ရေးအသုံးစရိတ် အနည်းငယ်တိုးလာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုက ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်တောင်းဆိုနိုင်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ရွေးကောက်ခံအစိုးရရဲ့ အုပ်ချုပ်ရေးကာလ တွေဆီ ပြန်ပြီးရောက်ရှိခဲ့တယ်ဆိုပေမယ့် အရပ်သားအစိုးရက စစ်တပ်ရဲ့ဘတ်ဂျက်တောင်းဆိုမှုတွေကို အမြဲလိုလို ဆိုင်းငံ့ထားခဲ့ပြီး စစ်တပ်ကိုနှိမ်ဖို့ကြိုးစားခဲ့ပါတယ်။ 

၂၀၁၄-၂၀၁၉ စစ်အုပ်ချုပ်ရေးလက်ထက်မှာတော့ ကာကွယ်ရေးအသုံးစရိတ်က နှစ်စဉ်ဆိုသလိုတိုးလာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ အကန့်အသတ်နဲ့ဒီမိုကရေစီစနစ်ဆီ ပြန်လည်ကူးပြောင်းနိုင်ခဲ့ပြီး စစ်တပ်အသုံးစရိတ်ကတော့ အရင်လိုပဲ တိုးမြှင့်နေတုန်းပါပဲ။ ၂၀၁၇ ခုနှစ်မှာ ထိုင်းစစ်အစိုးရကသတ်မှတ်ခဲ့တဲ့ အမျိုးသားအဆင့်မဟာဗျူဟာ တစ်ရပ်မှာ ဥပဒေချိုးဖောက်မှုနဲ့ ရာထူးကဖယ်ရှားခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ နှစ်စဉ် စစ်ရေးအသုံးစရိတ်လျာ ထားချက်တွေကို တိုးမြှင့်စေနိုင်ခဲ့ပါတယ်။ 

■ ကြီးထွားလာတဲ့ မြန်မာစစ်တပ်

မြန်မာစစ်တပ်အနေနဲ့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကိုလိုနီခေတ်တုန်းက တိုက်ပွဲဝင်ခဲ့တဲ့ လွတ်လပ် ရေးတိုက်ပွဲဝင် ရဲဘော်ဟောင်းတွေနဲ့ ဗြိတိသျှကိုလိုနီလက်အောက်ခံ တိုင်းရင်းသားစစ်သားဟောင်းတွေကို ပြန်ပြီး ပေါင်းစပ်ရာမှာ အားနည်းပေမယ့် ပျက်စီးလွယ်တဲ့ အခြေအနေအတွင်းမှာ အလျင်အမြန် အင်အားကြီးထွားလာတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်တွေတလျှောက်မှာ စစ်တပ်က အစိုးရအသုံးစရိတ်ရဲ့ ၃၀ ကနေ ၄၀ ရာ ခိုင်နှုန်းအထိ နှစ်စဉ်သုံးစွဲခဲ့ပါတယ်။ ဒီလိုဘတ်ဂျက်ချဲ့ထွင်လာတာက စီးပွားရေးနာမကျန်းမှုနဲ့ သွားပြီးတိုက်ဆိုင်နေ ပါတော့တယ်။

၁၉၅၈ ခုနှစ် ဗိုလ်ချုပ်နေဝင်းလက်ထက်မှာတော့ မြန်မာစစ်တပ်က ခွဲထွက်ရေးတိုင်းရင်းသားတပ်ပေါင်းများစွာနဲ့ စစ်ပွဲတွေဆင်နွှဲခဲ့ရပါတယ်။ ၁၉၅၈ - ၁၉၆၀ ခုနှစ်အတွင်း ဦးနေဝင်းက အိမ်စောင့်အစိုးရရဲ့ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ စစ်သားတွေအတွက် ရည်ရွယ်တယ်ဆိုတဲ့ ဦးပိုင်ကုမ္ပဏီ(DSI) ကိုတည်ထောင်ပြီး စစ်တပ်က စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်လာပါတယ်။ ဆောက်လုပ်ရေး၊ အထည်အလိပ်၊ ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ သယ်ယူပိူ့ဆောင်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ လက်လီရောင်းဝယ်ရေး စတဲ့လုပ်ငန်းတွေကို စစ်တပ်က လွှမ်းမိုးချုပ်ကိုင်လာခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ အရပ်သားအစိုးရ ပြန်ပြီးအုပ်ချုပ်လာခဲ့ပြီးနောက် စစ်တပ်က ပိုပြီးကြီးမားတဲ့ စစ်တပ်ပိုင်ကုမ္ပဏီတွေဖြစ်တဲ့ Burma Economic Development Corporation (BEDC) ကိုဖွဲ့စည်းခဲ့ပါတယ်။

အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်။

■ ဘုန်းမောင်

"University of California Press" တွင်ဖော်ပြထားသော "Paul Chambers" ၏ " Khaki Capital and Coup in Thailand and Myanmar" ကိုအကျဉ်းချုပ် ရေးသားပါသည်။

ဗီဒီယိုများ