- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
မြန်မာဘဏ်နှစ်ခု၏ ငွေအကောင့်များကို ဘင်္ဂလားဒေ့ရှ် ဆိုနာလီဘဏ်က ဆိုင်းငံ့
ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး၏ ငွေပေးချေမှု အများစုသည် ရပ်ဆိုင်းခံရသည့် ဘဏ်အကောင့်များမှတစ်ဆင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။
17 Aug 2023
ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် ဆိုနာလီဘဏ်တွင် ရှိနေသည့် မြန်မာအစိုးရပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့၏ ဘဏ်အကောင့်များကို လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါဘဏ်များကို ဒဏ်ခတ်အရေးယူထားကြောင်း အမေရိကန်အစိုးရက ဘင်္ဂလားဒေ့ရှ်အား အသိပေး ပြောကြားခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ရပ်ဆိုင်းသည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး၏ ငွေပေးချေမှု အများစုသည် ဤဘဏ်အကောင့်များမှတစ်ဆင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။
MFTB ဘဏ်သည် ဆိုနာလီဘဏ်၌ စပေါ်ငွေ အမေရိကန်ဒေါ်လာ တစ်သိန်း ရှိထားပြီး MICB ဘဏ်သည် ဒေါ်လာ ၁ သန်းရှိထားသည်။ ဆိုနာလီဘဏ်သည်လည်း MFTB တွင် ကန်ဒေါ်လာ ၁၇၀၀၀ နှင့် MICB တွင် ကန်ဒေါ်လာ ၂ သိန်း စပေါ်ငွေရှိထားကြောင်း သတင်းတွင် ဖော်ပြထားသည်။
MFTB နှင့် MICB ဘဏ်တို့၏ အကောင့်များကို ရပ်ဆိုင်းထားပြီဖြစ်ကာ ငွေထုတ်ယူခြင်း၊ ငွေလွှဲခြင်းများ မပြုလုပ်နိုင်တော့ကြောင်း ဆိုနာလီဘဏ်မှ အရာရှိများက ဒါကာထရီဗျူးသတင်းဌာနသို့ ပြောကြားသည်။
ဤအကောင့်များမှတစ်ဆင့် ငွေလွှဲခြင်း မရှိတော့ကြောင်း ဆိုနာလီဘဏ် စီမံခန့်ခွဲရေးမှူး အာဖဇာကာရင်းက ပြောသည်။
ဘင်္ဂလားဒေ့ရှ်ဘဏ်၏ ညွှန်ကြားချက်အရ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုနာလီဘဏ်ဘက်က ပြောကြားသော်လည်း ဗဟိုဘဏ်ဘက်ကမူ တစ်စုံတစ်ရာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။
နှစ်နိုင်ငံ ကုန်သွယ်ရေးသဘောတူညီချက်အရ မြန်မာနိုင်ငံသည့် ဘင်္ဂလားဒေ့ရှ်သို့ သစ်၊ ချင်း၊ ကြက်သွန်နီ၊ ပဲ၊ ကွမ်းသီး၊ ငါး၊ အုန်းသီး အပါအဝင် ကုန်ပစ္စည်း အများအပြား တင်ပို့လျက်ရှိသလို ဘင်္ဂလားဒေ့ရှ်ဘက်မှလည်း အာလူး၊ ဘီစကွတ်နှင့် ပလတ်စတစ်ထုတ်ကုန်များ အပါအဝင် ပစ္စည်းများ အပြန်အလှန် တင်ပို့လျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ်သည် ၂၀၂၀-၂၁ ခုနှစ်တွင် မြန်မာဘက်မှ အမေရိကန်ဒေါ်လာသန်း ၁၃၀ ဖိုးခန့် တင်သွင်းခဲ့သည်။
၂၀၂၁-၂၂ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်မှ မြန်မာဘက်သို့ တင်သွင်းမှုစုစုပေါင်း တန်ဖိုးမှာ ကန်ဒေါ်လာ ၃.၉ သန်းခန့်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ထုတ်ကုန်တိုးမြှင့်ရေးဗျူရို၏ ထုတ်ပြန်ချက်အရ သိရသည်။