ပုဏ္ဏားကျွန်းမြို့နယ်ရှိ ခမီကြိမ်ချောင်းဆည်မှ ခြောက်နှစ်ကြာသည့်တိုင် ရေပေးဝေမှုမရှိသေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှ ၁၁ မိုင်ခန့်အကွာတွင်ရှိသော ခမီကြိမ်ချောင်း‌ဆည်ကို ၂၀၁၄-၂၀၁၅ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး လက်ရှိခြောက်နှစ်ကျော်ကြာသည့်တိုင် ရေပေးဝေမှုမရှိသေးကြောင်း သိရသည်။

22 Dec 2021

Photo - Crd

DMG ၊ ဒီဇင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှ ၁၁ မိုင်ခန့်အကွာတွင်ရှိသော ခမီကြိမ်ချောင်း‌ဆည်ကို ၂၀၁၄-၂၀၁၅ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး လက်ရှိခြောက်နှစ်ကျော်ကြာသည့်တိုင် ရေပေးဝေမှုမရှိသေးကြောင်း သိရသည်။

ခမီကြိမ်ချောင်းရေလှောင်တာတမံသည် အလျား ၆၆၀ ပေ၊ အမြင့် ၉၀‌ ပေရှိသည်။ အသုံးပြုနိုင်မည့် ရေလှောင်ပမာဏာမှာ ဂါလံသန်း ၂၇၃၆ ဖြစ်ပြီး ရေပိုလွှဲအကျယ်မှာ ၅၀ ပေဖြစ်ကာ ရေထုတ်ပြွန်မှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်သည်။

၎င်းဆည်ကို ပုဏ္ဏားကျွန်းစက်မှုဇုန်အတွက်ရည်ရွယ်ကာ နိုင်ငံတော်ဘတ်ဂျက်ငွေဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

“ဒီဆည်ကို ရန်ကုန်ကတည်ဆောက်ရေးအဖွဲ့(၉)က လာတည်ဆောက်တာ၊ ဆည်လုပ်ငန်းနဲ့ပတ်သက်ပြီး အခုထိတော့မလွှဲပြောင်းပေးသေးဘူး။ လွှဲပေးမယ့်အစီအစဉ်တော့ လုပ်နေတယ်။ ဆည်ရေက ပုဏ္ဏားကျွန်းစက်မှုဇုန်အတွက် ရေပေးဝေမှာ။ ဒါပေမဲ့ စက်မှုဇုန်ကလည်း အခုထိတော့မစရသေးဘူး”ဟု ရခိုင်ပြည် ဆည်မြောင်းနှင့်ရေအသုံးချမှုဖြန့်ဝေရေးဌာနမှ တာဝန်ရှိသူတစ်ဦးက DMG ကိုပြောသည်။

အဆိုပါဆည်တည်ဆောက်မှုနှင့်ပတ်သက်ပြီး ကုန်ကျစရိတ်နှင့် မည်သည့်အချိန်တွင် ရေပေးဝေမည့် အစီအစဉ်ကို စစ်တွေမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုဖြန့်ဝေရေးဌာနထံ စုံစမ်းမေးမြန်းခဲ့သော်လည်း ၎င်းတို့ဌာနမှလည်းမသိရှိကြောင်း ဖြေကြားသည်။

“ဒီဆည်ကဆောက်လို့ပြီးသွားပေမယ့် အခုချိန်ထိ ဘာမှမလည်ပတ်သေးဘူး။ ဆည်အနီးအနားက ရွာတွေကိုလည်းရေမပေးဘူး။ ပိုက်လိုင်းတွေလည်း တစ်ခုမှမတပ်ဆင်ရသေးဘူး။ နိုင်ငံတော်ရဲ့ငွေနဲ့ ဆည်တည်ဆောက်ထားပြီး အခုထိဘာမှအလုပ်မလုပ်တော့ အစိုးရလည်းနစ်နာတယ်။ ပြည်သူလည်းနစ်နာတယ်။ အဲဒီသဘောသက်ရောက်နေတယ်”ဟု ပုဏ္ဏားကျွန်းမြိုခံ ဦးကျော်လှမောင်က ပြောသည်။

ခမီကြိမ်ချောင်းဆည်အနီးတွင် ကျေးရွာ ၁၁ ရွာတည်ရှိပြီး ယင်းဆည်မှာရေပေးဝေမည်ဆိုပါက ဆည်အနီးအနားရှိ ဒေသခံပြည်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေးတို့အတွက် ရေရရှိနိုင်မည်ဖြစ်သည်။

ခမီကြိမ်ချောင်းဆည်သည် ပုဏ္ဏားကျွန်းစက်မှုဇုန်မှ ၉ မိုင်ခန့်အကွာ ခမီကြိမ်ချောင်းကျေးရွာအနီးတွင်တည်ရှိပြီး ယင်းဆည်မှရေကို ပုဏ္ဏားကျွန်းမြို့ဘက်သို့လည်း ပိုက်လိုင်းသွယ်တန်းကာရေပေးဝေရန် ဒေသခံများက လိုလားနေကြသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကနေ စတင်အကောင်အထည်ဖော်ရန်ကြိုးပမ်းခဲ့သော ပုဏ္ဏားကျွန်းစက်မှုဇုန်မှာ လက်ရှိအချိန်ထိအကောင်အထည်ပေါ်မလာသေးဘဲ စက်မှုဇုန်အတွက်ရည်ရွယ် တည်ဆောက်ထားသည့် ခမီကြိမ်ချောင်းဆည်မှာလည်း လက်ရှိအချိန်ထိ မလုပ်မဖြစ်ဘဲရှိနေသည်။

ဗီဒီယိုများ