ပြင်ကောက်ဆည်တည်ဆောက်ရာတွင် မြေယာပါဝင်သွားသည့်တောင်သူများ လျော်ကြေးငွေမရရှိသေး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က လျှိုပိတ်ဆည်တည်ဆောက်ရာ၌ မြေယာပါဝင်သွားသည့်တောင်သူများမှာ လက်ရှိအချိန်ထိ လျော်ကြးငွေ မရရှိကြသေးကြောင်း ပြောဆိုကြသည်။

26 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က လျှိုပိတ်ဆည်တည်ဆောက်ရာ၌ မြေယာပါဝင်သွားသည့်တောင်သူများမှာ လက်ရှိအချိန်ထိ လျော်ကြးငွေ မရရှိကြသေးကြောင်း ပြောဆိုကြသည်။

အဆိုပါဆည်တည်ဆောက်ရာတွင် ပုံစံ(၇)ရှိသောတောင်သူ ၉ ဦးနှင့် ပုံစံ(၇)မရရှိသည့်တောင်သူ ၉ ဦးတို့၏ မြေယာစုစုပေါင်း ၅၂ ဒသမ ၄၅ ဧက ပါဝင်သွားခဲ့သည်။

ပြင်ကောက်ဆည်တည်ဆောက်ရာတွင် မြေယာပါဝင်သွားသော ဒေသခံတောင်သူများအတွက် နစ်နာကြေးရရှိနိုင်ရန် အစိုးရထံတင်ပြထားသည်ဟု ယခု ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးမှပြောဆိုထားသော်လည်း ယခုနှစ်ကုန်ပိုင်းအချိန်ထိ ထူးခြားမလာသေးကြောင်း မြေယာပါဝင်သွားသည့် တောင်သူများကဆိုသည်။

“အခုက နစ်နာကြေးလဲမရဘူး၊ လျှော်ကြေးလဲမရဘူး၊ အလုပ်အကိုင်လဲမရှိဘူး၊ စီးပွားရေလဲပျက်နေပြီ။ တောင်သူဆိုတာ လယ်လုပ်ပြီးစားရတာ၊ အခုလယ်မရှိတော့ လုပ်စရာအလုပ်လဲမရှိဘူး။ ဘယ်အစိုးရတက်တက် ကျနော်တို့မြေယာအတွက် လျှော်ကြေးကိုပေးစေချင်တယ်။ အခုဟာက အပြောတစ်ခြား အလုပ်တစ်ခြားဖြစ်နေပြီ”ဟု ဆည်တည်ဆောက်ရာတွင် မြေယာပါဝင်သွားသည့် ဒေသခံဦးဖိုးရီကပြောသည်။

ဆည်တည်ဆောက်စဉ်က ပါဝင်သွားသည့်မြေယာများအတွက် လျှော်ကြေးငွေပေးမည်ဟု မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်နုအောင်က ဒေသခံတောင်သူများကို ကတိပြုပြောကြားခဲ့သည်။ ယင်းကိစ္စအား လွှတ်တော်တွင်တင်ပြထားပြီး ၂၀၂၀ ခုနှစ်ထဲတွင်ပေးမည်ဟုလည်း ဦးတင်နုကပြောဆိုခဲ့သည်။

သို့သော် ယခုအာဏာသိမ်းယူထားသည့် စစ်ကောင်စီလက်ထက်တွင်လည်း ပြင်ကောက်ဆည် တည်ဆောက်ရာတွင် မြေယာပါဝင်သွားသည့် ဒေသခံတောင်သူများအတွက် လျှော်ကြေးငွေမရရှိသေးချေ။
နစ်နာမှုရှိသောတောင်သူများကို လုပ်ကိုင်စားသောက်ရေးအဆင်ပြေစေရန်အတွက် နစ်နာကြေး အမြန်ပေးစေလိုကြောင်း ဆည်တည်ဆောက်ရာတွင်မြေယာပါဝင်သွားသည့် ဒေသခံကိုတင်မောင်ထွေးက ပြောသည်။

“မြေယာကိစ္စတွေနဲ့ သက်ဆိုင်ရာက ဘာမှလာပြောတာတော့မရှိဘူး။ တောင်သူတွေက လယ်ယာ မလုပ်ကိုင်ရတာ ၂ နှစ်ရှိနေပြီ။ ဒါကို အမြန်ဆုံး လျှော်ကြေးငွေပေးစေချင်တယ်”ဟု ၎င်းကပြောသည်။

ပြင်ကောက်ဆည်ကို သောက်သုံးရေရရှိရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနမှ တာဝန်ယူပြီး ခန့်မှန်းကုန်ကျငွေ(ကျပ်သန်း ၁၂၀)ဖြင့် ဆောက်လုပ်ခဲ့သည်။ ဆည်၏အလျားမှာ ၃၄၅ ပေရှည်လျားပြီး အမြင့် ၄၀ ပေရှိကာ ထိပ်ဝအကျယ် ၂၀ ပေရှိ‌ကြောင်း သိရသည်။ သို့သော်အဆိုပါဆည်မှ လက်ရှိအချိန်ထိ ရေပေးဝေမှုမရှိသေးကြောင်း ပြင်ကောက်ကျေးရွာသားများကပြောသည်။

မာန်အောင်မြို့နယ်အတွင်းတွင် ကြက်တောင်ဆည်၊ ကံလက်ဆည်၊ ဒိုးဒန်းဆည်နှင့် ပြင်ကောက်ဆည် စသည့်လျှိုပိတ်ဆည်လေးခုရှိသည့်အနက် ကြက်တောင်ဆည်နှင့် ပြင်ကောက်ဆည်တို့မှာ ရေဖြန့်ဝေခြင်း မလုပ်ဆောင်နိုင်သေးကြောင်းလည်း ဒေသခံများထံမှသိရသည်။

ဗီဒီယိုများ