အာဏာသိမ်းပြီးနောက် ကျောင်းသား ၁၁ ဦး သတ်ဖြတ်ခံရပြီး ၃၀ ဦး ထောင်ချခံထားရကြောင်း ဗကသများအဖွဲ့ချုပ် ထုတ်ပြန်

သတ်ဖြတ်ခံရသူများမှာ နေအိမ်အတွင်းရှိနေစဉ် စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်မှုနှင့် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြစဉ် ပစ်ခတ်ခံရမှုကြောင့် သေဆုံးရခြင်းဟု ဗကသများအဖွဲ့ချုပ် ပြောသည်။

By Admin 08 May 2023

ယခုလအတွင်း ဗကသများအဖွဲ့ချုပ်က ပြုလုပ်နေသည့် “တော်လှန်ရေးသမားကို သေမိန့်ချရုံနဲ့ တော်လှန်ရေးက သေမိန့်မကျဘူး” အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု။ ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်
ယခုလအတွင်း ဗကသများအဖွဲ့ချုပ်က ပြုလုပ်နေသည့် “တော်လှန်ရေးသမားကို သေမိန့်ချရုံနဲ့ တော်လှန်ရေးက သေမိန့်မကျဘူး” အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု။ ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်

DMG ၊ မေ ၈

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့အထိ နှစ်နှစ်ကျော်ကာလအတွင်း ကျောင်းသား ၁၁ ဦး သတ်ဖြတ်ခံခဲ့ရပြီး ဖမ်းဆီးခံရသူ (၅၅) ဦးထဲက လက်ရှိတွင် (၃၀) ဦးမှာ အကျဉ်းထောင်များတွင် ထောင်ဒဏ်ချမှတ်ခံထားရကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ယနေ့ကျရောက်သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမ္ဂများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၈၇) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်တွင် ထိုသို့ဖော်ပြထားခြင်း ဖြစ်သည်။

“ဒါတွေက အကြမ်းဖက်ဖက်ဆစ်တပ်က ကျူးလွန်ထားတဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေပဲ။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရေးအတွက် ဗကသများအဖွဲချုပ်အနေနဲ့ ပြည်သူလူထုနဲ့လက်တွဲပြီး ဆက်လက် တိုက်ပွဲဝင်သွားမှာပါ” ဟု ဗကသများအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက DMG သို့ပြောသည်။

သတ်ဖြတ်ခံရသူများမှာ နေအိမ်အတွင်းရှိနေစဉ် စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်မှုနှင့် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြစဉ် ပစ်ခတ်ခံရမှုကြောင့် သေဆုံးရခြင်းဟု ဗကသများအဖွဲ့ချုပ် ပြောသည်။

ဖမ်းဆီးခံကျောင်းသားများမှာလည်း နိုင်ငံရေးပုဒ်မများဖြစ်သော ၅၀၅(က)၊ ၅၀(ဈ)(ည)၊ ၄၉(က) စသည်တို့ဖြင့် ထောင်ဒဏ်သုံးနှစ်မှ တသက်တကျွန်းအထိ ချမှတ်ထားရပြီး ယင်းအထဲတွင် တသက်တကျွန်း အမိန့်ချခံထားရသူ ၃ ဦး၊ သေဒဏ်ချမှတ်ခံထားသူ ၁ ဦး ရှိကြောင်း ထုတ်ပြန်သည်။

ဗကသများအဖွဲ့ချုပ်သည် ကိုလိုနီ၊ ဖဆပလ၊ စစ်အာဏာရှင်ခေတ်မှသည် လက်ရှိ စစ်အာဏာသိမ်း ကာလအထိ ပြည်သူနှင့်အတူရပ်တည်ကာ အာဏာရှင်စနစ်ဆန့်ကျင်‌ရေး၊ ငြိမ်းချမ်းရေး၊ ကျောင်းသားအခွင့်အရေး စသည့်ကဏ္ဍများတွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့ကြောင်း ဆိုသည်။

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဗကသများအဖွဲ့ချုပ်သည် မြေပြင်သပိတ်လှုပ်ရှားမှုများ၊ လူထုစည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းစဉ်များ၊ စာစောင်ဖြန့်ဝေခြင်းလုပ်ငန်းစဉ်များ အစရှိသည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပေါင်း (၉၄၇) ကြိမ် ပြုလုပ်ခဲ့ကြောင်း ကြေညာချက်တင် ဖော်ပြသည်။

ကျောင်းသား ၁၁ ဦး သတ်ဖြတ်ခံရနှင့် ကျောင်းသား ၃၀ ဦး ထောင်ဒဏ်ချမှတ်ခံထားရသည်ဆိုသည့် ဗကသများအဖွဲ့ချုပ်ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြောရေဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ယနေ့ကျရောက်သည့် ဗကသများအဖွဲ့ချုပ်တည်ထောင်ခြင်း (၈၇) နှစ်ပြည့်အတွက် ရက္ခိုင်ပြည်ကျောင်းသမားသမဂ္ဂနှင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ကိုဦးသန်းနိုင်က “ဗကသကျောင်းသားသမဂ္ဂနဲ့ ကျနော်တို့ ရကသကျောင်းသားသမဂ္ဂဟာ မဟာမိတ်အဖွဲ့တွေဖြစ်တယ်။ ရခိုင်ပြည်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ၊ ရခိုင်ပြည်သူတွေရဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဗကသအနေနဲ့ ထဲထဲဝင်ဝင် ပါဝင်ခဲ့တာတွေရှိတဲ့အတွက် ဂုဏ်ပြုအနေနဲ့ သဝဏ်လွှာပေးပို့ရတာ ဖြစ်ပါတယ်” ဟု DMG ကို ဆိုသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂသည် နွေဦးတော်လှန်ရေးနှင့် နိုင်ငံရေးအခန်းကဏ္ဍများတွင် ခိုင်မာပြတ်သားသော မူဝါဒလမ်းစဉ်များဖြင့် တိုက်ပွဲဝင်နေသော ဗကသများအဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး အာဏာရှင်ဆန့်ကျင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြသည်။

#R007

ဗီဒီယိုများ