မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး ၇ လခန့်အတွင်း သေဆုံးသူ ၁၀၀၀ ကျော်နှင့် ဖမ်းဆီးခံခဲ့ရသူ ၇၀၀၀ ကျော်အထိရှိလာကြောင်း AAPP ထုတ်ပြန်

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် သေဆုံးသူစုစုပေါင်း ၁၀၀၇ ဦးနှင့် ဖမ်းဆီးခံခဲ့ရသူဦးရေ ၇၃၇၂ ဦးအထိရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ယနေ့ သြဂုတ်လ ၂၀ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

21 Aug 2021

DMG ၊ သြဂုတ် ၂၁

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် သေဆုံးသူစုစုပေါင်း ၁၀၀၇ ဦးနှင့် ဖမ်းဆီးခံခဲ့ရသူဦးရေ ၇၃၇၂ ဦးအထိရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ယနေ့ သြဂုတ်လ ၂၀ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် သေဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနိုင်ကြောင်း AAPP ကဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၇၅၉ ဦးရှိပြီး ယင်းအထဲမှ ၂၅၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု AAPP ၏ ထုတ်ပြန်ချက်အရသိရသည်။

ယင်းသို့ ပြစ်ဒဏ်ကျခံရသူများထဲမှ အသက် ၁၈ နှစ်အောက် ကလေး ၂ ဦးအပါအဝင် (၂၆)ဦးမှာ သေဒဏ်ချမှတ်ခံထားရခြင်းဖြစ်ဟုဆိုသည်။

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၈၄ ဦးရှိပြီး ယင်းအထဲမှ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦးအပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရခြင်းဖြစ်သည်ဟု AAPP က ထုတ်ပြန်ထားသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိလာနေပြီဖြစ်သည်။

အာဏာသိမ်းမှုဖြစ်ပွားမှုနောက်တွင် အသတ်ခံရသူ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း အများအပြားရှိကြောင်း စစ်တပ်ဘက်က ပြောကြားမှုများရှိသည်။ သို့သော် AAPP ၏ ကျဆုံးစာရင်းတွင်မူ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သေဆုံးမှုများကို ထည့်သွင်း တွက်ချက်ထားခြင်းမရှိပေ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP သည် ဖေဖော်ဝါရီလက အာဏာသိမ်းမှုစတင်ချိန်တည်းက မြန်မာနိုင်ငံတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့် သေဆုံးရသူစာရင်းကို တောက်လျှောက်မှတ်တမ်းတင်နေသော အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရအား မြန်မာစစ်တပ်က ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင်ဖြုတ်ချကာ နိုင်ငံတော်အာဏာကိုရယူခဲ့သည်။ ထိုအချိန်မှစတင်၍ နိုင်ငံတစ်ဝန်း နေ့စဉ်ရက်ဆက် ဆန္ဒဖော်ထုတ်မှုများ ပေါ်ပေါက်ခဲ့သည်။

နောက်ပိုင်းတွင် ဆန္ဒပြပွဲများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သေစေလောက်သည်အထိ အင်အားသုံးနှိမ်နင်းမှုများရှိလာခဲ့ပြီးနောက် ဆန္ဒပြမှုများသည်လည်း ရရာလက်နက်များဖြင့် ခုခံတော်လှန်သည့်ဘက်သို့ တဖြည်းဖြည်း အသွင်ပြောင်းခဲ့သလို ဒေသအများအပြားတွင်လည်း ဒေသန္တရပြည်သူ့ကာကွယ်ရေးတပ် (PDF)များဖွဲ့စည်းကာ မြန်မာစစ်တပ်ကို ပြန်လည်တိုက်ခိုက်မှုများရှိလာနေသည်။

ဗီဒီယိုများ