အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ ၃,၀၀၀ ကျော်ရှိကြောင်း AAPP ထုတ်ပြန်

လက်ရှိ ဖော်ပြထားသည့် ဖမ်းဆီး၊ သေဆုံးသူ ကိန်းဂဏန်းအရေးအတွက်မှာ AAPP က ကောက်ယူထားသည့် အရေအတွက်သာဖြစ်ပြီး မြေပြင်အခြေအနေတွင် ယခုထက်ပိုများနိုင်ကြောင်း AAPP က ဆိုသည်။

By Admin 20 Feb 2023

ဓာတ်ပုံ - AAPP
ဓာတ်ပုံ - AAPP

DMG ၊ ဖေဖော်ဝါရီ ၂၀

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ၂ နှစ်ကျော်ကာလတွင် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူဦးရေ ၃,၀၁၈ အထိရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် တိုင်းပြည်အချုပ်အခြာအာဏာနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမည့် တပ်မတော်ဖြစ်ရမည့်အစား ပြည်သူလူထုအပေါ် သတ်ဖြတ်မှုများသာ လုပ်ဆောင်နေသည်ဟု AAPP တာဝန်ရှိသူက DMG ၏ မေးမြန်းမှုကို အီးမေးလ်မှတစ်ဆင့် ဖြေကြားထားသည်။ 

“အာဏာသိမ်းမှု ၂ နှစ်ကျော်လာခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု(စစ်ကောင်စီ)က အာဏာကို မတရားရယူထားဆဲဖြစ်ပါတယ်။ ဒီစစ်အုပ်စုရဲ့လက်အောက်မှာ တိုင်းပြည်က တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာစရာပဲ ရှိပါတယ်။ တိုင်းပြည်က အကြမ်းဖက်သမားတွေ(စစ်ကောင်စီ)ရဲ့လက်ထဲမှာ ကောင်းလာစရာ တစ်ကွက်မှ မရှိပါဘူး” ဟု AAPP တာဝန်ရှိသူက ပြောသည်။ 

AAPP မှပြုစုထားသည့် မှတ်တမ်းများအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ ဖမ်းဆီးခံရချုပ်နှောင်ခံရသူ စုစုပေါင်း (၁၅,၉၁၁)ဦးရှိပြီး ယင်းအထဲမှ (၄,၄၂၉)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၃) ဦးရှိကြောင်း သိရသည်။

မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသဖြင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၄) ဦးရှိပြီဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖမ်းဆီးခံထားရသူများထဲမှ အာမခံဖြင့်လွတ်မြောက်သူ (၂၄) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃,၈၃၃) ဦးရှိကြောင်း AAPP က ထုတ်ပြန်ထားသည်။

လက်ရှိ ဖော်ပြထားသည့် ဖမ်းဆီး၊ သေဆုံးသူ ကိန်းဂဏန်းအရေးအတွက်မှာ AAPP က ကောက်ယူထားသည့် အရေအတွက်သာဖြစ်ပြီး မြေပြင်အခြေအနေတွင် ယခုထက်ပိုများနိုင်ကြောင်း AAPP က ဆိုသည်။

စစ်ကောင်စီသည် NUG၊ PDF နှင့် ERO တို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး NUG ကလည်း သွေးကြွေးမှာဆွေးနွေးစရာမရှိကြောင်း ထုတ်ပြန်ပြောကြားထားသည့်အတွက် သေဆုံးသူဦးရေက ဆက်လက်ရှိနေမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“အဲဒီဟာတွေကို  နိုင်ငံတကာကနေပြီးတော့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေလုပ်ပြီးတော့ ဒီမိုကရေစီလမ်းကြောင်းကို ဘယ်လိုတွန်းတင်ဖို့လုပ်ဆောင်မလဲ ဆိုတာကို စစ်ကောင်စီဘက်က လက်မခံတဲ့ဟာကတော့ တိုင်းပြည်ကလည်း အဲဒီထက်ပိုမိုဆိုးဝါးတဲ့ အခြေအနေတွေကိုဦးတည်ပြီး  ဆိုးဝါးတဲ့ကံကြမ္မာကြီးကို ရင်ဆိုင်ရအုံးမှာ” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

လက်ရှိမှာ စစ်ကောင်စီက အာဏာတည်မြဲနေသော်လည်း ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သည့်လုပ်ရပ်များမှာ သမိုင်းတွင် အမည်းစက်အဖြစ် ကျန်ရှိသွားမည်ဟု ရခိုင့်ဝါရင့်နိုင်ငံသမား ဦးဖေသန်းက ပြောသည်။ 

“ဒါတွေက တချိန်ချိန်မှာတော့ သူတို့(စစ်ကောင်စီ)အနေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်လာတယ်။ အာဏာမရှိဘဲ အာဏာပြုတ်ကျတဲ့ အချိန်အခါမျိုးမှာ သူတို့(စစ်ကောင်စီ)ဟာ အရေးယူခံလာရမှာက သေချာတယ်” ဟု ဦးဖေသန်းက ပြောသည်။ 

AAPP ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တုန့်ပြန်ချက်ရရှိနိုင်ရန်အတွက် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူထားသည်မှာ ၂ နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်သော်လည်း နိုင်ငံတစ်ဝှမ်း၌ စစ်အာဏာရှင်ဆန့်ကျင့်ရေး ဆန္ဒပြမှုများ၊ အာဏာရှင်တော်လှန်မှုများ ဖြစ်ပွားနေဆဲဖြစ်သည်။

ယင်းအပြင် အာဏာသိမ်းယူသည့်အချိန်မှစ၍ ယနေ့အထိ စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသအသီးသီးမှာဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်လျက်ရှိသည်။

#I001

ဗီဒီယိုများ