စစ်ကောင်စီက ကျူးလွန်နေသည့် ရာဇဝတ်မှုများကို တရားစီရင်နိုင်ရေး ဥပဒေပြဌာန်းပေးရန် အာဆီယံနိုင်ငံများသို့ AAPP တောင်းဆို 

စစ်ကောင်စီက ကျူးလွန်နေသည့် ရာဇတ်မှုများကို နိုင်ငံတကာတရားစီရင်ရေးယန္တရားများက ထိရောက်သည့်အရေးယူမှုများ ချက်ချင်း မလုပ်ဆောင်နိုင်ပါက ယခုထက်ဆိုးရွားသော ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျုးလွန်လာနိုင်သည်။

By Admin 23 Mar 2023

၂၀၂၂ ခုနှစ်၊ မေလ ၁ဝ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အရပ်သား ၃၀ ခန့်ကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီထားစဉ်။ ဓာတ်ပုံ - RFA
၂၀၂၂ ခုနှစ်၊ မေလ ၁ဝ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အရပ်သား ၃၀ ခန့်ကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီထားစဉ်။ ဓာတ်ပုံ - RFA

DMG ၊ မတ် ၂၃ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူချိန်မှစ၍ လူသားမျိုးနွယ်အပေါ်ကျူးလွန်နေသည့် ရာဇဝတ်မှုများကို တရားစီရင်နိုင်ရေးအတွက် အာဆီနိုင်ငံများက အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်ဥပဒေများ ပြဌာန်းပေးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က တောင်းဆိုလိုက်သည်။ 

စစ်ကောင်စီက ကျူးလွန်နေသည့် ရာဇတ်မှုများကို နိုင်ငံတကာတရားစီရင်ရေးယန္တရားများက ထိရောက်သည့်အရေးယူမှုများ ချက်ချင်း မလုပ်ဆောင်နိုင်ပါက ယခုထက်ဆိုးရွားသော ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျုးလွန်လာနိုင်ကြောင်း AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောဆိုသည်။

“ဒါကြောင့် အပြစ်မဲ့ လူသားတွေရဲ့ အကျိုးကို ရှေ့ရှုပြီး လက်တွေ့ကျတဲ့ ပြစ်ဒဏ်စီရင်ခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းက အမြန်ဆုံးပြုလုပ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။ 

စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ရှိ လူသားမျိုးနွယ်များအပေါ် ရာဇဝတ်မှု ဆက်လက် ကျူးလွန်နေခြင်းမှာ တစ်နေ့တခြား တိုးပွားလာနေသဖြင့် နစ်နာဆုံးရှုံးသူများနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် တရားမျှတမှုရရှိရေး လမ်းကြောင်းတစ်ခု ပံ့ပိုးပေးရန် AAPP က ထုတ်ပြန်သည့် တရားမျှတမှုအတွက် တာဝန်ခံမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။ 

၂၀၂၂ ခုနှစ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ်ပေါင်း (၁၄၅) ခုတွင် စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ဒီမိုကရေစီအရေးထောက်ခံသူပေါင်း (၁,၂၅၀) ဦးသေဆုံးခဲ့ပြီး ယင်းအထဲမှ လူဦးရေ (၄၀) ရာခိုင်နှုန်းခန့်ကို ဖမ်းဆီးထိန်းသိမ်းစဉ်အတွင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း AAPP ၏ အစီရင်ခံစာတွင် ပါရှိသည်။ 

ယင်းအပြင် ၂၀၂၂ ခုနှစ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ် (၂၆၂) ခုမှာ ဒီမိုကရေစီအရေး ထောက်ခံသူပေါင်း (၃,၇၃၈) ဦး ဖမ်းဆီးခံခဲ့ရပြီး မြို့နယ်ပေါင်း (၁၃၂) မြို့နယ်မှ ဒီမိုကရေစီ အရေးထောက်ခံသူပေါင်း (၄၁၉) ဦး၏ နေအိမ်အထောက်အဦးနှင့် ပစ္စည်းများအပါအဝင် ပိုင်ဆိုင်မှုပေါင်း (၅၃၄) ခုကို ဥပဒေမဲ့သိမ်းယူခဲ့ကြောင်း AAPP က ဆိုသည်။ 

AAPP မှ ကောက်ယူထားသော စာရင်းများအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့ထိ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃,၁၅၄) ဦးရှိသည်။ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၆,၉၂၅) ဦးရှိပြီး ၎င်းတို့အနက်မှ  (၅,၁၆၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကာ သေဒဏ်ချမှတ်ခံထားရသူ (၁၅၀) ဦး ရှိကြောင်း သိရသည်။ 

AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “စစ်တပ်ဟာ အဆိုးရွားဆုံး နိုင်ငံတကာ ရာဇဝတ်မှုများဖြစ်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲပါ။ အခုအချိန်ဟာ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) နဲ့ အခြားဖြစ်နိုင်တဲ့ ယန္တရားများ အားလုံးကတဆင့် စစ်တပ်ကို အရေးယူဖို့အချိန် ကျရောက်နေပြီဖြစ်ပါတယ်” ဟု ဆိုသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အစိုးရအချင်းချင်းဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီက ရာဇဝတ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေရန် ပြတ်သားသော အရေးယူဆောင်မှုများ ချက်ချင်းလုပ်ဆောင်ပြီး မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် ကူညီထောက်ပံ့မှုများပေးအပ်ရန် AAPP က တောင်းဆိုသည်။ 

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလအထူးကိုယ်စားလှယ် အနေဖြင့်လည်း စစ်ကောင်စီက ကျူးလွန်နေသည့် ရာဇဝတ်မှုများကို ပိုမို အနီးကပ်စောင့်ကြည့်စေရန်နှင့် နိုင်ငံတကာအာရုံစိုက်မှု ရရှိလာစေန် ဆောင်ရွက်ပေးဖို့အတွက် AAPP ၏ အစီရင်ခံစာတွင် ထည့်သွင်းတောင်းဆိုထားသည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူထားသည်မှာ လက်ရှိတွင် ၂ နှစ်ကျော်အထိရှိလာခဲ့ပြီဖြစ်ပြီး တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး စသည့် အဘက်ဘက်က ယိုယွင်းပျက်စီးနေသည်။ 

#E004

ဗီဒီယိုများ