ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်အနီး တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ဦးကင်းရွာ မီးလောင်

ကျောက်ဖြူမြို့နယ်၊ ဓညဝတီ ရေတပ်ဌာနချုပ်အနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေပြီး ဦးကင်းကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ မီးလောင်နေကြောင်း သိရသည်။

By Admin 06 Mar 2025

စစ်ကောင်စီ၏ ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်းတစ်ခုကို ၂၀၁၇ ခုနှစ်အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CINCDS
စစ်ကောင်စီ၏ ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်းတစ်ခုကို ၂၀၁၇ ခုနှစ်အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CINCDS

DMG ၊ မတ် ၆

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဓညဝတီ ရေတပ်ဌာနချုပ်အနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေပြီး ဦးကင်းကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ မီးလောင်နေကြောင်း သိရသည်။

ယနေ့ (မတ် ၆ ရက်)၊ မွန်းတည်း ၁၂ နာရီတွင် ဦးကင်းရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ညနေ ၄ နာရီထိ မီးကူးစက်လောင်ကျွမ်းနေခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

" စစ်ကောင်စီ ဗုံးကြဲတာနေတစ်ဆင့် ပေါက်ကွဲပြီးတော့ မီး စလောင်တာ။ အခုရွာက အိမ်ခြေ ထက်ဝက်လောက် အထိ မီးကူးစက်သွားပြီ။ ဆက်ပြီးတော့လည်း မီးလောင်နေတုန်း။ တိုက်ပွဲကြောင့် မီးငြိမ်းဖို့ကလည်း အခြေအနေမပေးဘူး " ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက DMG ကို ပြောသည်။

ဦးကင်းကျေးရွာသည် ဓညဝတီရေတပ် ဌာနချုပ်အနီး ၃ မိုင်အကွာခန့်တွင် တည်ရှိပြီး အိမ်ခြေ ၁၀၀ ကျော်ရှိသည်။ ဦးကင်းရွာသားအချို့မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။

ယင်းနောက် ဖေဖော်ဝါရီ ၂၂ ရက်တွင် ဦးကင်းကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်သဖြင့် သက်ကြီးပိုင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကျေးရွာသားများမှာလည်း ဘေးလွတ်ရာသို့ ထပ်မံ ထွက်ပြေးခဲ့ကြရသည်။

" ရွာက ထွက်ပြေးသွားတဲ့ လူတော်တော်များများက စားစရာ၊ အဝတ်အထည် ဘာမှမပါဘဲ အရေးပေါ် ပြေးကြရတာ။ တချို့ဆို သူတို့ရဲ့ လက်ဝတ်ရတာနာတွေကိုတောင် မယူခဲ့ရ။ အသက်လုပြီး ပြေးသွားကြတာ ဆိုတော့ မီးလောင်တဲ့ အထဲ မပါစေနဲ့လို့ ဆုတောင်းနေရုံပဲ ရှိတယ် " ဟု ဦးကင်းကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဓညဝတီ ရေတပ်ဌာနချုပ်အနီး‌ရှိ ဦးကင်း၊ စည်မော်၊ ကြတ္တိန် ကျေးရွာ တဝိုက်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်မှ စ၍ ယနေ့ (မတ် ၆ ရက်) အထိ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရမှုနှင့်အတူ နေအိမ် ပျက်စီးဆုံးရှုံးမှုရှိနေကြောင်း ဒေသခံများက ပြောသည်။