- စစ်တွေက မွတ်ဆလင် ၁,၀၀၀ ကျော်ကို စစ်ကောင်စီ စစ်သင်သန်းပေး၊ လူ ၁,၀၀၀ ထပ်တောင်းထား
- အမ်းမြို့အခြေစိုက် နပခကို AA တိုက်ခိုက်နေ
- ရခိုင်ပြည်အလုံးစုံပျက်စီးရေး မူဝါဒဖြင့် စစ်ကောင်စီ လုပ်ဆောင်နေဟု AA ပြော
- AA နှင့်အတူ အနာဂတ်တိုင်းပြည်သစ်ကို ဖန်တီးပုံဖော်လိုကြောင်း NUG ပြော
- စစ်ကောင်စီလက်နက်ကြီးကြောင့် အမ်းနှင့်သံတွဲတွင် ကလေးတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
ဘင်္ဂလားဒေ့ရှ် မွတ်ဆလင်ဒုက္ခသည်စခန်း မီးလောင်မှုကြောင့် မီးဘေးသင့်သူ ၁၂၀၀၀ ကျော်ရှိ
ဒုက္ခသည်စခန်း မီးလောင်ကျွမ်းရခြင်းမှာ မသမာသူတို့၏ မီးရှို့မှုကြောင့်ဖြစ်နိုင်သည်ဟု ဒုက္ခသည်များက သံသယရှိနေကြသည်။
06 Mar 2023
DMG ၊ မတ် ၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ အူခီးယားမြိုနယ်၊ ဘာလူခါလီအမှတ်(၁၁) မွတ်ဆလင်ဒုက္ခသည်စခန်းတွင် ယမန်နေ့ မတ်လ ၅ ရက် နေ့လည် ၂ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အိမ်ခြေ ၂၀၀၀ ကျော်ခန့်ဆုံးရှုံးကာ မီးဘေးသင့်လူဦးရေ ၁၂၀၀၀ ခန့်ရှိကြောင်း သိရသည်။
မီးလောင်မှုကြောင့် ပျောက်ဆုံးနေသည့် လူဦးရေ ၂၀၀ ကျော်ကိုလည်း လက်ရှိတွင် လိုက်လံရှာဖွေမှုများ ပြုလုပ်နေသည်ဟု ကူတူပါလောင်စခန်းမှ မီလောင်ပြင်သို့ သွားရောက်ကြည့်ရှုခဲ့သူ ကိုစောယာဒ်အာလောမ်က DMG သို့ ပြောသည်။
“မနေ့က ၂ နာရီကျော်လောက်မှာ မီးလောင်တယ်။ ညနေ ၅ နာရီကျော်လောက်မှ မီးငြိမ်းသွားတယ်။ အဲဒီမှာ အိမ်ခြေ ၂၀၀၀ ကျော်ပါသွားတယ်။ မီးဘေးသင့်လူဦးရေ တစ်သောင်းနှစ်ကျော်ရှိပြီးတော့ ကလေးတွေအပါအဝင် လူဦးရေ ၂၀၀ ကျော်လောက် ပျောက်နေတယ်”ဟု ၎င်းကဆိုသည်။
မီးဘေးသင့်သူများမှာ လက်ရှိတွင် မီးလောင်သွားသည့်နေရာတွင် တာပေါ်လိတ်များခင်းကာ နေထိုင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ကိုစောယာဒ်အာလောမ်က ဆက်ပြောသည်။
“သူတို့က အဲဒီမီးလောင်တဲ့နေရာမှာပဲ တာပေါ်လိတ်တွေ ခင်းပြီးတော့ နေရတယ်။ အဓိက လိုအပ်နေတာကတော့ စားနပ်ရိက္ခာတွေပါ။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်း မရောက်သေးဘူး”ဟု ၎င်းကဆိုသည်။
ဒုက္ခသည်စခန်း မီးလောင်ကျွမ်းရခြင်းမှာ မသမာသူတို့၏ မီးရှို့မှုကြောင့်ဖြစ်နိုင်သည်ဟု ဒုက္ခသည်များက သံသယရှိနေကြသည်။
အဆိုပါ မီးလောင်မှုနှင့်ပတ်သက်ပြီး UNHCR Bangladesh ၏ ထုတ်ပြန်ချက်တွင် အိမ်ခြေ ၂၀၀၀ ကျော် ပျက်စီးဆုံး ရှုံးကာ လူဦးရေ ၁၂၀၀၀ ခန့်က မီးဘေးသင့်ခဲ့ရကြောင်းနှင့် ယင်းအထဲတွင် ဆေးရုံနှင့် သင်ကြားရေးစင်တာများ အပါအဝင် အဆောက်အဦး ၉၀ မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဘာလူခါလီအမှတ်(၁၁) မွတ်ဆလင်ဒုက္ခသည်စခန်းတွင် အိမ်ခြေ ၇၀၀၀ ကျော်ရှိပြီး လူဦးရေ ၃၀၀၀၀ ကျော်နေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါဒုက္ခသည်များမှာ ၂၀၁၇ ခုနှစ်က မောင်တောဒေသတွင် ARSA အဖွဲ့က ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည့် မွတ်ဆလင်ဒုက္ခသည်များဖြစ်သည်။
#R007