ပြည်သူများ ဘေးကင်းစွာ ခရီးသွားနိုင်ရန်အတွက် စစ်တွေ-ကျောက်ဖြူ အမြန်ရေယာဉ်များ တိုးချဲ့ပြေးဆွဲရန် လိုအပ်နေ

ရခိုင်ပြည်အတွင်း ရေလမ်းခရီးသွားလာရေးတွင် ပြည်သူများ ဘေးကင်းလုံခြုံစွာ ခရီးသွားလာနိုင်ရန်အတွက် စစ်တွေ-ကျောက်ဖြူခရီးစဉ်ကို အမြန်ရေယာဉ်များ တိုးချဲ့ပြေးဆွဲပေးရန် လိုအပ်နေကြောင်း ခရီးသွားများက ပြောဆိုသည်။

By Admin 18 Mar 2023

ပြည်သူများ ဘေးကင်းစွာ ခရီးသွားနိုင်ရန်အတွက် စစ်တွေ-ကျောက်ဖြူ အမြန်ရေယာဉ်များ တိုးချဲ့ပြေးဆွဲရန် လိုအပ်နေ

DMG ၊ မတ် ၁၈

ရခိုင်ပြည်အတွင်း ရေလမ်းခရီးသွားလာရေးတွင် ပြည်သူများ ဘေးကင်းလုံခြုံစွာ ခရီးသွားလာနိုင်ရန်အတွက် စစ်တွေ-ကျောက်ဖြူခရီးစဉ်ကို အမြန်ရေယာဉ်များ တိုးချဲ့ပြေးဆွဲပေးရန် လိုအပ်နေကြောင်း ခရီးသွားများကပြောဆိုသည်။

လက်ရှိမှာ စစ်တွေ-ကျောက်ဖြူ ရေလမ်းခရီးစဉ်ကို ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ် တစ်စီးသာရှိသဖြင့် ခရီးသည်များမှာ ပြည့်သိပ်စွာစီးနှင်းလိုက်ပါနေကြရသည့်အတွက် အန္တရာယ်ဖြစ်လာမည်ကို ခရီးသွားလာသူများက စိုးရိမ်နေကြသည်။

ရေယာဉ်တစ်စီးတည်းရှိသဖြင့် အရေးပေါ်ကိစ္စကြောင့် စစ်တွေမြို့သို့ ခရီးသွားလာမည်ဆိုပါက အလွယ်တကူ ထိုင်ခုံလက်မှတ်ရရှိရန် အခက်အခဲများကြုံတွေ့ရသည်ဟု ကျောက်ဖြူဒေသခံ မနှင်းမိုးဆွေက ပြောသည်။

“ခုံလက်မှတ်မရတဲ့အတွက် လေးရက်အထိ စောင့်ဆိုင်းခဲ့ရတယ်။ ခုံလက်မှတ် ရပြန်တော့လည်း လူတွေက ပြည့်ကျပ်နေတော့ ကြားခုံနဲ့ပဲ စီးခဲ့ရတယ်။ ကျမအနေနဲ့ ရွှေပြန်တန်ကို အပြစ်ပြောတာ မဟုတ်ဘူးပါဘူး။ ဒါကိုမစီးရင်လည်း ကျမတို့မှာ နောက်ထပ်ရွေးချယ်လို့ရမယ့်ဟာမှ မရှိတာ”ဟု မနှင်းမိုးဆွေက ပြောသည်။

စစ်တွေ-ကျောက်ဖြူခရီးစဉ်သို့ ရွှေပြည်တန်အမြန်ရေယာဉ်တစ်စီးဖြင့် တစ်ပတ် သုံးကြိမ်နှုန်း ပြေးဆွဲလျက်ရှိပြီး ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်ခရီးစဉ်အတွင်း လိုက်ပါစီးနှင်သည့် ခရီးသည်များမှာ ပြည့်ကျပ်စွာဖြင့် လိုက်ပါနေရကြောင်း သိရသည်။

ယင်းကြောင့် ရေလမ်းခရီးဖြင့်သွားလာနေကြသော ခရီးသည်များ အဆင်ပြေချောမွေ့ရန်နှင့် ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် ရေယာဉ်ထပ်တိုးပြေးဆွဲပေးရန် ခရီးသွားလာသူများက လိုလားနေကြသည်။

“ကျောက်ဖြူက ရခိုင်ပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ကြားခံမြို့ဖြစ်တယ်။ ဒီကြားခံမြို့လေးကို သွားရလာရခက်ခဲမယ်ဆိုရင် ခရီးသွားပြည်သူတွေအနေနဲ့ တော်တော်လေး အခက်အခဲဖြစ်တယ်။ ရွှေပြည်တန် တစ်ခုတည်းပဲရှိတယ်။ နောက်ပြီး ကစ္ဆနဒီကိုလည်း ပိတ်လိုက်တယ်၊ လေကြောင်းလိုင်းပါ ထပ်မရှိတော့ဘူးဆိုတော့ တော်တော်လေး အဆင်မပြေဖြစ်ကြပါတယ်”ဟု စစ်တွေမြို့တွင်နေထိုင်သူ ကိုဇေယျာကျော်ကပြောသည်။

ယခင်က စစ်တွေ-ကျောက်ဖြူ ရေကြောင်းခရီးစဉ်ကို ရွှေပြည်တန်အပြင် ကစ္ဆပနဒီရေယာဉ်နှင့်လည်း တစ်ပတ် (၂)ကြိမ်အထက် ပြေးဆွဲခဲ့ကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လစ၍ ကစ္ဆပနဒီရေယာဉ် ပြေးဆွဲမှုကိုရပ်တန့်ခဲ့ပြီး လက်ရှိတွင် ရွှေပြည်တန်အမြန်ရေယာဉ်တစ်စီးသာ ပြေးဆွဲနေခြင်းဖြစ်သည်။

စစ်တွေ-ကျောက်ဖြူခရီးစဉ် ရွှေပြည်တန်အမြန်ရေယာဉ်ပြေးဆွဲမှုကို ယခုနောက်ပိုင်း ရက်တိုးပြေးဆွဲမှုများ ရှိလာသော်လည်း ခရီးသွားလာသူများအတွက် လုံလောက်မှုမရှိသေးကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးတက်ရောက်နေသဖြင့် မအားလပ်သေးကြောင်း ပြောသဖြင့် တစ်စုံတစ်ရာ မသိရသေးပေ။

ရခိုင်ပြည်အတွင်း ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ တောင်ကုတ် စသည့်မြို့နယ်များကို ကုန်းလမ်းခရီးဖြင့် သွားလာနိုင်သော်လည်း လမ်းခရီးအခက်အခဲများကြောင့် ခရီးသည်များမှာ ရေလမ်းခရီးကိုသာ အဓိက အသုံးပြုသွားလာနေကြသည်။

ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်းဒေသတစ်ခု ဖြစ်သည်နှင့်အညီ မိုးများပြီး လေပြင်းတိုက်ခတ်မှုများ ရှိသည်။

#I008

ဗီဒီယိုများ